CH -37
4.3K 642 7
After Rebirth, I Decided To Inherit the Family Property Chapter 37:
စုန့်ယွင်ရန် ဓါတ်လှေကားမှ ထွက်လိုက်
သည်နှင့် ဟော်တယ် lobby ၌ လက်ထောက်တန်အား တွေ့လိုက်ရလေသည်...
လူမှုရေးအရ နှုတ်ဆက်ခြင်းကိုပင် မလုပ်တော့ဘဲ ထို အဆင့်အား လျစ်လျူ ရှုလိုက်ကာ သူ လိုချင်သည့် အချက်အား ချက်ချင်းထုတ်ပြောလိုက်တော့သည်...
"ကားတစ်စီးကျွန်တော့်ဖို့ ရှာပေး ..ရိုက်ကွင်းကို သွားမလို့.."
လက်ထောက်တန်သည်ကား အလန့်တကြားမဖြစ်သွားချေ..
တည်တည်ငြိမ်ငြိမ်နှင့်ပင် " ခဏတော့စောင့်လိုက်ပါဦး..ရှောင်ခယ့်ကို ခေါ်လိုက်ဦးမယ်..ရိုက်ကွင်းကို လာလည်ဖို့ ခွင့်ပြုချက်တောင်းခိုင်းပြီးမှ သူ့ကိုဒီလာခေါ်ခိုင်းလိုက်မယ်လေ..ဒါနဲ့လေ ဟိုတယ်မှာ ဒီနေ့တော့ အခန်းလွတ်ရ သွားပြီတဲ့..ဥက္ကဌလေး ဒီနေ့ပြန်တော့မလား ဒါမှမဟုတ် ဒီမှာ ထပ်နေဦးမလား..?"
"အခန်းသာ ယူထားလိုက် ပြီးမှ အဲ့ကိစ္စ ဆက်ဆွေးနွေးမယ်
.."
စုန့်ယွင်ရန်သည် အလောတကြီးဟန်ဖြင့်
" ရှောင်ခယ့် ဒီကို ရောက်တဲ့ အထိ စောင့်မနေတော့ဘူး...ကျွန်တော့်ဘာသာ ကျွန်တော်ဘဲ  ရိုက်ကွင်းဆီ သွားလိုက်တော့မယ်.."
လက်ထောက်တန်သည် ဟိုတယ်ဧည့်ကြို ကောင်တာရှိ လူများအား ကားစီစဉ်ခိုင်းလိုက်တော့၏..
ခေါ်ထားသည့်ကား ပါကင်ထိုးလိုက်သည်နှင့် စုန့်ယွင်ရန်သည် ကားထဲသို့ အမြန်ပင်ဝင်သွားလိုက်ပြီး ကားတံခါးမပိတ်ခင် " ရှောင်ခယ့်ကို သေချာသတိပေးထားလိုက်ဦး.. ကားပေါ်က ဆင်းတာနဲ့ ရိုက်ကွင်းထဲ ဝင်ခွင့်ရအောင် လုပ်ပြီးသား ဖြစ်ပါစေ.."
ရိုက်ကွင်းရှိရှောင်ခယ့်သည် ညွှန်ကြားချက် အား ရပြီးနောက် စိတ်ဖိစီးသွားလေတော့သည်..
ရှောင်စုန့်ကို ခန့်မှန်းလို့ကို မရပါလားနော်.
အခြားလူတွေဆို ရိုက်ကွင်းကို လာလည်ဖို့ အရင်ရက်တွေကတည်းက ကြိုတင်ခွင့်ပြုချက်တောင်းကြတာ...
သူ့လို ကတိုက်ကရိုက်လာလည်တဲ့သူဌေး ဘယ်ရှိလို့လဲ...ဒါမှမဟုတ် 'သိုင်းလောကက လမ်းမများ' ဇာတ်လမ်းက ချမှတ်ထားတဲ့ တင်းတင်းကျပ်ကျပ် စည်းမျဉ်းတွေကိုများ မသိလေရော့သလား..ဒီကားက ဘယ်လောက် စည်းကမ်း တင်းကျပ်လိုက်လဲ..ငါဘယ်လို လုပ်ရပါ့...
ရှုတည်တည် ရုပ်နှင့် အပြုံးအရယ် မရှိသော ထုတ်လုပ်ရေး အဖွဲ့သားများနှင့် သွားရောက် စကားပြောဆိုရမည့်အရေး တွေးမိရုံနှင့် ခြေဖျားလက်ဖျားများ အေးစက်ကာ ကြောက်ရွံ့ လာလေတော့သည်..
အခုမှရောက်လာသည့် ဘော်ဒီဂတ်အား
နှုတ်ဆက်ပြီးနောက်  ခဲဆွဲထားသောခြေလှမ်း
နှင့် ထုတ်လုပ်ရေးဝန်ထမ်းအား သွားရှာ ရှာလေတော့သည်...
သူစကားစ စလိုက်သည်နှင့် ထိုဝန်ထမ်းက ဖြတ်ပြောလိုက်သည်မှာ .." ဒီနေ့ ဝန်ထမ်းတွေ အကုန်လုံး အလုပ်ရှုပ်နေတာ.."
အသံအနေအထားနှင့် ဆိုလိုက်သည့်စကားအရ ဒီလောက်အလုပ်တွေရှုပ်ပြီး ရိုက်ကွင်း က လူတွေ အလုပ်နဲ့လက်နဲ့ မပြတ်ဖြစ်နေတာကို မင်းက ထပ်ရှုပ်ချင်နေသေးတာလား..
ဟု ဆိုလိုကြောင်း သိသာနေလေသည်..
ရှောင်ခယ့်သည်ကား ရိုက်ကွင်းရှိ အနုပညာတစ်ယောက်၏ လက်ထောက်သာ ဖြစ်လေရာ ရိုက်ကွင်းတွင် သူသည် တစ်လုံးချိုင့် အဆင့်ပင်မရှိပေ..
နောက်ဆုံးလက်ကျန် သတ္တိလေးအား စုစည်း၍  တောင်းတောင်းပန်ပန်နှင့်  " အစ်မ ရယ် မစ္စတာစုန့်က ဒီရိုက်ကူးရေးက လူတွေက အရမ်းထက်မြက်တယ်ဆိုပြီးကြားထားလို့တဲ့ အဲဒါ သူ စီမံခန့်ခွဲရေးလုပ်တဲ့အချိန်ဒီက အတွေ့အကြုံတွေကို
စံနမူနာအနေနဲ့ ပြန်အသုံးချလို့ရအောင် လေ့လာချင်လို့ပါတဲ့ဗျာ..အဆင်မပြေနိုင်ဘူးလားဟင်..."
စုန့်ယွင်ရန်တစ်ယောက် အဘယ်ကြောင့် ရိုက်ကူးရေးကို ရုတ်တရက်လာချင်သွား
ကြောင်းသူ သေချာမသိသော်လည်း  ရိုက်ကူးရေးအား ဥက္ကဌဖြစ်သူ လာရောက် လေ့လာနိုင်ရေး ရွှေမှုန်ကြဲစကား ဆိုလိုက်လေတော့သည်.
ထိုစကားကြားသည်နှင့် မတုန်မလှုပ် မကျောက်ရုပ်က စိတ်ဝင်စားဟန်ပြလာကာ " မစ္စတာစုန့်..မင်းပြောတဲ့လူက စုန့်ယွင်ရန်လား..?"
ရှောင်ခယ့်တစ်ယောက် ခေါင်းငြိမ့်ပြသည်အား မြင်လိုက်သည်နှင့် ထို မမမျက်နှာထက်တွင် ရင်ထဲအသည်းထဲမှ လာသည့် အပြုံးတစ်ပွင့် ပေါ်ထွက်လာတော့သည်..
" သူလို့ စောစောက ပြောလိုက်ပြီးရော..ခဏနေကျရင် တစ်ယောက်ကို သူလာရင် ဝင်ခွင့်ပေးဖို့ ပြောထားလိုက်မယ်.."
