CH -35

4.4K 667 2
                                    


ချင်ကဲ၏ အခန်းမှာ ဧည့်ခန်းပါသည့် ဟိုတယ်ခန်း အမျိုးအစားဖြစ်သည်.။
ဧည့်ခန်းလေးအား ဖြတ်သန်းပြီးနောက် အတွင်းဘက်သို့ အနည်းငယ်ဆက်ဝင်သွားသည်နှင့် နှစ်ယောက်အိပ် ကုတင်ပါသည့် အိပ်ခန်းအားတွေ့ရ၏။
ဟိုတယ်ခန်းမှာ သူ၏အိမ်ကဲ့သို့ သပ်ရပ်သန့်ရှင်းနေ၏.။ပစ္စည်းအားလုံးသည် သူ့နေရာနှင့်သူ စနစ်တကျ ရှိ၏.။ဧည့်ခန်းရှိကော်ဖီစားပွဲပေါ်တွင် ရေတစ်ဘူးနှင့် ဇာတ်ညွှန်းစာရွက်များ ပြန့်ကြဲနေသည်သာ ရှိသည်။ထိုပစ္စည်းများမှ လွဲ၍ အမှိုက်တစ်စပင်မရှိ။
ချင်ကဲသည် အဝတ်အိတ်အား အိပ်ခန်းအတွင်းသို့ တွန်းပို့ပြီးနောက် ခေါင်းလှည့်ကာလှမ်းမေးသည်.။
“ရေအရင် ချိုးလိုက်မလား ?။”
စုန့်ယွင်ရန် အံ့ဩမိန်းမောနေရာမှ အပြည့်အဝ သတိမဝင်လာသေး။
ထို့ကြောင့် ချင်ကဲစကားအား နာခံပြီး ရေချိုးခန်းသုံးပစ္စည်းများအားယူက ရေချိုးခန်းအတွင်း ဝင်သွားလေသည်။
ပိုက်ခေါင်းမှ ပန်းထွက်လာသော ရေပူများက သူ့အား အသိစိတ်ပြန်သွင်းပေးလိုက်၏။
ထိုအချိန်တွင် သူ၏ ဦးနှောက်ထဲ၌ ထိတ်လန့်ဖွယ်ရာ အတွေးတစ်ချို့ က မဖိတ်ခေါ်ရဘဲ ဝင်လာ လေတော့၏.။
အခန်းထဲမှာ နှစ်ယောက်အိပ်ကုတင်တစ်လုံးပဲ ရှိတာ..
ဧည့်ခန်းထဲမှာရှိတဲ့ ဆိုဖာကလည်း သုံးပေထက် ပိုရှည်မှာ မဟုတ်ဘူး။
ငါပဲဖြစ်ဖြစ် ချင်ကဲ ဖြစ်ဖြစ် အိပ်လို့အဆင်ပြေမှာမဟုတ်ဘူး။
အဲဒါဆို
ငါ ချင်ကဲနဲ့ ဒီနေ့ည အတူတူအိပ်ရတော့မှာလား?။
စုန့်ယွင်ရန်သည် စိတ်ထဲတွင်တစ်ယောက်တည်း ကြိတ်၍ကြေကွဲနေတော့၏.။
ငါဘာလို့ ဒီအခန်းထဲမှာ အိပ်ဖို့ သဘောတူလိုက်မိပါလိမ့်။
ရေချိုးပြီးရင်တော့ လက်ထောက်တန်ကို အခြားဟိုတယ်တစ်ခု ရှာခိုင်းရမယ်။အဲ့ဒါက ပိုအဆင်ပြေလိမ့် မယ်ထင်တယ်.။
စုန့်ယွင်ရန်မှာ ဆုပ်လည်းစူး စားလည်းရူးအခြေအနေသို့ရုတ်တရက်ကျရောက်သွား၏။
ညသန်းခေါင်ယံတွင် ချင်ကဲသည် လူယုတ်မာ တစ်ယောက်ဖြစ်လာမည့်အရေးအား ကြောက်ရွံ့နေသော် လည်း သူထိုကိစ္စအတွက် နေရထိုင်ရခက်ကာ ကြောက်ရွံ့နေကြောင်းလည်း လူမသိစေချင်ပြန်။
ဒါက ချင်ကဲရဲ့ ကြိုတင်ကြံစည်မှု့တွေထဲက တစ်ချို့များလား?။
သူက စာအုပ်ထဲက ဇာတ်လိုက်မင်းသားဆိုတော့ လူတွေရဲ့နှလုံးသားကို ဘယ်လို လှည့်ဖျားပြီး ကစား ရမယ် ဆိုတဲ့နေရာမှာ ဆရာကျမှာ.။
ငါ့ကိုလည်း သူလှည့်ဖျားမည့် လူထဲထည့်ထားပြီးပြီလားမသိဘူး။
မိုးရွာနေတဲ့ညတစ်ည၊ အထီးကျန်နေတဲ့လူတစ်ယောက်နဲ့ ပြတင်းပေါက်တစ်ခုပဲရှိတဲ့ အခန်းထဲမှာ အတူတူနေရမှာ.
ချင်ကဲလို အချစ်အကြောင်းကို တယုတယလုပ်တတ်တဲ့ဆို ဒီနေ့ရဲ့ ရာသီဥတုအခြေအနေ ပတ်ဝန်းကျင် အနေအထားနဲ့ ဆို ငါ့ကိုချစ်ကြောင်း ဖွင့်ဟဝန်ခံဖို့ တွေးနေလောက်တယ်။
ငါအခု ရေချိုးခန်းထဲက အပြင်ထွက်လိုက်ရင် ချင်ကဲက ငါ့ကို မြူဆွယ်ဖို့ ဟန်ပြင်ထားနေလေမလား မသိ။
ထိုသို့စဉ်းစားလိုက်မိသည်နှင့် စုန့်ယွင်ရန်သည် အထင်သေးသည့်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်၏။
ဟမ့် ဒီဖေဖေက ရေချိုးခန်းတံခါးဖွင့်ပြီးတော့ကို မင်းရဲ့ စိတ်ကူးယဉ်အတွေးတွေကို ဖျက်ဆီးပစ်လိုက်ဉီး မှာ။
အပြန်အလှန်လှန် သုံးသပ်အဖြေရှာပြင်ဆင်ပြီးနောက် တွန့်ဆုတ်မနေတော့ဘဲ တံခါးဖွင့်၍ ဝင့်ဝင့် ကြွားကြွား ထွက်လိုက်တော့၏။
အပြင်သို့ရောက်သည်နှင့် ချင်ကဲသည် ဆိုဖာပေါ်တွင်ထိုင်နေပြီး လက်ထဲတွင်ကိုင်ထားသော ဇာတ်ညွှန်း အား  ခေါင်းငုံ့၍ ဖတ်နေသည်ကို တွေ့လိုက်ရ၏။
ဇာတ်လမ်းထဲတွင် နစ်မြောနေသော အနုပညာရှင်ပုံသာ ပေါက်နေလေသည်.
