Kiss Husband - 100
အပိုင်း (၁၀၀) ရှင်က ကျွန်မသဘောကျတဲ့သူမို့။
ရွှီယိကျစ်က ပုစွန်အခွံခွာကာ လင်ရှီး၏ပန်ကန်ထဲ ထည့်ပေးလိုက်လျှင် သူမ အားပါးတရစားလိုက်သည်ကို မြင်ရသည်။ မသိလိုက်ခင်မှာပဲ သူလည်း စားသောက်ချင်စိတ်ရှိလာသော်လည်း သူ့တူများကို မရွှေ့သေး။
လင်ရှီးက လျှာတစ်လစ်ထုတ်ကာ 'စပ်လိုက်တာ'ဟု အော်နေရင်း တစ်ဖက်ကလည်း ပန်းကန်လုံးထဲရှိအသားကို တူဖြင့်ညှပ်ထားသေးသည်။
"ဒီဆိုင်က ဟော့ပေါ့က ကောင်းတယ်၊ ဒါပေမယ့် အရမ်းစပ်လွန်းတယ်၊ ကျွန်မက အစပ်နည်းနည်းလေးပဲလိုချင်တာပါ! ရှင် ဘာလို့မစားတာလဲ၊ ရှင်ရောစပ်လို့လား။"
ထိုအမျိုးသား၏မျက်လုံးများထဲ ချွဲခွင့်ပေးထားသော အကြည့်များ ဖြတ်ခနဲပြေးသွားသည်။
"ကိုယ် မင်းစားတာကို ကြည့်နေရတာ ကြိုက်လို့။"
လင်ရှီးမှာ သူ့မျက်လုံးများထဲ မကြည့်ရဲ၊ သူမနှလုံးသားလေးမှာတော့ သမင်လေးတစ်ကောင် ခုန်တိုက်သွားသည့်အလား။ နောက်ဆုံးတစ်ခေါက် သူမ ယိကျစ်ကို နမ်းလိုက်ကတည်းက သူမ အနည်းငယ် ထူးဆန်းနေသည်၊ သူမ သေချာပေါက် ရင်ထဲထိသွားသော်လည်း သူ့မျက်လုံးများတည့်တည့်မကြည့်ရဲပေ။ သူက သူမအမျိုးသားဖြစ်နေသည်မှာ အထင်အရှားပင်ဖြစ်၍ သူတို့ တစ်ညပြီးတစ်ည "အတူတူအိပ်"ကြသော်ငြား သူမမှာ မချစ်ဖူးသည့် ကောင်မလေးတစ်ယောက်လိုပင်။
သူမ ခေါင်းကိုငုံ့ထားရင်း အစားကိုသာ အာရုံစိုက်နေသည်။
အချိန်အတော်ကြာ ရုန်းကန်စားသောက်ပြီးနောက် သူမ ဗိုက်ဖောင်းနေလေပြီ။ သူမ ထပ်စားလျှင် သားရည်လုံးလေးအဖြစ် ပြောင်းသွားပေလိမ့်မည်။
သူမ စားပြီးမှ သတိထားမိသွားပုံရကာ။
"အာ~ ကျွန်မ တကယ်ကြီးဒါတွေအကုန်စားလိုက်တာလား၊ ယိကျစ် ရှင်တကယ်တစ်လုပ်မှမစားခဲ့ဘူးလား။"
ရွှီယိကျစ် ခေါင်းညိမ့်လိုက်လျှင် လင်ရှီး၏လည်ချောင်းမှာ အပေါ်အောက်ဆန်တက်သွားရပြီး အနည်းငယ်ရှက်သွားလေသည်။ သူမချက်ချင်း ခေါင်းငိုက်စိုက်ကျသွားရသည်။