ရှောင်ခယ့်သည်ကား စုန့်ယွင်ရန်၏ နာမည်မှာ ဤမျှ အသုံးဝင်လိမ့်မည်ဟု မထင်ထားလေရာ မနေနိုင်မထိုင်နိုင် မေးခွန်းထုတ်လေတော့သည်..
" အစ်မ အစ်မက ကျွန်တော်တို့ ရှောင်စုန့်ကို သိတာလားဟင်..?'
" မသိပါဘူး..ဒါပေမဲ့ သူ့ကျေးဇူးတော့ အစ်မ အပေါ်မှာရှိတယ်..အစတုန်းကအစ်မယောက်ျားက ' Formula of love' မှာ ရင်းနှီးမြှုပ်နှံဖို့လုပ်ထားတာလေ..သူ့ကြောင့်မို့ မရင်းနှီးဖြစ်လိုက်တော့တာ..သူက အစ်မ တို့မိသားစု ကို သွယ်ဝိုက်ပြီး ကူညီထားတာဆိုတော့ အစ်မလည်း အခွင့်အရေးရတုန်း သူ့ကို ကျေးဇူးပြန်ဆပ်တဲ့သဘောပါ.."
ရှောင်ခယ့်၏ နှလုံးသားထဲတွင် အမြင်တစ်ခု စူးနစ်ဝင်သွားတော့၏..
တို့ရှောင်စုန့်က ရှေ့ရေးကိုကြို ပြီးတွက်ချက်နိုင်တဲ့ စွမ်းရည်နဲ့တင် အခြားလူတွေနဲ့ပြောဆို ဆက်ဆံစရာမလိုဘဲ သူ့တို့ စိတ်ကို အရယူနိုင်တာပါလား...
တော်လိုက်တဲ့ တို့ဥက္ကဌ...
ထိုအကြောင်းအား စဉ်းစားလိုက်မိသည်နှင့် စုန့်ယွင်ရန် ရိုက်ကွင်းအား ရုတ်တရက်လာချင်သည်ဟု ကြားလိုက်ချိန်က သူ့တွင် ဖြစ်ပေါ်လာသည့် အတွေးများသည်ကား ၁၈၀ ဒီဂရီ  ပြောင်းလဲသွားတော့၏..
ဆယ်မိနစ်ကြာပြီးနောက်တွင် ရှောင်ခယ့်သည် စုန့်ယွင်ရန်ထံမှ  သူရိုက်ကွင်းဝင်ရောက်နေပြီဖြစ်ကြောင်း  ဆက်သွယ်လာခြင်းအား ခံလိုက်တော့၏..
လေးစားသမှုအပြည့်နှင့် လက်နှစ်ဖက်နှင့်ပင် ရိုရိုသေသေလမ်းပြကာ " မစ္စတာစုန့် ခင်ဗျ..ဥက္ကဌက ဒါရိုက်တာနဲ့တွေ့ချင်တာလား..ပရိုဂျူဆာ နဲ့တွေ့ချင်တာလားဗျ..."
ဒါမှမဟုတ် နှစ်ယောက်လုံးနဲ့တွေ့ ချင်တာများလား..သူဒီကိုလာကာ ယွမ်သန်းပေါင်းများစွာ င်းနှီးမြှုပ်နှံချင်လို့များလား..အနာဂတ်ရုံတင် ဇာတ်လမ်းတွေနဲ့ ရုပ်သံ ဇာတ်လမ်းတွဲတွေ တိုးတက်ရေးအတွက် ဆွေးနွေးချင်နေတာလည်း ဖြစ်နိုင်တာပဲလေ..ဟု ရှောင်ခယ့် အတွေး၌ တွေးထင်ကာ အထင်ကြီးလေးစားနေလေတော့သည်..
ရှောင်စုန့်သည်ကား ကွေ့ဝိုက်မနေ..တည့်တိုးပင် သူသိချင်သည့် အဓိက အချက်အား ထုတ်မေးလိုက်လေတော့သည်..
" ချင်ကဲ က ဘယ်မှာလဲ...?"
ရှောင်ခယ့်သည်ကား ရေခဲရိုက်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားရှာသည်..ထို့နောက်
" သူက ရိုက်ကူးရေး လုပ်နေတုန်းပဲ ရှိသေးတာပါဗျ.."
စုန့်ယွင်ရန်သည် မျက်မှောင်ကြုတ်ကာ ..
" စကားပြောတဲ့အခန်း ရိုက်နေတာလား..သိုင်းချတဲ့အခန်း ရိုက်နေတာလား..?"
" သိုင်းချတဲ့ အခန်းပါဗျ..ဒီနေ့က ဇာတ်လိုက်ရဲ့ ဆရာဆုံးပြီးသွားတဲ့နောက် ဖြစ်လာတဲ့ အခန်းတွေကို ရိုက်ကူးရေး လုပ်နေတာလေ..
ဆုံးသွားတဲ့ ဆရာက သူပိုင်တဲ့ တန်ဖိုးကြီး ဓါးကို ဘယ်သူ့ကို အမွေပေးခဲ့ပါတယ်ဆိုပြီး ပြောမသွားဘူးလေ..အဲဒါနဲ့ စီနီယာ အစ်ကိုတွေက အဲ့ဓါးကို အပိုင် သိမ်းနိုင်ရေး တိုက်ကျခိုက်ကျ တဲ့ အပိုင်းကို ရိုက်ကူးနေတာပါဗျ.."
" စီနီယာ အစ်ကိုတွေ ဟုတ်လား..!?"
စုန့်ယွင်ရန်ကား ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့၏..
" ချိန်ကျားမင် ရော ပါလား..?"
"ဟုတ်ကဲ့..သူက အကြီးဆုံးစီနီယာ အစ်ကို နေရာက သရုပ်ဆောင်နေတာပါဗျ."
" အဲ့နေရာကို မြန်မြန်လိုက်ပို့ပေးပါ.."
စုန့်ယွင်ရန်သည်ကား လက်သီးလေး ကျစ်ကျစ် ပါအောင် ဆုပ်ထားလိုက်ကာ 
သားလေး မကြောက်နဲ့..ပါးပါ ရောက်လာပြီ..
ရှောင်ခယ့် ; "????"
မစ္စတာစုန့်က ရိုက်ကူးရေးကို ကတိုက်ကရိုက် လာလည်ရလို့ နည်းနည်းလောက် စိတ်ပျက် လက်ပျက် ပုံပေါက်နေပေမယ့် သူ ပြောတဲ့ စကားတွေကကျ ဘယ်လိုဖြစ်နေတာပါလိမ့်.?
မဟုတမှလွဲရော ..ချင်ကဲကို အရင်က ဂရုစိုက်ခဲ့ပေမယ့်  အခုကျတော့ ချိန်ကျားမင် ကို သူ့(ချင်ကဲ)ထက် ဂရုစိုက်နေတဲ့ပုံပါလား..
အဲဒီလိုသာ ဆိုရင်
ရှောင်စုန့်က ချိန်ကျားမင်ကိုလည်း သဘောကျပြီး ဂလက်ဆီနဲ့ လက်မှတ်ထိုးစေ
ချင်နေတာပဲလား..!!?
မစ္စတာစုန့်က "Happy and White" ရိုက်ကွင်းကို သွားရင်းနဲ့ ရိုက်ကူးရေးမှာ ချင်ကဲ သရုပ်ဆောင်တာကို သဘောကျ သွားတာလို့ ကြားဖူးတာပဲ..
အထင်မှတ်ဘဲ နှစ်တစ်ဝက် အကြာမှာ သမိုင်း တစ်ပတ် ပြန်လည်လာလေရော့သလား..
ရှောင်ခယ့်၏ ခံစားချက်များသည်ကား ရှုပ်ထွေးပွေလီလာတော့၏..