စုန့်ယွင်ရန်၏ အတွေးထဲက မှန်းထားသည်နှင့် လားလားမျှပင်မတူ။စုန့်ယွင်ရန်သည် တစ်စုံတစ်ခု ဆုံးရှုံးလိုက်ရသကဲ့သို့ အနည်းငယ်ခံစားလိုက်ရ၏..။
ဧည့်ခန်းဆီသို့လျှောက်သွားကာ ထိုင်လိုက်ပြီး အနည်းငယ် တွေးပြီးနောက် မဝံ့မရဲမေးလိုက်တော့သည်။
“ည ကိုးနာရီတောင် ထိုးနေပြီလေ ဒီည ဇာတ်ညွှန်းပဲ ဆက်ဖတ်နေတော့မှာလားဟင် ?”
"အမ် ?"
ချင်ကဲသည် မျက်လုံးအားပင့်၍ စုန့်ယွင်ရန်သည် ညွှန်ကြားချက်များ ထုတ်ရသည်အား သဘောကျသည် ကို အမှတ်ရပြီးနောက် မေးလိုက်၏။
“ကျွန်တော့်ကို ဉက္ကဌလေးနဲ့ ဘာလုပ်စေချင်လို့လဲဗျ?”
စုန့်ယွင်ရန် ကိုယ့်စကားနှင့်ကိုယ် ပြန်ပိတ်မိပြီ(ကိုယ့်အတတ်ကိုယ်စူး) ဟု ခံစားလိုက်ရပြီးနောက် မျက်နှာတစ်ခုလုံး  ရှက်စိတ်ကြောင့်နီရဲလာလေသည်။
ငါ ဘာတွေ ပြောလိုက်မိတာပါလိမ့်။ ဘယ်လိုလုပ်ရပါ့။ဘာဆက်ပြောရပါ့။ဘာဆက်လုပ်ရတော့မှာလဲလို့။ ဂွတော့ ကျပါပြီ။ထူးဆန်းတဲ့ မေးခွန်းကြီး ငါမေးလိုက်မိပြီ။
မျက်နှာအား တဘက်ဖြင့် ကာလိုက်ပြီးနောက် စိုနေသော ဆံပင်အား ရေသုတ်ကာ
“ခင်ဗျားအရမ်း ကြိုးစားနေတာတွေ့လို့ မေးလိုက်တဲ့ သဘောပါ”
ချင်ကဲသည် ပြုံးလိုက်ပြီး သူ၏ မျက်လုံးများက စုန့်ယွင်ရန် လည်ပင်းထက်ရှိ ရေစိုနေသော အနက်ရောင် ဆံပင်လေးထက်တွင် ရပ်တန့်သွားလေ၏.။အခြားလူ မရိပ်မိခင် မျက်နှာအမြန်လွှဲလိုက်ကာ “အိပ်ချင်နေတယ်ဆို အရင်သွားအိပ်လိုက်တော့လေ။လက်ထောက်တန်နဲ့ ကျွန်တော် ကျုံးရှောင်ဖန်း ကို သွားတွေ့လိုက်ပါ့မယ်။”
“ကျွန်တော်လည်းသွားမှာ”
စုန့်ယွင်ရန်သည် အဆုံးတွင် ဒီနေရာသို့ ရောက်လာရသည့် ကိစ္စမှာ စီးပွားရေးကိစ္စကြောင့် ဖြစ်ကြောင်း ပြန်လည်အမှတ်ရသွားတော့၏။
ချင်ကဲ ; “တပြိုင်နက်ထဲ လူအများကြီး သူ့ကိုသွားတွေ့လိုက်ရင် သူ ထပ်ပြီး စိတ်ဖိစီးသွားလိမ့်မယ်လေ”
စုန့်ယွင်ရန် ; “ အဲဒါဆို လက်ထောက်တန်ကို ခပ်ဝေးဝေးမှာ နေခိုင်းမှ ဖြစ်မယ်.။သူမျက်နှာက သိတဲ့ အတိုင်း ဖော်ဖော်ရွေရွေရှိတဲ့ပုံမပေါက်ဘူးလေ။ကျုံးရှောင်ဖန်းကိုသူ ခြောက်လန့်မိလိမ့်မယ်။”
ချင်ကဲသည် အချိန်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက်
“ ဉက္ကဌလေး အိပ်ပြီးအနားယူ ဖို့မလိုတာ သေချာရဲ့လား?”
“အင်း မလိုဘူး။စောနတုန်းကတော့ ရထားနဲ့ လာရလို့ပင်ပန်းနေတာ။ အခုတော့ အတော်လေး လန်းလန်းဆန်းဆန်းရှိသွားပြီရယ်။”
စုန့်ယွင်ရန် ခေါင်းသုတ်နေသည့် တဘက်အား  ဘေးသို့ ပစ်ချလိုက်ပြီးနောက် သူ့လက်ချက်ဖြင့် ရှုပ်ပွနေသည့် ဆံပင်အား လစ်လျူရှု့ကာ “ ကျွန်တော် တစ်ရက်လောက်မအိပ်ရတာက ဘာမှ မဖြစ်ဘူး.။ခင်ဗျားလည်း ငယ်ငယ်လေးရှိသေးတာကို အိပ်ရေးပျက်တာကို တောင့်မခံနိုင်လောက်အောင် ကို အားမရှိဘူးလား?။အာ။ဒါဆို ခင်ဗျားအတွက် အားဆေးတို့ အိပ်ရေးပျက်လို့ ပျက်စီးသွားမည့် အသားအရေတွေ ထိန်းသိမ်းဖို့ အလှကုန်ပစ္စည်းတွေ ပို့ပေးဖို့ ကုမ္ပဏီကလူတွေကို ပြောလိုက်ရမလား?”
ထိုစကားဆိုပြီးနောက် လေထုထဲတွင် သံသယဖြစ်ဖွယ်ကောင်းသည့် ဖိနှိပ်လိုသော အရိပ်ယောင်များ မြင့်တက်လာတော့သည်။
ချင်ကဲသည်ကား ဘာစကားမှ မဆိုဘဲ သူ့အား စိုက်ကြည့်နေလေသည်.။
"..."
စုန့်ယွင်ရန်သည်  ထိုအကြည့်ကြောင့် သူ့ကိုယ်သူအပြစ်ရှိသွားပြီဟု ခံစားလိုက်ရပြီး ချင်ကဲသူ့အား သက်သေပြမည့်အရေးမှ လက်မတင်လေးရှောင်ပြေးနိုင်ရန် မြန်မြန်လှုပ်ရှားလိုက်တော့၏။သူ့၏ ဖုန်းအား အမြန်ကောက်ကိုင်ကာ  လက်ထောက်တန်ထံ ချက်ချင်း စာပို့လိုက်တော့သည်။
“ဘာလုပ်နေလဲ.။ဒီကို တက်လာနေတာလား.”