သူ့ အမြင်တွင် ချိန်ကျားမင် သည် လူတော် တစ်ယောက်မဟုတ်ပေ.. ရုပ်ရည်ပင်ဖြစ်စေ
သရုပ်ဆောင်နိုင်စွမ်းပင်ဖြစ်စေ ချင်ကဲ၏ အဆင့်နှင့် လားလားမျှမဆိုင်ပေ..
ထို့အပြင် ချိန်ကျားမင်နှင့် ချင်ကဲကြားတွင် ပြဿ       နာတစ်ချို့ရှိကြောင်း ချင်ကဲပြောဖူးသည်ကိုလည်း သူမှတ်မိသေး၏..
တကယ်ပဲ သူ့ကို ဥက္ကဌက ဂလက်ဆီကို ခေါ်သွင်းချင်နေတယ်ဆိုရင် ဘယ်လိုလုပ်ရပါ့..?
ရှောင်ခဲ့သည် အနုပညာရှင်တစ်ယောက်၏ လက်ထောက်လေးသားဖြစ်လေရာ ဥက္ကဌလေးအား အကြံပေးစကား မဆိုရဲရှာ
နှစ်ဦးသား အတွေးကိုယ်စီနှင့် ရိုက်ကူးရေး လုပ်နေသည့် နေရာသို့ ရောက်သွားကြလေပြီ
စုန့်ယွင်ရန်သည် ရိုက်ကူးရေးလုပ်နေသည့်
ဝါးရုံတော၏ အနီးအနားသို့ ရောက် လာသည့်တိုင် ပူပန်စိတ်ကား လျော့မသွားသေးပေ..
ချင်ကဲသည် ကျောဘက်တွင် ကြိုးတစ်ချောင်း ဝတ်ဆင်ထားပြီး ထိုကြိုးသည်ကား ဆံပင်ရှည်အောက်တွင် ဖုန်းကွယ်ခံထားရကာ လက်ရန်းတန်းကိုမှီ၍ အခြားသော သရုပ်ဆောင်များနှင့်  စကားပြောနေသည့် ဇာတ်ဝင်ခန်းရိုက်နေသည်ကိုတွေ့ရလေသည်...
လိမ်းချယ်ထားသော မိတ်ကပ်ကြောင့် သူ၏ မျက်နှာမှာ  နေမကောင်းသည့် ပုံပေါက်ကာ
ပုံမှန်ထက် ပို၍ဖြူစွတ်နေလေ၏..
သူ့(ချင်ကဲ) အား သေချာစိုက်ကြည့်လေ အရင်ဘဝက ဇာတ်ကြောင်းအား ပိုမိုတွေးမိလေဖြစ်လာကာ ချင်ကဲအား ကံမကောင်းအကြောင်းမလှသဖြင့် coma ဝင်တော့မည့် လူနှင့်တူလေဟု စုန့်ယွင်ရန် ခံစား လိုက်ရတော့၏..
ချင်ကဲရှေ့တွင် အခြားသော သရုပ်ဆောင်များက တန်းစီ၍ ရပ်နေကြလေသည်..ထိုအထဲတွင် ချိန်ကျားမင်လည်း အပါအဝင်ဖြစ်ပြီး သူ့မျက်လုံးများသည်ကား ချင်ကဲဆီမှ တစ်ချက်လေးပင် သွေဖယ်မသွားပေ..
ထိုကဲ့သို့ ကြည့်နေခြင်းမှာ ဇာတ်လမ်းအရ
ဖြစ်သော်လည်း စုန့်ယွင်ရန်သည်ကား ထိုခဏ ၌ ချိန်ကျားမင် ၏ အတွေးများကို ဖောက်မြင်ချင်မိနေလေသည်..
ချိန်ကျားမင်၏ အတွေးများအား ဖောက်မြင်နိုင်သည့် အစွမ်းသူ့တွင်မရှိသော်လည်း သူ့မျက်စိရှေ့ရှိ မြင်ကွင်းအား အကြည့်တစ်ချက်နှင့် သုံးသပ်ကြည့်လျှင်ပင် ချိန်ကျားမင်သည်
ချင်ကဲ အပေါ် မကောင်းသောအကြံအစည် ရှိနေပြီဟု သူ ခံစားနိုင်၏..
"OK .. ကဒ်"
ဒါရိုက်တာတန်မင်း၏ အသံလွင့်ပျံ့လာပြီး တစ်ဆက်တည်းမှာပင် "အကုန်လုံး နောက်တစ်ခန်း ရိုက်ဖို့ ပြင်ကြတော့" ဟု အမိန့်ပေးသံကိုပါ တစ်ဆက်တည်း ကြားလိုက်ရ၏..
စုန့်ယွင်ရန်သည် သက်ပြင်းရှည်တစ်ချက်မှုတ် ထုတ်လိုက်ကာ  လာပြီ..ဝါယာကြိုးဆိုင်းပြီး ရိုက်ရတော့မယ့် ဟိုအခန်း .ရောက်လာပြီ ဟု တွေးလိုက်တော့၏..
ခေါင်းကို လှည့်ကာ ဘော်ဒီဂတ်နှစ်ဦးအား ချိန်ကျားမင်ထံမှ အကြည့်တစ်ချက်ပင် မလွှဲရဟု မှာကြားရန် ပြင်လိုက်တော့၏..
ဘော်ဒီဂတ်နှစ်ဦးထံ သူစိုက်ကြည့်လိုက်ချိန်တွင် သူ့ ညွှန်ကြားချက် မရသေးမီပင်
ထိုနှစ်ယောက်သည်ကား ချိန်ကျားမင် ထံတွင် အပြည့်အဝအာရုံစိုက်ထားကြောင်း တွေ့လိုက်ရ၏..
အမ်...ဘယ်လိုတွေ ပါလိမ့်..??
စုန့်ယွင်ရန်သည် ပဟေဌိ ဖြစ်သွားပြီး ထိုနှစ်ယောက်အား မေးခွန်းထုတ်ရန် ကြံလိုက်သော်လည်း သူမေးခွန်းထုတ်လိုက်ပါက ချိန်ကျားမင် ပေါ်တွင်  စိုက်ထားသည့် သူတို့အာရုံများ လွင့်သွားမည်ကို စိုးသဖြင့် အနီးရှိခုံပေါ်တွင် ထိုင်ချလိုက်ကာ ဖုန်းထုတ်ကာ ဆော့လိုက်ပြီး တစ်ချက် တစ်ချက်တွင် ချိန်ကျားမင် အား အကဲခတ်နေတော့၏..
သူ့ကိုယ်သူ ပြီးပြည့်စုံအောင် ဖုံးကွယ်ထားနိုင်ပြီဟု ထင်ထားသော်လည်း သူအား စောင့်ကြည့်အကဲခတ်နေသော ရှောင်ခယ့်ကမူ သူ၏ လှုပ်ရှားမှု အားလုံးအား သေသေချာချာ
မြင်၏..
သေချာသွားပြီ... မစ္စတာစုန့်ရဲ့ ဒီနေ့ ပန်းတိုင်က ချိန်ကျားမင်ကို ခေါ်ဖို့ပဲ...
ရှောင်ခယ့် ခမျာ နေမထိထိုင်မသာဖြစ်လာ၏..
ချင်ကဲအား အပူသက်သာစေရန် ပန်ကာလေ လေး ကိုင်ပေးထားရာမှ မိတ်ကပ်ဆရာမှ ချိန်ကျားမင်အား  မိတ်ကပ်လာပြင်ပေးသည့်
အချိန်ကို အခွင့်ကောင်းယူကာ မည်သို့သော ဆွဲဆောင်မှုကြောင့်  ရှောင်စုန့်တစ်ယောက် ချိန်ကျားမင်အား မျက်စိကျသွားသည်ကို ဖော်ထုတ်ရန် သူ့(ချိန်ကျားမင်)အား စေ့စေ့စပ်စပ်အကဲခတ်တော့၏..
လူလေးယောက် မျက်လုံး ရှစ်လုံး က ချိန်ကျားမင်ကိုယ်ပေါ်တွင် တချိန်တည်း ကပ်နေကြတော့၏..
ချိန်ကျားမင်သည် အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ စိတ်ကျဉ်းကျပ်လာသည်ဟု ခံစားရလာ၏..
တစ်စုံတစ်ယောက်က သူ့အား စူးစူးဝါးဝါး
စိုက်ကြည့်နေသည်ဟု ခံစားရသဖြင် ခေါင်းလေး ဘယ်ညာလှည့်ကာ ဘေးဘီ အကဲခတ် ကြည့်သော်လည်း သံသယဖြစ်ဖွယ်မတွေ့ရ..
လူတိုင်းသည်ကား ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေကြ၏..
ထင်ယောင်ထင်မှားဖြစ်နေခြင်း ဖြစ်မည်ဟု ယူဆလိုက်ကာ စိတ်ချလက်ချနှင့် သူ့ အကြည့်ပြန်ရုတ်သိမ်းလိုက်၏...
ငါ လခွမ်း..!
အကြည့်လွဲလိုက်သည်နှင့် ကျောချမ်းလာပြန် ၏..
တစ်ဖန်ခေါင်းလှည့်ကြည့်ကာ အကဲခတ်ပြန်၏..
"မိတ်ကပ်ပြင်နေတာလေ.. ဟိုလှည့်ဒီလှည့်လုပ်မလုပ်နဲ့တော.." မိတ်ကပ်ပညာရှင်က ပေါင်ဒါအား သူ့(ချိန်ကျားမင်)မျက်နှာပေါ် တို့ကာ သတိပေးစကား ဆိုလေတော့သည်..
ချိန်ကျားမင် ခမျာ ခေါင်းတည့်တည့်ထားရုံသာ တတ်နိုင်လေတော့သည်...သူ၏ သံသယအား ဘေးချိတ်လိုက်ကာ သရုပ်ဆောင်နေစဉ်က သူ၏ ခံစားချက်များအား ပြန်လည်သုံးသပ် နေလိုက်တော့၏..
ပွင့်ပွင့်လင်းလင်း ဆိုရလျှင် ရိုက်ကူးနေချန်အတွင်းက သူ့ စိတ်အခြေအနေမှာ လုံးဝမကောင်းပေ...
သူ၏ သရုပ်ဆောင်အရည်အချင်းမှာ သူနှင့် ဇာတ်ကောင်အဆင့်တူညီသူများကြားတွင် အကောင်းဆုံးဟု ဆိုနိုင်ကာ ရံဖန်ရံခါ ဒါရိုက်တာကြီးနှင့် ရိုက်ကူးရေးဝန်ထမ်းများက သူ့အား ချီးကျူးစကား ဆိုကြ၏..
သို့ရာတွင် သူနှင့် ချင်ကဲအား အခြားသူများက နှိုင်းယှဉ်ကြည့်ကာ သူ့အရည်အချင်းအား  ရှုတ် ချခံရမည်ကိုကား သူ ကြောက်၏...
မတွေ့ရသည့် အချိန်အတောအတွင်းတွင် ချင်ကဲသည်ကား သူ လက်လှမ်းမမှီသော နေရာသို့ တက်သွားနိုင်လေပြီ..
ချင်ကဲသည်ကား သူ့ ကိုယ်ပိုင် ဇာတ်ကောင် ၏ ကာရိုက်တာကိုသာမက ဒုတိယ ဇာတ်လိုက်၏ ကာရိုက်တာကိုပါ အကျွမ်းတဝင်ရှိကာ ဒုတိယဇာတ်လိုက်အဖြစ်သရုပ်ဆောင်သူက သူ့၏ ဇာတ်ကောင်စရိုက်နှင့် အံဝင်ခွင်ကျ မဖြစ်သည့်အချိန်တွင် ထိုသူ၏ လိုအပ်ချက်များကို ပါ အကြံပေးနိုင်သေးသည်...
သူ၏ အကြံပေးချက်အနည်းငယ်ကပင် ဒုတိယ ဇာတ်လိုက်အား ကာရိုက်တာဝင်အောင် သရုပ်ဆောင်နိုင်သွားစေသည့် အစွမ်းရှိ၏..
ချိန်ကျားမင် သည် " သိုင်းလောကမှ လမ်းမများ" ဇာတ်ကားတွင် သူ ဝင်ရောက်သရုပ်ဆောင်ရမည့်ဟု သိလိုက်သည့်အချိန်က အတော် လေးပင် မြောက်ကြွကြွ ဖြစ်မိ၏..
ယခုတွင်မူ ငါးယောက်မြောက် ဇာတ်လိုက်နေရသည့်သူ့အား မည်သူကမှပင် ဂရုမထားကြ..ဇာတ်လိုက်နေရာအား သိမ်းပိုက်နိုင်လိုက်သည့် ချင်ကဲကိုသာ အရေးတယူရှိကြလေ ၏....
ထို့ အကြောင်းအား တွေးမိသည်နှင့် ချိန်ကျားမင်ရင်ထဲ၌ မနာလိုစိတ်ပေါက်ဖွားလာကာ
တင်းကျပ်လာတော့သည်..
ဘယ်လိုလုပ် သူ့က ငါ့အထက်ကိုရောက် သွားရတာလဲ..?တကယ်လို့ ချင်ကဲသာ ပျောက်ကွယ်သွားမယ်ဆိုရင် ငါ ဒီလို ခံစားစရာ မလိုတော့ဘူးမလား..?
ထိုအတွေး ဝင်လာသည်နှင့် ချိန်ကျားမင်
သည် ရိုက်ကူးရေးအတွက် လေ့ကျင့်ရေးစ
ဆင်းသည့် နေ့အား ပြန်လည်အမှတ်ရသွား
တော့သည်...
ထိုနေ့က ချင်ကဲသည် သူ့အားအေးစက်စက်မျက်လုံးနှင့်  တည့်တည့်စိုက်ကြည့်ကာ " မင်းအလုပ်ကို မင်းသေချာလုပ်တာ ကောင်းလိမ့်မယ်" ဟူသော ခြိမ်းခြောက်ဟန်ပါသည့် အကြည့်နှင့် အပြောအား ပြန်လည်အမှတ်ရသွားတော့၏..
သူ့ ကျောတစ်ခုလုံး စိမ့်ခနဲ့ ဖြစ်သွားတော့၏.
သူ့အကြည့်အား မနီးမဝေးရှိ ချင်ကဲထံ ပို့လိုက်သောအခါ အနှီလူသည်ကား အဝေးတစ်နေရာသို့ လျှောက်သွားသည်အား မြင်လိုက်ရလေသည်..
စုန့်ယွင်ရန် ရှုတင်သို့ ရောက်နေကြောင်း မိတ်ကပ်ပြန်ပြင်ပြီးသည့် အချိန်မှ သူသိခဲ့ရ၏..
စုန့်ယွင်ရန်ဆီသို့  လျှောက်သွားလိုက်ကာ ဆွဲဆောင်မှုပြင်းသော အနိမ့်သံဖြင့် မေးခွန်း ထုတ်လိုက်လေသည်..
" ကျုံးရှောင်ဖန်းက ပြန်ပြီး ဇာတ်ညွှန်းရေးတော့မယ်လို့ မနက်ကပြောလိုက်တယ်..ဥက္ကဌ လေး စိတ်မဆိုးတော့ဘူးမလား..?"
စုန့်ယွင်ရန်သည်ကား သူ့မျက်နှာကိုပင် မကြည့်..အခြားတစ်နေရာသို့သာ မျက်တောင်မခတ်စတမ်း စိုက်ကြည့်ကာ ပြန်ဖြေ၏..
" အင်း...သူပြန်ပြီး ဇာတ်ညွှန်းရေးပါမယ် ဆိုမှတော့ ဘယ်စိတ်ဆိုးတော့မလဲ..အာ...ဘေးဖယ်စမ်းပါဗျာ..ကျွန်တော်ကြည့်နေတာကို ခင်ဗျား ကွယ်ထားမိနေပြီဗျ ..."