ထိုအချိန်တွင် အောက်ထပ်ရှိ ဟိုတယ်ခန်း၌..
အပေါ်ထပ်သို့ တက်ရန်ပြင်နေသည့် လက်ထောက်တန်သည် လှုပ်ရှားမှုများအား ရပ်လိုက်ပြီး ဖုန်းအား ကြည့်လိုက်၏။
“ရှောင်စုန့်က လှမ်းပြောတယ်.ငါ့ကို တက်မလာခဲ့နဲ့တော့တဲ့.။သူနဲ့ ချင်ကဲပဲ ကျုံးရှောင်ဖန်းဆီ သွားလိုက်တော့မယ်တဲ့။”
“ဂျွတ်…”
ရှောင်ခယ့်သည် သူ့ပါးစပ်ထဲရှိ အာလူးကြော်လေးအား ဝါးစားလိုက်ပြီး တွန့်တွန့်ဆုတ်ဆုတ်နှင့်
“လက်ထောက်တန်ခင်ဗျ ။ ကျွန်တော်မေးခွန်းလေး တစ်ခုလောက်မေးချင်လို့ပါ။ ကျွန်တော့်ကို အကြံလေးများ ပေးနိုင်မလားဗျာ”
“ပြောလေ”
“ချင်ကဲက ကုမ္ပဏီရဲ့ အနုပညာတစ်ယောက်လေ။သူ့မှာ ကျုံးရှောင်ဖန်းကို ဆွဲထားပေးဖို့ တာဝန် ရှိတယ်ပဲထားပါ။ဒီတစ်လောအတွင်း သူ့မှာ ရိုက်ကူးရေးကြောင့် ပင်ပန်းနေတာလေ။ဒီနေ့မှ ခက်ခက်ခဲခဲ နားရက်ရတာကို.။အခုရှောင်စုန့်လဲ ရောက်နေပြီလေဉစ္စာ။ ဘာလို့သူက အနားမယူဘဲ ရှောင်စုန့်ရဲ့ အလုပ်ကိစ္စကို ကူညီပေးနေရတာတုန်းဗျ။”
လက်ထောက်တန်သည် မျက်မှန်အား ပင့်တင်လိုက်ပြီး “ ကျုံးရှောင်ဖန်းက သူမိတ်ဆက်ပေးတဲ့ လူလေ။ အခုသူက ထွက်ပြေးလာတယ်ဆိုတော့ သူ့တာဝန်ယူပြီး ဖျောင်းဖျပေးချင်လို့နေမှာပေါ့။ အဲ့တာ ဘာများ မှားနေလို့လဲ ?”
ရှောင်ခယ့်သည် ခေါင်းလှည့်ကြည့်၍ “တကယ်ပဲ အဲ့အကြောင်းအရင်းတစ်ခုပဲ ရှိတာလား?။”
ဘာလို့ငါကတော့ ဒီလောက်ရိုးရှင်းလိမ့်မယ်လို့ မခံစားရတာပါလိမ့်။
“အေးလေ။ အဲ့ အကြောင်းကြောင့်ပဲပေါ့ကွ ။”
လက်ထောက်တန်သည် ရှစ်ခေါက်ချိုးထားသောသုန်မှုန်နေသည့် မျက်နှာ… ဝေဖန်လိုဟန်ရှိသည့် အသံနက်နက်ဖြင့် “အဲ့ အကြောင်းကို ဆက်ပြီး နက်နက်နဲနဲ မစဉ်းစားတဲ့တော့။အဲဒါ ငပျင်းတွေ အချိန်ဖြုန်းတာနဲ့ အတူတူပဲ..။ဆက်စဉ်းစားမဲ့အစား ကိုယ့်ကိုယ်ကို တိုးတက်အောင် သင်တန်းတစ်ခုခု သွားတက်လိုက်။”
ရှောင်ခယ့်  ; “……?”
လက်ထောက်တန်သည်နာကျင်ကြေကွဲနေဟန်ဖြင့် “ အဲ့လိုမှ မဟုတ်ရင် နှစ်ကုန်ဆုကြေးလေးကို တာ့တာ ပြရလိမ့်မယ်ဟ..။”
စုန့်ယွင်ရန်သည် ဖိန်ကျိုးအား တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
အချိန်အတော်ကြာ မတွေ့ရကြာပြီဖြစ်သည့် ဖိန်ကျိုးက သူ့အား စိတ်လှုပ်တရှားနှင့် ရိုရိုသေသေ နှုတ်ဆက်မည် ကိုကား ပို၍ မျှော်လင့်ထားချေ.။
“ဉက္ကဌရှောင်စုန့်ခင်ဗျ .။ မတွေ့တာအတော်ကြာပြီနော်ဗျ.”
ဖိန်ကျိုးသည်သူ့လက်အား တက်တက်ကြွကြွကြီးပင်ဆွဲကာ အထက်အောက်လှုပ်၍ နှုတ်ဆက်လေ၏.။
“အခုတလောရော အခြေအနေဘယ်လိုရှိလဲဗျ..?”
စုန့်ယွင်ရန်မှာ စိတ်ရှုပ်နေလေ၏.။
သူ၏ ပထမဉီးဆုံး လှုပ်ရှားမှုမှာ  ဖိန်ကျိုး၏ ဘောင်းဘီအိတ်ထောင်အား ကြည့်လိုက်ခြင်းပင်။
ဖိန်ကျိုးက အမြန်ပင် ဖြေရှင်းစကားဆို၏.။
“ကျွန်တော့်ဖုန်းက TV စင်ပေါ်မှာပါ.။ကျွန်တော် အသံမသွင်းတော့ပါဘူးဗျ.”
“ .....အိုး..ခင်ဗျားရဲ့ ဆဌမ အာရုံက မဆိုးဘူးဘဲ”
သို့သော် စုန့်ယွင်ရန်မှာ အဘယ်ကြောင့် ထိုလူ ဤမျှတက်ကြွနေသည်ကိုကား နားမလည်နိုင်သေး။
သူ စိတ်ရှုပ်နေဆဲ တခဏတွင် သူ့ဘေးရှိ ချင်ကဲ အေးစက်စက်မေးခွန်းထုတ်လိုက်၏။
“လက်ဆွဲနှုတ်ဆက်လို့ မပြီးသးဘူးလား ?။”
“အာ ဟုတ် ပြီးပါပြီဗျ..အလုပ်ကိစ္စ ပြောချင်ဇောအားကြီးသွားလို့ပါဗျာ..”