သူ့အား စုန့်ယွင်ရန် ပြန်ဖြေသည့်လေသံမှာ ဝတ်ကျေတန်းကျေ နိုင်လေရာ ချင်ကဲ သည်
စုန့်ယွင်ရန်အား စိုက်ကြည့်ကာ မေးလိုက်၏..
" ဘာတွေ ကြည့်နေတာလဲ..?"
ငါ့သားလေးရ  မင်းကို ဒုက္ခပေးမယ့် အမောင်ဗီလိန် ကောင်ကိုစောင့်ကြည့်နေတာကွ...
စုန့်ယွင်ရန်သည် ထိုစကားအား စိတ်ထဲမှသာ ပြန်ဖြေလိုက်၏..
အပြင်သို့ ထုတ်မပြောနိုင်သည့် စကားဖြစ်လေရာ အေးစက်စက်လေသံနှင့် အာဏာပြင်း ဥက္ကဌ ပုံဖမ်းကာ .." ခင်ဗျား ခင်ဗျားရဲ့ ရှုပ်နေတဲ့ အလုပ်တွေကိုသာ သွားလုပ်စမ်းပါဗျာ..
ကျွန်တော့်ဘာသာ အေးအေးဆေးဆေး တစ်ယောက်တည်း နေပါရစေ.."
ချင်ကဲသည် မျက်လုံးအား အောက်စိုက်ကာ စုန့်ယွင်ရန်ထံ အကဲခတ်လိုက်သော်လည်း အကြင်သူသည်ကား သူ့အား အကြည့်တစ်ချက်ပင် မစွန့်ကြဲပေ..
သူ့အား ဖြတ်သွားဖြတ်လာ လူတစ်ယောက် လောက်ပင် အလေးမထားသည်ကို သိလိုက် ရသည်...
ဘာဖြစ်နေတာပါလိမ့်...?
ချင်ကဲသည် ဘေးတစ်ဘက်သို့ ရွှေ့ပေးလိုက်ကာ မေးခွန်းထုတ်ပြန်၏..
" မနေ့ညတုန်းက  ကောင်းကောင်းအိပ်ပျော်ခဲ့ရဲ့လားဗျ..?"
စုန့်ယွင်ရန်သည် သူ့အား တစ်ချက်ကြည့်ကာ စိတ်မရှည်တော့ဟန်ဖြင့် " ခင်ဗျား ဘာဖြစ်နေတာလဲ..?ဘာလဲ ဒီ ပါးပါးနဲ့ စကား စမြည် ပြောချင်နေတာလား..?အရေးမပါတာတွေ အရေးလုပ်နေတယ်..!"
ထိုစကားဆိုပြီးသည်နှင့် ချင်ကဲထံမှ အကြည့် လွှဲကာ ချိန်ကျားမင်ကိုသာ ဆက်၍ စောင့်ကြည့်လိုက်တော့၏..
ချင်ကဲ ; "......"
တော်တော်လေး ကို ပုံမှန် မဟုတ်တော့ဘူး..
ဘေးမှ ကြည့်နေသည့်  ရှောင်ခယ့်မှာ နှလုံးသားကြီးတစ်ခုလုံး စိုးရိမ်သောက ဗျာပါဒ များနှင့် ပြည့်နှက်လာလေတော့သည်...
တော်တော်ကြီးကို သိသာနေပြီပဲ...မနေ့ည တုန်းက ချင်ကဲ တို့ ဥက္ကဌလေးရှောင်စုန့်ကို ကလန်ကဆန်လုပ်မိသွားတာဖြစ်ရမယ်..အဲဒါ ကြောင့် ဥက္ကဌပေါက်က သူ့ကို ဒီနေ့ အေးတိအေးစက် ဆက်ဆံနေတာဖြစ်ရမယ်...
အမှန်တရားအား ဆက်လက်၍မတူးဖော်ရဲတော့လေရာ ချင်ကဲထံ ဖုန်းပြ၍ စကားဆိုလိုက်တော့၏..
" အစ်ကိုချင်ကဲ  တစ်ယောက်ယောက် က Wechat ကနေ အစ်ကို့ဆီ အခုပဲ စာပို့လိုက်တယ်ဗျ.."
ချင်ကဲသည် သူ့အား ကျေးဇူးတင်စကား ဆိုကာ ဖုန်းယူကြည့်လိုက်တော့သည်...
{ အနီရောင်အဆင့် သတိပေးချက် ; မင်းသားလေးနှလုံးသားထဲက မင်းရဲ့ပလ္လင် နေရာလုခံရတော့မယ်}
သူ၏ ပုံပန်းသဏ္ဍာန်မှာ ထူးခြားသွားသည့် ဟန်ပေါ်မလာသော်လည်း သူ့နှလုံးသား ထဲတွင်ကား အဆုံးမရှိသော မေးခွန်းများနှင့် ပြည့်နှက်သွားတော့၏...
ကျုံးရှောင်ဖန်းသည်ကား အမြဲလိုလို အနည်းငယ် နားပူနားဆာ တကျည်ကျည်လုပ်တတ်သူ ဖြစ်၏.. ထို့ကြောင့် သာမာန်ဆိုလျှင် သူ(ကျုံး) ၏ စာအား ချင်ကဲ အရေးတယူလုပ်လေ့မရှိ..သို့သော် ယခုတွင်မူ သူ၏ရှေ့ရှိ
စုန့်ယွင်ရန် သည်လည်း ပုံမှန်နှင့်မတူဘဲ
ထူးဆန်းနေလေရာ မေးခွန်းပေါင်းမြောက်များစွာက သူ့အတွေးထဲတွင် ပေါ်ထွက်လာတော့၏..
မနေ့ည တုန်းကတော့ အကုန်လုံး အဆင်ပြေ ပြေနဲ့ပါ...ဘာလို့ ဒီနေ့ကျမှ ရုတ်တရက်ကြီး ပြောင်လဲသွားတာပါလိမ့်...?
သူက မနေ့ညတုန်းက ညဥ့်နက်မှ အိပ်ပျော်သွလို့ အခုမှ နိုးလာတာမဟုတ်လား..ငါ့ကို Monica အစစ် မဟုတ်ရမလားဆိုပြီး မကျေမနပ် ဖြစ်သွားတာများလား..ဒါပေမဲ့ မနေ့ညကတည်းက အဲ့ကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဖြေရှင်းပြီးသားပါ..
ချင်ကဲ၏ မျက်ခုံးတန်းကြီးနှစ်ခုကား တွန့်ချိုး လာလေပြီ..သူအဖြေမထုတ်နိုင်သေးခင် သူ့ဘေးတွင် လူတစ်ယောက် မရှိတော့ကြောင်း ရုတ်တရက် သတိပြုမိသွားတော့၏..
သူ့ခေါင်းအား မော့ကြည့်လိုက်စဉ် စုန့်ယွင်ရန် သည် သူ့အား ကျောခိုင်းကာ နောက်မလှည့် ကြည့်စတမ်း ထွက်သွားလေပြီ..
ထွက်သွားသူအား လှမ်းခေါ်ရန်ပြင်လိုက်စဉ် ဘော်ဒီဂတ် အေနှင့်ဘီက သူ့ဆီသို့ရောက်လာကာ စကားဆိုကြတော့၏..
" မစ္စတာချင်ခင်ဗျ... ချိန်ကျားမင် ကြည့်ရတာ ဝါယာကြိုးတွေကိုလေ့လာနေတဲ့ပုံပဲဗျ.."
ချင်ကဲသည် အဘယ်ကြောင့် သူတို့အား
ချိန်ကျားမင်ကို စောင့်ကြည့်ခိုင်းထားကြောင်း မသိသော်ငြား တာဝန်ဝတ္တရားအတိုင်း မြင်တွေ့ရသည်အား အမှန်အတိုင်း တင်ပြခြင်းဖြစ်၏..