ထိုစကားဆိုပြီးသည်နှင့် စုန့်ယွင်ရန်၏ လက်အားလွှတ်ပေးလိုက်ကာ မူလက သူထိုင်နေသည့် ပုံစံ အတိုင်း ပြန်ထိုင်လိုက်တော့၏.။
စုန့်ယွင်ရန်နှင့်  ချင်ကဲလည်း ထိုင်လိုက်ကြတော့၏။
သူတို့နှစ်ဉီးလုံး၏ အကြည့်သည်ကား ထွက်ပြေးလာသည့် ဂလက်ဆီ၏ ဇာတ်ညွှန်းရေးဆရာ ၏ မျက်နှာထက်တွင်…
ကျူံးရှောင်ဖန်သည် လက်ထောက်တန် မဟုတ်သည့်  စုန့်ယွင်ရန်အား မြင်လိုက်ရသည့်အခါ ကြောက်စိတ်လျော့သွားကာ အနည်းငယ်စိတ်သက်သာရာရသွားတော့၏.။
ခေါင်းအားမော့ကာ ခပ်ရှက်ရှက်နှင့် မျက်နှာချိုသွေး ပြုံးပြလိုက်လေတော့သည်။
စုန့်ယွင်ရန်သည် ဖိန်ကျိုးတစ်ယောက် ကျုံးရှောင်ဖန်းအား မည်သို့မည်ပုံ ပြောနေသည်အား သိလိုသဖြင့်
“ခင်ဗျား ဆက်ပြောမှာလား” ဟု ဖိန်ကျိုးအား စကားစ ဆက်ပေးလိုက်တော့၏.။
ဖိန်ကျိုး  ; “ ဟုတ်ကဲ့…  ဒါနဲ့လေကျွန်တော်တို့ ပြောလက်စလေးက ဘယ်နားရောက်သွားပြီလဲ..?”
ကျုံးရှောင်ဖန်းသည် စဉ်းစား၍ စကားစ ဖော်ပေးလိုက်တော့၏။
“ဂလက်ဆီနဲ့ စာချုပ်ဖျက်ပြီးပြီဆိုတဲ့နေရာ ရောက်နေပြီလေ..”
စုန့်ယွင်ရန်  ; “ ????”
အချိန်ဘယ်လောက်တောင်ကြာနေပြီတုန်း…အခုမှ ဒီနေရာပဲ ရှိသေးတယ်.. ရှေ့တုန်းက အချိန်တွေတုန်းက ဘာလုပ်နေကြတာတုန်း..?!!
ဖိန်ကျိုးသည် ခါးရိုးအား ကွေးချလိုက်ကာ တံတောင်အား သူ့ဒူးပေါ်တွင် ထောက်ချလိုက်ပြီး စကား အရှည်ကြီး ပြောတော့မည့်ဟန်ပြင်လိုက်တော့၏.။
“ဂလက်ဆီကနေလဲ ထွက်လာရောဗျာ.. ငါတော့ အပြောင်းအလဲ ကြီးကြီးမားမား လုပ်ဖို့ အခွင့်အရေး ရပြီဆိုပြီး ပျော်နေတာပေါ့..ငါ့အနာဂတ်ကြီးတော့ တောက်ပတော့မယ်လို့ ထင်လိုက်တာပေါ့လေ..ဒါပေမဲ့ ကျွန်တော် စိတ်ကူးနဲ့လက်တွေ့ တစ်ခြားစီဖြစ်ခဲ့တာပေါ့ဗျာ။ကုမ္ပဏီအသစ်က ကျွန်တော့်ကို ကြိုဆိုပွဲ လည်း လုပ်ပေးပြီးရော ကျွန်တော် ဘာဆက်ဖြစ်လဲသိလား..?”
ကျုံးရှောင်ဖန်း ; “ အိုး ဘာဆက်ဖြစ်လဲ  ဆက်ပြော ဆက်ပြော..”
ဖိန်ကျိုး ; “ ကုမ္ပဏီ အသစ်က ကျွန်တော့်အပေါ်  အရမ်းကောင်းပါတယ်။ ကုမ္ပဏီကို ဝင်ခါစပဲ ရှိသေး တယ် ကျွန်တော့်ဖို့ မြို့ပြကား  ခေတ်ဆန်ဆန်ပေါ့ဗျာ ..အဲ့ကားရဲ့ ခေါင်းဆောင်မင်းသားနေရာ စီစဉ်ပေးတယ်ဗျ..”
ကျုံးရှောင်ဖန်း ; “ အဲဒါ ကောင်းတဲ့ကိစ္စပါဗျ..”
ဖိန်ကျိုး ; “ ဆက်ပြောဉီးမယ် နားထောင်ဉီး.. ကျွန်တော်အဲ့ကား ရိုက်ကူးရေးစလုပ်တဲ့နေ့တင် အဲ့ကားရဲ့ ဒါရိုက်တာက ကျွန်တော့်ကို ဆိုးဆိုးဝါးဝါးကို ဆူလိုက်ဆဲလိုက်တာဗျာ ..”
ကျုံးရှောင်ဖန်း ;  “ ဘာလို့ ခင်ဗျားကို ဆဲတာတဲ့လဲ?”
ဖိန်ကျိုး ; “ ဒါရိုက်တာက ကျွန်တော့်ကို ဉက္ကဌဘတ် နေရာ ရာ သရုပ်ဆောင်ခိုင်းတာကို ဉက္ကဌဘတ်နဲ့ မတူလို့တဲ့ဗျ…”
ကျုံးရှောင်ဖန်း  ; “ အိုး  ဒါကတော့ မှတ်ချက်ကောင်း ဘယ်ဟုတ်မလဲနော်..”
စုန့်ယွင်ရန် ; “…….”
စုန့်ယွင်ရန်သည် ခေါင်းလှည့်၍ ချင်ကဲထံ အကြည့်ပို့လိုက်၏။ချင်ကဲသည်လည်း မျက်ခုံးပင့်ကာ သူ့အား ကြည့်နေလေရာ နှစ်ဦးသား အကြည့်ချင်းဆုံသွားလေတော့သည်။နှစ်ဉီးစလုံး၏ မျက်ဝန်းထဲတွင် ပါးစပ် ဆယ်ပေါက်ရှိလျင်တောင် ပြောစရာစကား ရှာမတွေ့ပါသော အဓိပ္ပါယ် များနှင့် ပြည့်နှက် နေလေတော့ သည်။
ထို ခဏ၌ စုန့်ယွင်ရန် အလင်းပွင့်သွားတော့၏။
ဤ အခန်းထဲတွင် သူနှင့်ချင်ကဲ နှစ်ဉီးတည်းသာ ပုံမှန် IQ ရှိကြသောလူများဟူ၍…
“ခင်များတို့နှစ်ယောက် တစ်ယောက်စကားပြောနေတုန်း ဖြတ်ပြီးစကားပြောတာလေး ရပ်လိုက်ကြလို့ မရဘူးလား”။
ထိုင်ခုံလက်တန်းအား  စိတ်မရှည်တော့ဟန်ဖြင့် ခေါက်ကာ “အဓိက အချက်ကိုပဲ ပြောလိုက်တော့” ဟု စုန့်ယွင်ရန် ဝင်၍ ပြောလေတော့၏။
ဖိန်ကျိုးသည်ကား မစ္စတာစုန့်စကားအား နားမထောင်ဘဲ မနေရဲရှာ.။
ထို့ကြောင့် သူ၏ စကားပြောသည့် အမြန်နှုန်းအားတိုးလိုက်ကာ အသက်တစ်ရှိုက်စာအတွင်း တရစပ် ဆိုလေတော့၏။
“အဲ့လိုနဲ့ပေါ့ဗျာ ရိုက်ကူးရေးက  ရက်အတော်ကြာနှောင့်နှေးသွားပါလေရော.။ဇာတ်ကားကို ရင်းနှီးမြှုပ်နှံ ထားတဲ့လူတွေကလည်း ကျွန်တော့်ကို ဘယ်ကြည်ပါတော့မလဲ။ရိုက်ကူးရေးကနေ ကန်ထုတ်တော့တာ ပေါ့.။ကျွန်တော့ အေးဂျင့်ကလည်း ဘာစိတ်ကူးပေါက်တယ်မသိပါဘူး။နောက်ဇာတ်လမ်းတစ်ခု ထပ်ရိုက် ဖို့ အတင်းကို စာချုပ်မှာ လက်မှတ်ထိုးခိုင်းပါလေရော.။အဲ့စာချုပ်ကြောင့် ကျွန်တော် အခု ဒီရိုက်ကူးရေး ထဲ ရောက်လာတာပေါ့ဗျာ.”
ကျုံးရှောင်ဖန်း၏ နှလုံးသားလေးမှာ ထိုစကားကြားပြီးနောက် တုန်တုန်ယင်ယင်ဖြစ်သွားတော့၏.။ ဖိန်ကျိုး အပေါ်ပိုမို၍ ကိုယ်ချင်းစာနာမိလာကာ “ရှုန်းတိ  ခင်ဗျားလည်း ကျွန်တော်နဲ့ ဘဝတူပဲကိုးဗျ မလုပ်ချင်တဲ့ အလုပ်ကို အတင်းအကျပ် လုပ်ခိုင်းခံရတာပဲနော်”
သူ၏ လက်ကောက်ဝတ်အား သူပြန်ညစ်ကာ ခေါင်းတခါခါ သက်ပြင်း တချတချနှင့် ဆက်ဆိုလေသည်။
“ဒါကြောင့်မို့ ခင်ဗျားက ကျွန်တော့်ကို အခက်အခဲတွေကနေ ဝေးဝေးပြေးတော့လို့ ပြောချင်တာမလား.?”
“ဘာတွေလောနေတာလဲ..။ကျွန်တော်ပြောလို့ မပြီးသေးဘူး။ပြောတာ ဆက်နားထောင်”
ဖိန်ကျိုး က ဆက်၍
“အခု ကျွန်တော်တို့ ရိုက်နေတဲ့ ရုပ်ရှင်ရဲ့နာမည်က "The Story of Aquatic Town" တဲ့။ အမျိုးအစား ကတော့ ကျေးလက်ဒရမ်မာ အမျိုးအစား။ဒီရိုက်ကူးရေးကို ကျွန်တော်စရောက်တော့ မစ္စတာစုန့် ကျွန်တော့်ကို ပြောခဲ့ဖူးတဲ့စကားကို နားထဲတန်းကြားတော့တာပဲ။ရောက်ခါစကတော့ ကျွန်တော်လည်း အတော်လေး ကသိကအောက်ဖြစ်တာပေါ့.။ဘာလို့ ဒီဇာတ်လမ်းထဲ မှာ ငါဝင်ပြီး သရုပ်ဆောင်ရတာလဲ ဘာလဲ ပေါ့ဗျာ.။တစ်လ လောက်လဲကြာရော ဘာဖြစ်လာလဲ သိလား..”
စုန့်ယွင်ရန် မနေနိုင်မနေထိုင်နိုင်ဖြစ်လာကာ စပ်စုလိုဟန်နှင့် ဝင်မေးလေတော့၏.
“ဘာဖြစ်သွားတာလဲ..?။”
ထိုစကားအား မေးပြီးသည်နှင့် ရှက်ရှက်နှင့် ချောင်းဟန့် မိလိုက်တော့၏.။
ကတောက် .. ငါလည်း ကျုံးရှောင်ဖန်း အနွယ်ဝင် ဖြစ်သွားပြီ.. ဒီ ဖိန်ကျိုး က တစ်ခုခုတော့ တစ်ခုခုပဲ..
ဖိန်ကျိုးသည် ရှက်ပြုံးလေးပြုံးကာ သူ့ဘက်လှည့်ကြည့်၍ ; “ မစ္စတာစုန့်ရယ် အဲ့မှာတင် ခင်ဗျားစကား မှန်ကြောင်း ကျွန်တော်သိလိုက်ရတော့တာပဲ.။ကျွန်တော်က ကျေးလက်ဇာတ်လမ်း ပုံစံနဲ့ အတော် လိုက် တာကိုးဗျ.။ကျွန်တော် ဒီဇာတ်လမ်းမှာ စပါကတည်း ဒါရိုက်တာကြီးနဲ့ ပရိုဂျူဆာကြီးက ချီးကျူးလိုက် တာများဗျာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်းက ကျွန်တော်ကြားရတဲ့ ချီးကျူးစကားအရေအတွက် တွေ အားလုံး ထက်တောင် အဲ့တစ်လ အတွင်းကြားခဲ့ရတဲ့ ချီးကျူးစကားအရေအတွက်က များလိမ့်ဉီးမယ်ဗျ..”
စုန့်ယွင်ရန်မှာ မည်သို့မှ မတတ်နိုင်တော့ဘဲ ဖိန်ကျိုးကိုသာ တွေတွေကြီး စိုက်ကြည့်မိလိုက်တော့၏.။
သူသည် ဖိန်ကျိုးအပေါ် သူ၏ အမြင်အတိုင်း အကြံပေးခဲ့ဖြင်းဖြစ်သော်လည်း ဤ မျှအကျိုး သက်ရောက် သွားလိမ့်မည်ဟု သူမထင်ခဲ့ပေ.။
ဖိန်ကျိုးသည် ကျုံးရှောင်ဖန်းဘက်သို့ လှည့်ကြည့်ကာ စကားဆက်ဆိုလေသည်.။
“ကျွန်တော် အခု ရိုက်ကူးရေးကို ရောက်စကတော့ မျက်မှောင်တကြုတ်ကြုတ်နဲ့ပေါ့ဗျာ..။အခုများတော့ အကွာကြီး ကွာလေပေါ့.။အခုဆို ကျွန်တော် အခန်းရိုက်ဖို့အချိန်ကို နေ့တိုင်း မှေျာ်တလင့်လင့် ဖြစ်နေ ပေါ့.။ကဲ အခုတော့ခင်ဗျား သိပြီမလား။မစ္စတာစုန့်က ခင်ဗျာအပေါ် အဲ့လိုမြင်တယ်ဆိုမှတော့ ခင်ဗျားမှာ အဲ့လို လုပ်နိုင်တဲ့ အရည်အချင်း အပြည့်ရှိနေလို့ပေါ့ဗျ..။”
စကားစအား ခတ္တရပ်ပြီးနောက် အသံအကျယ်ကြီးဖြင့် “ ခင်ဗျားကို ခင်ဗျား ယုံကြည်ချက်မရှိတောင် မစ္စတာစုန့်ရဲ့ အမြင် အပေါ် ကိုတော့ ခင်ဗျားယုံကြည်ချက်အပြည့် ထားလိုက်စမ်းပါဗျ..”