ချင်ကဲသည်ကား ခပ်တိုးတိုးပင်ညွှန်ကြားသည့် စကား ဆက်ဆို၏...
"ဆက်ပြီးစောင့်ကြည့်ထားလိုက်.."
လူပေါင်းများစွာရှိနေသည့် ရိုက်ကွင်းဖြစ်သည့်အပြင် သေသေချာချာ စောင့်ကြည့်နေသူများရှိလေရာ ချိန်ကျားမင်သည် တစ်ခုခုကြံစည်မည် ဆိုလျှင်တောင် အကောင်အထည်ဖော်ရန် ခက်ပေလိမ့်မည်...
ချိန်ကျားမင် ကိစ္စနှင့် နှိုင်းယှဉ်ပါက
စုန့်ယွင်ရန် မူမမှန်ဖြစ်နေသည့် ကိစ္စအား ချင်ကဲ ပို၍အလေးထား၏..
စုန့်ယွင်ရန်သည်လည်း ချိန်ကျားမင်၏ လှုပ်ရှားမှုများအား ကောင်းကောင်းသတိပြုမိ၏..
ထိုလူသည် ရိုက်ကူးရေးဝန်ထမ်းများနှင့် မီတာအနည်းငယ် အကွာတွင် ရပ်နေပြီး တစ်စုံတစ်ခုအား မသက်မသာဖြစ်နေပုံရ၏..
ဟမ့် တစ်ချက်ကြည့်လိုက်တာနဲ့ သိတယ် ချင်ကဲ သုံးမယ့် ဝါယာကြိုးတွေကို ကလိမ်ကကျစ် လုပ်ဖို့ အကြံထုတ်နေတာပဲ ဖြစ်ရမယ်..
ထိုအကြောင်းအား တွေးမိသည်နှင့် အချိန်မဆွဲတော့ဘဲကျယ်ကျယ်လွင့်လွင့်ရှိကာ
မြင်ကွင်းကောင်းသည့်နေရာအား ရှာ၍ နေရာယူလိုက်တော့သည်..ထို့နောက် ဖုန်းထုတ်ကာ သက်သေများအား လက်ဆုပ်လက်ကိုင်ပြနိုင်ရန်အတွက် ဓါတ်ပုံရိုက်ယူထားရန် ကြံလိုက်တော့သည်...
မျှော်လင့်ထားသကဲ့သို့ ဖုန်းကင်မရာ မြင်ကွင်းသည်ကား အဆင်ပြေမနေလေရာ နောက်သို့ ခြေလှမ်းဆုတ်၍ မြင်ကွင်းကောင်းကောင်းရရန် ကြိုးပမ်းလိုက်၏.. သို့ရာတွင် အနီးအနားတွင် ရှိနေသည့် ရိုက်ကူးရေးလုပ်ရာတွင် သုံးသည့် မီးတိုင်ကြီးအား တိုက်မိသွားလေတော့သည်..
ရင်းနှီးနေသော လက်တစ်ဖက်က သူ့ ကျောဘက်ဆီသို့ရောက်လာကာ သူ၏ အင်္ကျီကော်လာ အားဆွဲ၍ ကြောင်တစ်ကောင်ကဲ့သို့ သူ့အား မ၍ ဆောင့်ဆွဲလိုက်တော့၏..
စုန့်ယွင်ရန်သည် အလန့်တကြားနောက်လှည့်ကြည့်လိုက်ရာ ချင်ကဲ၏ ဒေါသထွက်နေသည့် မျက်လုံးနှင့် ရင်ဆိုင် တွေ့လိုက်ရ၏..
"ဘာလို့ လျှောက်သွားနေတာလဲ ဟမ်..?"
ချင်ကဲ၏ အနိမ့်သံသြသြထဲတွင် ဖိနှိပ်ထားသည့် ဒေါသတရားများအား အတိုင်းသားကြားနိုင်၏..
" ရိုက်ကူးရေး ဝန်ထမ်းတွေ ဒီလောက်ရှုပ်ရှက်ခတ်အောင်အလုပ်များနေတာကို မမြင်ဘူးလား..?"
ချင်ကဲသည် ဆရာကွယ်လွန်သွားသဖြင့် ပင်ပန်းအားလျော့နေသည့်ပုံပေါက်စေရန်
ဖြူလျော်လျော်ဖြစ်စေသည့် မိတ်ကပ်အား လိမ်းချယ်ထားသည်ဖြစ်ရာ သူ၏ သွင်ပြင်မှာ ပုံမှန်ထက် ပိုမိုထက်ရှနေဟန် ပေါက်နေ၏.. နေ့အလင်းရောင် မိတ်ကပ်နှင့် သူ၏ မျက်နှာသွင်ပြင်အနေအထားတို့ကြောင့် ရက်စက်သည့် တစ္ဆေဘုရင်တစ်ပါးပုံ ပေါက်နေလေသည်..
စုန့်ယွင်ရန်မှာ ဆူပူခံလိုက်ရသည့်အတွက် အချိန်အတော်ကြာ စကားမဆိုနိုင်ဘဲ ကြောင်တောင်တောင်လေးဖြစ်နေရှာသည်..
ရေကဲ့သို့ ကြည်လင်တောက်ပနေသည့် မျက်လုံးတောက်တောက်လေးနှင့်သာ ချင်ကဲကို စိုက်ကြည့်နေရှာလေသည်...
ချင်ကဲ၏ တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးများသည်ကား ပြေလျော့သွားတော့၏..
ထို့နောက် သူ့၏ လေသံသည်ကား နူးညံ့လိုက်ကာ " မခိုင်းမိလိုက်ဘူးနော်..ဟုတ်တယ်မလားဗျ ..?"
" ခင်ဗျား ထိန်းပေးလိုက်တာပဲ မလား ဟမ့်.."
စုန့်ယွင်ရန်သည် သရော်သံပြုကာ အေးစက်
စက်ပင် ပြန်ဖြေလိုက်လေသည်..
ချင်ကဲသူ့အား ဒေါသတကြီး ဆူလိုက်
သည်အား သူ ဒေါသမပြေသေးပေ..
သူဒေါသထွက်လာသည့်အခါ သူ့ပုံစံမှာ ပို၍ ရန်မူလို ဟန်ရှိလာ၏..
ရိုက်ကူးရေး ဝန်ထမ်းများ အလုပ်ရှုပ်ကာ ပျားပန်းခတ် သွားလာနေသည်ကို သူသိ၏..ရိုက်ကူးရေးတွင်သုံးသည့် ပစ္စည်းများသည်လည်း နေရာအနှံ့ ပြန့်ကျဲနေကာ ကြမ်းပြင်ပေါ်တွင် ဝါယာကြိုးများ ဟိုတစ်စဒီတစ်စနှင့် ရှုပ်ရှပ်ခတ်နေလေသည်.. ရိုက်ကူးရေး ဝန်ထမ်းများသည်လည်း သွားကာ လာကာ ရွှေ့ကာပြောင်းကာနှင့် ဆူညံနေကြ၏..အကယ်၍
ချင်ကဲ ကြောင့်သာ မဟုတ်လျှင် သူသည်လည်း နေပူပူအောက်တွင် ဆူညံနေသည့်  ဤနေရာသို့ ယနေ့ရောက်လေလိမ့်မည်မဟုတ်...
ကလေးဘဝမှစ၍သူ၏ မိဘနှစ်ပါးမှ လွဲလျှင် သူ့အား မည်သူကမှ မဆူမငေါက်ရဲကြပေ..
ထို အကြောင်းတွေးလိုက်သည်နှင့် ချင်ကဲ သူ့အား ငေါက်ငမ်းလိုက်ခြင်းအား ဒေါသထွက်လာကာ သခင်ငယ်လေးဗီဇ နိုးထလာတော့သည်..