ကျုံးရှောင်ဖန်းမှာ မသိစိတ်၏ စေခိုင်းမှုကြောင့် ခေါင်းငြိမ့်မိလိုက်တော့သည်..။ထိုအသံကျယ်ကြီး သည် ကား သူ့စိတ်ဝိဉာဉ်ကိုပါ ဆေးကြောပေးလိုက်လေပြီ.။သူ၏ အကြည့်များပင် ပြောင်းလဲလာတော့၏.။
စုန့်ယွင်ရန်သည် သူတို့နှစ်ဉီး၏ ကိုးကွယ်ရာသဖွယ် စိုက်ကြည့်နေသည့် အကြည့်များအောက်တွင် ဦးရေပြားများပင် ထုံကျဉ်လာလေ၏.။ ချင်ကဲထံ အကြည့်ပို့၍ ဤရှက်စရာ အဖြစ်အပျက်အား ဝေမျှခံစားရန် ကြံစည်လိုက်တော့၏..။
မထင်မှတ်ထားသည်မှာ ခေါင်းလှည့်၍ ချင်ကဲအား သူကြည့်လိုက်စဉ်တွင် ချင်ကဲသည်ကား အပြုံး မျက်လုံး ဖြစ်သည်အထိပင် ရယ်ရွှန်းဖတ်ရွှန်းဖြစ်နေလိမ့်မည်ကိုပင်..။
ခင်ဗျား ဘာတွေ သဘောကျလို့ အဲ့လို သေမလောက်ရီနေရတာတုန်းလို့…!။
စုန့်ယွင်ရန်သည် သူ၏ ရှက်စိတ်သည်ကား ပေါက်ကွဲထွက်မလာသေးခင် သူ့အားအကူအညီပေးစေရန် တောင်းဆိုသည့်ဟန်ဖြင့် ချင်ကဲအား မျက်တောင်လေးပုတ်ခတ်ပုတ်ခတ် လုပ်ကာအချက်ပေးလိုက်၏။
ကံကောင်းထောက်မစွာ ချင်ကဲသည်ကား ထိုအပြုအမူအား မမြင်နိုင်လောက်အောင်  အကျိုးအကြောင်း ဆီလျော်မှုမရှိ ဖြစ်မသွားပေ.။စက္ကန့်အချို့ခန့် ငြိမ်ကျသွားပြီးနောက် ကျုံးရှောင်ဖန်းအား မေးခွန်းထုတ် လိုက်တော့သည်..။
“အခုရောမင်း ထွက်ပြေးနေချင်တုန်းပဲလား..?”
“မပြေးတော့ဘူး”
ကျူံးရှောင်ဖန်းသည် ခါးကိုပင် ဆန့်ကာ “မစ္စတာစုန့် ရဲ့ ငါ့အပေါ်ထားတဲ့ ယုံကြည်ချက်ကို အကောင်အထည် ပေါ်အောင်ကြိုးစားတော့မှာကွ..”
"Good job."
စုန့်ယွင်ရန်သည် ကျုံးရှောင်ဖန်း၏ ကြက်သွေးထိုးခံလိုက်ရသကဲ့သို့ တက်ကြွလာသည့် ဟန်အား ဆက်မကြည့်ရဲတော့သည်ဖြစ်ရာ သူ့အပေါ် အခြားလူများ အာရုံမရှိခိုက်တွင် ချင်ကဲ၏ လက်ကိုဆွဲ၍ ခပ်ဝေးဝေးသို့ ဆွဲခေါ်လာကာ “သူတို့နှစ်ယောက်ဖာသာ သူတို့ ရောက်ရာပေါက်ရာပြောပြီး နေခိုင်း လိုက်ကြတာပေါ့..။ကျွန်တော်တို့ နှစ်ယောက် ဒီနေရာက လစ်ကြစို့..”
ကပ်ရပ် အခန်းအတွင်းသို့ အလာတကြီး ပြန်ပြေးလာပြီးနောက် စုန့်ယွင်ရန်သည် သူ၏ ရင်ဘတ်လေး အား  ပုတ်ကာ ကြောက်စိတ်မပျယ်သေးဟန်ဖြင့် “ဖိန်ကျိုးကြီးက ကြောက်စရာကြီးနော်..။ သူက ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်တော့ကို ကစားဖို့များကြံ နေတာလားမသိဘူး.?”
ချင်ကဲသည် အခန်းတံခါးအား သော့ခတ်ကာ မှတ်ချက်ပြန်ပေး၏.။
“ကျွန်တော့် အထင်တော့ သူခံစားရတဲ့ အမှန်ပြောနေတာလို့ ထင်တာပဲ..။သူပြောတဲ့ ပုံစံက အချိုးမကျ ပေမဲ့၏လို့ပေါ့။”
မျက်နှာအမူအယာတို့ မျက်နှာပေးတို့ကလည်း ပုံကြီးချဲ့ပေမဲ့လည်းပေါ့လေ.။
ချင်ကဲ၏ အနိမ့်သံက လက်ခံယုံကြည်စေနိုင်သော အစွမ်းရှိစေပုံရ၏.။
စုန့်ယွင်ရန်၏ ကြောက်စိတ်များ  အဝေးသို့ပြေးသွားကာ ပုံမှန်ပြန်ဖြစ်သွားလေပြီ..။
မေးလေးအားချီကာ ဂုဏ်ယူဟန်ဖြင့် ဆိုလေတော့၏.။
“သေချာတာပေါ့ဗျ.. လူတွေရဲ့ အစွမ်းအစကို ထိုးဖောက်မြင်နိုင်ပြီး သင့်တော်တဲ့ နေရာမှာ အသုံးချနိုင် တာ ဥက္ကဌတစ်ယောက်ဖြစ်ဖို့ အတွက် အခြေခံကျတဲ့ လိုအပ်ချက်ပဲလေ.။ ဒီလို စွမ်းရည်မရှိဘဲနဲ့ ဂလက်ဆီလို ကုမ္ပဏီကြီးကို ကျွန်တော်စီမံခန့်ခွဲနိုင်ပါ့မလဲ..”
ချင်ကဲသည် ပြုံး၍သာ နေလိုက်တေ့သည်..။ဂလက်ဆီသည်ကား ကုမ္ပဏီကြီး မဟုတ်ကြောင်းကိုကား သတိမပေးလိုက်တော့.။
ချင်ကဲထံမှ စကားပြန်မရသောအခါ စုန့်ယွင်ရန် မကျေမနပ်ဖြစ်လာတော့သည်..။
“ဘာလို့ ဘာစကားမှ မပြောတော့တာလဲ..?။ဒီလို ကိစ္စကို မျက်မြင်ကိုယ်တွေ့ကြုံပြီးတာကို ကျွန်တော့်ကို မတော်ဘူးလို့ ထင်နေသေးတာပေါ့လေ..?”
“အရမ်းတော်ပါတယ် ဥက္ကဌလေးရယ်”
ချင်ကဲသည် မျက်လွှာချလိုက်ကာ တည်ကြည်လေးနက်သည့် လေသံနှင့် မေးလိုက်တော့၏..
“ဒါနဲ့လေ ရှောင်စုန့် ကျွန်တော့်ကို လက်လွှတ်ပေးလို့ ရမလားဟင်..?”
သူ၏ လက်လေးသည်ကား  ချင်ကဲ၏ လက်ကောက်ဝတ်အား မလွတ်တမ်း တင်းတင်းကျပ်ကျပ် ဆွဲထား မိကြောင်း သတိပြုမိပြီးနောက် စုန့်ယွင်ရန် အလန့်တကြား ဖြစ်သွားရှာ၏.။
လက်လွှတ်ပေးလိုက်ချိန်တွင် လည်ချောင်းအားရှင်းလိုက်သေး၏..။ထို့နောက် မမေ့မလျေိာ့ ပင် ဟွန့် ဟု နှာမှုတ်သံပေးကာ အေးစက်စက်လေသံနှင့် “လက်လွှတ်ပေးဖို့ မတော်တဆမေ့သွားတာနော်..တမင် သက်သက် ကိုင်ချင်လို့ကိုင်ထားတာ မဟုတ်ဘူး..။ဟမ့်..။”
လက်လေးကိုင်မိတာကိုများ ကပ်စီးနဲနေလိုက်တာ..။
စုန့်ယွင်ရန် သည် စိတ်ထဲတွင် ဝူးဝူးဝါးဝါးရေရွတ်နေတော့၏..။အိပ်ခန်းဆီသို့ လျှောက်သွားကာ သူ့အဖေ က သူ့လက်အား ကိုင်ထားစဉ်က အဖြစ်အပျက်အား ပြန်စဉ်းစားကာ ဆက်၍ စိတ်အတွင်း၌ ပြောဆိုလေ တော့၏..။
သားတွေ အသက်ကြီးမလာခင် ကလေးပေါက်စတုန်းက အဖေနဲ့သား ကို မမြင်ဖူးဘူးလား။ဟမ့်..။
သားလေးက ကလေးသီချင်းကို ပထမဦးဆုံး စဆိုခါစ အချိန်ကို မမှတ်မိဘူးလား?။
အဲ့လို ဆိုပြပြီဆိုရင် အဖေက သူ့သား လက်ကောက်ဝတ်လေးကို ကိုင်ပြီး ချီးမွမ်းစကားပြောတာလေ.။ အဲ့လို ကိုင်ခံရရင် သားဖြစ်သူက ဘယ်လောက်စိတ်လှုပ်ရှားရလဲ..။
စုန့်ယွင်ရန်၏ ခြေလှမ်းများသည်ကား မကျေမနပ်ဖြစ်နေသောစိတ်ကြောင့် ပေါက်ဆတ်ပေါက်ဆတ်ဖြစ် နေ၏။ သူ့ခေါင်းအား လှည့်၍ ကြည့်လိုက်ချိန်တွင် ချင်ကဲသည် ညအိပ်ဝတ်စုံအား ဗီရိုထဲမှ ထုတ်ယူနေ သည်ကို တွေ့လိုက်ရသည်..။ရေချိုးရန် ပြင်နေဟန်ရှိ၏..။
မှန်ပေသည်..။ ထိုအကြောင်းများသည်ကား TV ထဲတွင် ပါဝင်လေသည်.။ဇာတ်ကားထဲတွင် ပါဝင်သော မင်းသားများသည် သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်စေရန် ရေအေးအေးနှင့် ချိုးကာစိတ်ထိန်း လေ့ရှိကြ၏။
(T/N - အမောင်စုန့်ရယ် Baby အတွေးတွေကမှ အဝါရောင်သမ်းနေတာကွဲ့..)
စုန့်ယွင်ရန်သည် သက်ပြင်းချကာ မယုံကြည်ရသည့် သူ၏ ညာဘက်လက်အား စိုက်ကြည့်ကာ အပြစ်ဆို ပြန်၏။
မင်းနော်မင်း ငါ့ကို ဒုက္ခထပ်ပေးချင်နေပြီပေါ့ ဟုတ်လား..?။
ချင်ကဲ ရေချိုးခန်းက ထွက်လာချိန်တွင် စုန့်ယွင်ရန်သည် အိပ်ယာပေါ်တွင် နေရာယူပြီးလေပြီ..။
ခတ္တမျှ စဉ်းစားပြီးနောက် အခုရှုပ်မှ နောင်ရှင်းဟု စဉ်းစားကာ နားဝင် မချိုသောစကားအား ဆိုလိုက် တော့၏..။
“ကျွန်တော်က အိပ်ပျော်ဖို့ဆို အရမ်းတိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်လိုတာနော်..”
“ဉက္ကဌလေး ပြောထားတာကို ကျွန်တော် မှတ်မိပါတယ်..”
စုန့်ယွင်ရန်သည် အိပ်ယာထက်မှ ထကာ ခေါင်းလေးအားဖော်၍ “အဲ့ဒါဆို ညအိပ်တဲ့ အချိန်ကျရင် ခြေတေွလက်တေွ မလှုပ်မိစေနဲ့ ကြားလား..။”
အချိန်အတော်ကြာ စကားဆိုထား၍ ချင်ကဲသည်ကား အိပ်ငိုက်နေလေပြီ.။
အခန်းမီးအား ပိတ်လိုက်ကာ အိပ်ယာထက်တွင်လဲချလိုက်ကာ “ဟုတ်ပါပြီဗျာ..Good night ပါ.”
"Good night."