ချိန်ကျားမင်း ကြံစည်သည့် ကိစ္စမှာ ကြီးကြီးမားမားဖြစ်ပွားခြင်းမရှိခဲ့..ထိုအချိန်က ချင်ကဲ ပြုတ်ကျ ခဲ့သော်လည်း အရိုးသာ ကျိုးသွားခြင်းဖြစ်၏..
သူ(ချင်ကဲ) သေဆုံးသွားခြင်း မဟုတ်လေရာ သူ(စုန့်ယွင်ရန်)တွင် ဤ နေရာ၌ ဆက်နေစရာ အကြောင်းမရှိတော့ပေ..
တော် တော် တော်
မင်းက မင်းအဖေ ငါ တစ်နေ့လုံး ပင်ပင်ပန်း
ပန်း လုပ်ပေးနေတာကို ဒေါသထွက်ပြီး ဆူလိုက်သေးတယ်..ဒီ ပါးပါး ဒေါသထွက်သွားပြီကွ
ဟမ့်...
စုန့်ယွင်ရန်သည် စိတ်ထဲမှ အနည်းငယ် ကျိန်ဆဲ လိုက်ပြီးနောက်  ချင်ကဲအား တွန်းထုတ်လိုက်ကာ မကြည်မလင်ဖြစ်နေသောမျက်နှာနှင့် " ကျုပ် အရင်ပြန်နှင့်ပြီ.." ဟု ဆိုလိုက်တော့၏..
ချင်ကဲသည် သူ့အား လှမ်းတားကာ
" ဘာလို့ ခင်ဗျားလေးက ဒီလောက်တောင် ချော့ရတာ  လက်ပေါက်ကတ်ပြီး ခွတီးခွကျ နိုင်ရတာလဲကွာ...?"
ထိုစကား သူ့နှုတ်ခမ်းဖျားဆီမှ ထွက်သွားသည်နှင့် ချင်ကဲ သူ့ ကိုယ်သူ တအံတသြနှင့်
ပြန်လည် သုံးသပ်မိသွား၏..
ဒါကြီးက အနုပညာရှင်တစ်ယောက်က သူ့သူဌေး ကို မေးခွန်းထုတ်တဲ့ ပုံစံမျိုး လည်း မဟုတ်သလို သူငယ်ချင်း အချင်းချင်း ပြောတဲ့ ပုံစံမျိုးလည်း မဟုတ်ပါလား..ဒီမေးခွန်းက  ထူးဆန်းတာထက်ပိုတဲ့ အဓိပ္ပါယ်ပါနေသလိုပဲ..
သို့သော် အဖြေတိတိကျကျ ကိုကား သူမသိ. မီးပွားလေးတစ်စက သူ့ရင်ထဲတွင်ပေါက်ဖွား လာသော်လည်း ထို မီးစလေးသည်ကား တဖြည်းဖြည်း ငြိမ်းသွားလေပြီ..ထိုမီးစလေး အစား တစ်ဖက်လူအား စိတ်ရှည်လက်ရှည် ရှင်းပြချင်စိတ်က အစားထိုးသွားတော့၏...
စုန့်ယွင်ရန် ဒေါသအမျက် ခြောင်းခြောင်းထွက်လာပြီ.. " ကျုပ်က ဘယ်မှာ ခွတီးခွကျ နိုင်လို့တုန်း..?ဘာလို့ ကျုပ်ကို လူ့ဂွစာ လို့ခေါ်ရတာတုန်း ဟမ်..?"
ဟယ်ကျီယူသာ ဤ နေရာတွင်ရှိပါက စုန့်ယွင်ရန် ပုံစံကိုကြည့်၍ ခွက်ထိုးခွက်လန် ရီပေလိမ့်မည်..
နှစ်ပေါင်းများစွာ ကုန်လွန်လာသော်လည်း စုန့်ယွင်ရန်၏ ရန်ထောင် စကေးမှာ တိုးတက်မလာ..မူလတန်းကျောင်းသား ကြက်ပေါက်
စုန့်ယွင်ရန် နှင့် ယခု ဂလက်ဆီ ဥက္ကဌ စုန့်ယွင်ရန် ရန်ဖြစ်ပုံမှာ နဲနဲလေးပင် ကွာခြားသွားခြင်းမရှိပေ...တိုးတက်မှုသည်ကား နတ္ထိပင်...
ထို့အပြင် သူရင်ဆိုင်တွေ့နေရသည့် ရန်ဖြစ်ဖော်မှာ ချင်ကဲဖြစ်၏..
ရှုပ်ထွေးနေသော ခံစားချက်တစ်ချို့ကြောင့် သူ၏ ရန်ဖြစ်စွမ်းရည်မှာ ပို၍ ကျဆင်းသွားလေပြီ...
မူလတန်းအဆင့်မှ မူလတန်းနှစ်ကျ အဆင့် ရောက်သွားတော့၏..
သို့ရာတွင် ချင်ကဲ သည်ကား ဥက္ကဌပေါက်လေး ဒေါသပိုထွက်မလာစေရေး ခေါင်းငုံ့လိုက်ကာ ချော့မြူ ရှာလေတော့သည်..
" ဟုတ်ပါတယ်ဗျာ..ဒါက ကျွန်တော့် အမှားပါ."
အဆုံးတွင် ခေါင်းလေးအား စောင်းကာ ရေငုံနှုတ်ပိတ်၍သာ နေလိုက်တော့၏..
ချင်ကဲသည် သူ့အားကြည့်ကာ ကိုယ်နေဟန်ထား ကိုပါ နှိမ့်ချလိုက်တော့၏..ထို့နောက်
" ခင်ဗျားလေးက ရှုတင်ကို ရောက်လာပေမယ့် ကျွန်တော့်ကို လျစ်လျူ ရှုထားတာကိုးဗျ.. အဲဒါကြောင့် ကျွန်တော်လည်း စိုးရိမ်စိတ်လေး နည်းနည်း ဝင်သွားတာပေါ့..ကျွန်တော် ပြောချင်တာကို နားလည်တယ်မလားဟင်..?"
စုန့်ယွင်ရန်မှာ ချင်ကဲ၏ ရုတ်တရက် ဝန်ခံစကားကြောင့် ကြက်သေသေသွားရှာသည်...
ထို့နောက်တွင်   သြော် ဒါကြောင့် ချင်ကဲ အသံက ဒေါသသံပါလာတာကိုး..အေးပေါ့လေ..အဖေက သားဆီ လာလည်တာကို သူ့ကို တစ်ယောက်တည်း ပစ်ထားပြီး လျှောက်သွား နေသလို ဖြစ်သွားတာကိုး..သူ့ခမျာ အထီးကျန် သွားရှာနေမှာ...
စိတ်ကျေနပ်သွားသည့် အမောင်စုန့်မှာ ကော့တက်ချင်နေသည့် နှုတ်ခမ်း ထောင့်စွန်းလေးများ အတင်းဆွဲချကာ ချောင်းဟန့်လိုက်ပြီး
" စောစောလေးကတည်းက အဲလိုပြောလိုက်ပြီးရော..တကယ်ပါပဲ ဟမ့်.."
ချင်ကဲလည်း အမေးစကားမဆိုခင် ပြုံးလိုက်တော့၏..ထို့နောက် " ဥက္ကဌလေးက အခု ဘယ်သူ့ကိုရှာနေတာလဲဟင်..?"
အမှန်တရားအား ထုတ်မပြောနိုင်သော စုန့်ယွင်ရန် ခမျာ တလွဲသာ ဖြေလိုက်တော့သည်..
" ဘယ်သူ့မှ ရှာနေတာ မဟုတ်ပါဘူး..ဒီအတိုင်း ဟိုနား ဒီနား လှည့်ပတ်ကြည့်တဲ့ သဘောပါ..နောက်ထပ်လည်း ဟိုဟိုဒီဒီ လျှောက်မသွားတော့ပါဘူး..ဟုတ်ပြီလား...ရိုက်ကူးရေးလုပ်နေတဲ့နေရာကို ပြန်တော့လေ...ဇာတ်လမ်းရိုက်ဖို့ နောက်ကျသွားဦးမယ်.."
ချင်ကဲသည် ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေသော်လည်း ထိုအချိန်၌ ဒါရိုက်တာကြီးခေါ်သံ အား ကြားလိုက်ရသဖြင့် အမြန်ထွက်သွားလိုက်ရတော့၏...
ထိုနေရာမှ အထွက်ခင် ချိန်ကျားမင်အား တစ်ချက်လှမ်းကြည့်လိုက်ရာ အနှီသူမှာ ကြိုးဆိုင်း ဝါယာများနှင့် ဝေးရာတွင် ရှိနေသည်အား အတည်ပြု ပြီးနောက် ဒါရိုက်တာကြီးဆီသို့ အမြန်ထွက်သွားလေတော့သည်..
ချိန်ကျားမင်သည် ချင်ကဲ ထွက်သွားသည်နှင့် စုန့်ယွင်ရန်အား အကဲခတ်လိုက်တော့၏...
သူတို့နှစ်ဦး၏ ပြောစကားများအား သေချာ မကြားလိုက်သေည်လည်း သူ့အတွေးများ လွဲချော်လိမ့်မည်မဟုတ်ဟု သူထင်၏...
သူတို့နှစ်ဦးမှာ အချိန်အတော်ကြာ တွန်းလိုက် ဆွဲလိုက်နှင့် ရှိနေခဲ့ကြရာ လိင်တူချစ်သူနှစ်ယောက် ရန်ဖြစ်ရာမှ ပြန်ပေါင်းထုပ်သည့်ဇာတ်လမ်း ဖြစ်မည်ဟု သူထင်သည်..
သို့ရာတွင် သူတို့နှစ်ဦးသည်ကား အတည်တကျ တွဲနေသည့် အတွဲဖြစ်ပါသည်ဟု တထစ်ချ ကောက်ချက်ချ၍ မရနိုင်...
ချင်ကဲသည် မာနကြီးကာ အထက်စီးဆန်သည့် လူမျိုးဖြစ်သော်လည်း စုန့်ယွင်ရန် ဒေါသ ထွက်လာသည့်အခါ တုပ်တုပ်ပင်မလှုပ်ရဲတော့ပဲ ချော့မြူ ရဟန်ရှိ၏..
ထိုသည်ကို ကြည့်ခြင်းဖြင့် ထို အဖိုးတန်ရွှေသခင်လေးအားသူ ပြန်မလှန်ရဲကြောင်း သိနိုင်လေသည်...
ချိန်ကျားမင်သည် အရင်တစ်ခေါက်က တိုက်ခိုက်ရေး လေကျင့်သည့် ခန်းမတွင် ချိမ်းခြောက် ခံထားရသည်အား မမေ့သော်ငြား စိတ်ကူးယဉ်ဇာတ်လမ်းကိုကား ဉာဏ်မကွန့်မြူးပဲ မနေနိုင်ရှာ...
သို့ရာတွင် ထုတ်မပြောသင့်သော စည်းကမ်းများကို လိုက်နာရမည်ဖြစ်ကာ အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမှ သူ ဖွင့်ပြောရန် စိတ်မကူးရဲပေ..
ထိုအချိန်၌ပင် စုန့်ယွင်ရန်တစ်ယောက် သူရှိရာသို့ ခပ်ဖြည်းဖြည်း လျှောက်လာကြောင်း ချိန်ကျားမင် တွေ့လိုက်ရ၏...
" ချိန်ကျားမင် ဆိုတာ ခင်ဗျားလားဗျ .?" စုန့်ယွင်ရန်သည် စိတ်ကောင်းဝင်နေသည်ဖြစ်ရာ သူ၏ လေသံမှာ နူးညံ့နေလေသည်...
ချိန်ကျားမင်သည် သတိထားကာ ပြန်ဖြေလေသည်..." ကျွန်တော် ဘာအမှား လုပ်မိထားလို့လဲဟင်.."
စုန့်ယွင်ရန်သည်ကား တဲ့တိုးပင် " ခင်ဗျားတွေးနေတွေကို ကျွန်တော် သိတယ်" ဟု ဆိုချလိုက်သည်...
"...?"
ချိန်ကျားမင် သည်ကား အလန့်တကြားဖြစ်ကာ ကြောက်ရွံ့ သွားတော့သည်..
ခုနတုန်းက ချင်ကဲ မရှိရင် ကောင်းမှာပဲ ဆိုပြီး တွေးမိတဲ့ ငါ့အတွေးကိုပဲ သိသွားတာလား မသိဘူး...ဒုက္ခတော့ ရောက်ပြီ  ဟု ကြောက်လန့်တကြားဖြစ်နေချိန်တွင် ...
"ခင်ဗျား ဒီနေ့ ဘယ်အချိန် ရိုက်ကူးရေး ပြီးမှာလဲဟင်..?" ဟူသော စုန့်ယွင်ရန်၏ အမေးစကား အား ကြားလိုက်ရသည်...
" ညနေပိုင်း ၇ နာရီ လောက် ဆို ပြီးမှာပါ ခင်ဗျ..ဘာလို့ မေးတာလဲဟင်..?" ချိန်ကျားမင်သည်က ပို၍ တုန်လှုပ်လာလေ၏..
စုန့်ယွင်ရန်သည် ချင်ကဲ ကိုယ်ပေါ်တွင် ဝါယာ ဆိုင်းကြိုးများ တပ်ဆင်ပြီးသည်ကို မြင်လိုက်ပြီး ချိန်ကျားမင်လည်း မည်သည့် အကြံအစည်ကို မှ ယနေ့တွင်  အကောင်အထည်
မဖော်လိုက်နိုငကြောင်း သေချာသွားသောအခါ သူ၏ မူလ အစီအစဉ်ဖြစ်သည့် " သိုင်းလောကက လမ်းမများ" ဇာတ်လမ်းမှ ချိန်ကျားမင် နှုတ်ထွက်ရေး ဆွဲဆောင်မည်ဟူသော အကြံအစည်အား အကောင်အထည်ဖော်ရန်  ကြံစည်လိုက်တော့သည်..
" ဒါဆိုရင် ခင်ဗျား အလုပ်ပြီးတဲ့အခါ ကျွန်တော့်ဆီ လာခဲ့လို့ရမလား..? ကျွန်တော်လည်း ခင်ဗျားနဲ့ တစ်ဟိုတယ် မှာ တည်းနေတာတာပါ..အခန်းနံပါတ်က.."
စုန့်ယွင်ရန်သည် စကားပြောရင်း တန်းလန်းပင် ဖုန်းထုတ်ကာ လက်ထောက်တန် ပို့ထားသည့် message အားဖွင့်ကြည့်ကာ ဆိုလိုက်သည်...
" အိုး..အခနအမှတ်က ၁၇၀၂ တဲ့...ကျွန်တော် ခင်ဗျားနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးစရာလေး ရှိလို့ပါ.."
ချိန်ကျားမင် ; "........?"
စုန့်ယွင်ရန်သည် အနည်းငယ် ထပ်တွေးပြီးနောက် ထပ်ဖြည့်ပြောလိုက်၏..
"စကားမစပ် ပြောရဦးမယ်...အခြားလူတွေကို  ဒီကိစ္စပြန်မပြောရဘူးနော်..ခင်ဗျား တစ်ယောက်တည်း ကျွန်တော့်ဆီ လာခဲ့.."
ချိန်ကျားမင်ခင်မျာ အသက်ရှုပင် ကျပ်လာကာ နဖူးထက်၌ ချွေးစေးများပင် သီးလာတော့၏..
စောင်ကျိုးနည်း.....
ဒီသခင်လေးက ငါ့ကို မျက်စိကျသွားပြီး သူ့ မောင်းထီးဆောင်ထဲ ဆွဲထည့်တော့မလို့များလား...
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now