အမြင်တစ်ခုလုံးကား အမှောင်ကျသွားလေပြီ..။
စုန့်ယွင်ရန်သည် လည်း အိပ်ယာထက်တွင် အသာလေး လှဲချလိုက်တော့၏..။ အချိန်အတော်ကြာ တွေး တောပြီးနောက် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချကာ ချင်ကဲအား ကျောပေး၍ အိပ်လိုက်တော့၏..။
အမြင်အာရုံ အမှောင်ကျသွားချိန်တွင် အကြားအာရုံသည်ကား ပိုမို ထက်ရှလာဟန်ရှိ၏.။
သူနောက်ကျောတွင်ရှိသည့် အမျိုးသားလေး ဆီမှ အသက်ရှုသံမှန်မှန်အား  ကြားနေရလေသည်..။ အမှောင်၏ ဖမ်းစားကြောင့်ရယ်လား မသိ သူ၏ အတွေးများသည်ကား ဟိုရောက်ဒီရောက် ဖြစ်လာ၏.။
ထို အခိုက်အတန့်တွင် စုန့်ယွင်ရန်သည် ၁.၈ မီတာရှိ နှစ်ယောက်အိပ် ကုတင်သည်ကား ထင်ထား သလောက် မကြီးကြောင်း သတိပြုမိသွားလေသည်.။ ချင်ကဲ၏ လက်မောင်းတစ်ဖက် ဆန့်လိုက်သည်နှင့် သူပခုံး ထက်ဆီသို့ လှမ်းနိုင်ကြောင်း သတိပြုမိသွားလေသည်..။
ကံကောင်းသွားသည်မှာကား ချင်ကဲ အိပ်ပျော်သွားခြင်းပင်..။
စုန့်ယွင်ရန်သည်ကား စိတ်သက်သာရာရသွားတော့၏..။  ချင်ကဲဘက်သို့ မျက်နှာပြန်လှည့်ကာ အကြိမ် အနည်းငယ် မျှ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီးနောက်တွင် တဖြည်းဖြည်းနှင့် အိမ်ပျော်သွားလေ တော့သည်..။
အချိန်မည်မျှပင် မကြာလိုက်..။အိပ်ပျော်နေသည့် ချင်ကဲ၏ မျက်လုံးများသည်ကား အမှောင်ထဲတွင် ပွင့်လာလေတော့သည်..။
စုန့်ယွင်ရန်မှာ အဘယ်ကြောင့် ဤမျှ ခွန်အား ပြည့်ဝနေသည်အား သူမသိ.။အချိန်အတော်ကြာအောင် မအိပ်ထားသည့်တိုင် အိပ်ယာထက်တွင် မအိပ်သေးဘဲ တလူးလူးတလှိမ့်လှိမ့်နေနိုင်သေး၏..။
အမှောင်တွင် ကျင့်သားရသွားသည့် မျက်လုံးက တဖြည်းဖြည်း အမြင်အာရုံပြန်ရလာ၏..။
ချင်ကဲသည် စုန့်ယွင်ရန် ဘက်သို့ မျက်နှာလှည့်ကာ အမှောင်ကြောင့် ဝါးတားတား ဖြစ်နေသည့် ပုံရိပ်လေး အား စိုက်ကြည့်လိုက်တော့၏.။
ရှုပ်ပွနေသော ရှေ့ဆံပင်များက ပုံမှန်အချိန်တွင် တလက်လက်တောက်ပနေသည့် မျက်လုံးကြည်ကြည် လေးအား ကာထားလေသည်.။ငှက်မွေးစောင်လေးက မေးလေးနှင့် နှုတ်ခမ်းသားများကိုပါ ဖုန်းအုပ်ထား လေ၏..။ မျက်နှာတစ်ခုလုံးတွင် နှာတံမြင့်မြင့်လေးတစ်ခုကိုသာ ကောင်းကောင်းမြင်ရလေ၏..။
ထိုပုံရိပ်လေးသည်ကား ပြောစကားများအား မြေဝယ်မကျ နားထောင်တတ်သည့် အပြုမူကောင်းရှိသည့် အကောင်ပေါက်လေး နှင့် ဆင်တူနေလေသည်.။
ချင်ကဲသည် တိတ်တိတ်လေး ပြုံးလိုက်လေတော့၏..။
သူမျက်လုံးများအား  ပြန်ပိတ်ပြီးစအချိန်တွင် စုန့်ယွင်ရန်သည် အိပ်ပျော်နေရာမှ ငှက်မွေးစောင်လေး အားကန်ထုတ်လိုက်လေ၏..။ထို့နောက်တွင် “pop” ဟူသော မြည်သံနှင့်အတူ ချင်ကဲ၏ ခါးထက်တွင် သူ၏ ခြေထောက်အား နေရာချလေတော့သည်..။
ချင်ကဲ ;  “…….”
ထထိုင်လိုက်ကာ စုန့်ယွင်ရန်၏ ခြေထောက်အား ပြန်ချပေးလိုက်ကာ ပြန်လှဲလိုက်လေတော့သည်..။
တစ်စက္ကန့်ပင် မကြာလိုက် စုန့်ယွင်ရန်ခြေထောက်လေးသည်ကား သူကိုယ်ထက်တွင် ပြန်လည်နေရာ ယူလာလေ၏..။
ထို့နောက်တွင် ချင်ကဲ လှုပ်ရှားချိန်ပင်မရလိုက် စုန့်ယွင်ရန် သူ့လက်မောင်းအား ဆန့်ထုတ်ကာ ချင်ကဲအား  ဖက် လေတော့သည်..။
ဟိုတယ်မှ ပေးထားသည့် ရေချိုးဆပ်ပြာရနံ့သင်းသင်းက ချင်ကဲအား တောင့်တောင့်ကြီးဖြစ်သွားစေ၏.။
အိပ်ပျော်နေသော လူအား နှိုးကာ မေးချင်လာတော့သည်..
“အိပ်နေတဲ့ အချိန် ခြေတွေ လက်တွေ ငြိမ်ငြိမ်မထားတာ ဘယ်သူလဲ”  ဟူ၍..
အဆုံးတွင် နှုတ်ခမ်းအား တင်းတင်းစေ့ကာ တစ်ဖက်လူအား တွန်းထုတ်ရန် ကြိုးစားလိုက်တော့၏။
သူ၏ လက်ချောင်းလေးများ စုန့်ယွင်ရန် ပခုံးသို့ ထိသွားချိန်တွင် တစ်ဖက်လူမှာ သူ့အား ပို၍ အားထည့် ကာ ကျစ်ကျစ်ပါအောင် ဖက်လေတော့၏..။
ထို့နောက်တွင် ဝိုးတိုးဝါးတား လေသံနှင့် “Monica .. လိမ္မာစမ်းပါကွာ.. မလှုပ်နဲ့တော့နော် ..”
“Monica ဆိုတာ ဘယ်သူလဲ ?’’ ဟု ရေခဲတမျှ အေးစက်နေသောလေသံကြီးနှင့် ချင်ကဲ ခပ်ပြတ်ပြတ် မေးလိုက်တော့၏..။
ထိုမေးခွန်းသံက စုန့်ယွင်ရန်အား အကြပ်ရိုက်သွားစေပုံရ၏..။
ချင်ကဲ၏ အမေးအား မဖြေခင် မှတ်လုံးမှိတ်လျက်ပင် သူ၏ ရှုပ်ပွနေသည့် ဆံပင်လေးအား အကြိမ် အနည်းငယ် ပွတ်ပြီးနောက် အဖြေပေးလာတော့၏..။
“ဝုတ်(ဖ်)”
အိုး
ချင်ကဲ အတွေးများ  ဗလာကျင်းသွားပြီးနောက် အဖြေရသွားလေပြီ..။
ခွေးလေးကိုး……..

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now