Chapter 13

607 109 3
                                    

(Unicode)

သူ အပြင်ဘက်ရှိ ခြေသံများကြားရသည့်အချိန်တွင် မှောင်နေဆဲပင်ရှိသေး၏။ ကျောက်ယဲ့လန် ချက်ချင်း နိုးသွားခဲ့ရသည်။ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်တတ်၍ အသံလေးတစ်သံကပင် သူ့ကို အလွယ်တကူ နိုးလာစေသောကြောင့်ပင်။ အိပ်ရာမှထပြီး ပထမဆုံးလုပ်သည့် အရာမှာ ယန်မျင်ထျင်၏ ခန္ဓာကိုယ်ပေါ်သို့ တက်နင်းလိုက်ခြင်းဖြစ်သည်။ "အပြင်ထွက်ကြည့်လိုက်"

ယန်မျင်ထျင်က နှစ်ခါ၊ သုံးခါလောက် အနင်းခံရပြီးနောက်၌ ထထွက်သွားကာ တံခါးဝသို့ သွက်လက်တက်ကြွသည့် ဟန်ပန်ဖြင့် ရောက်ရှိသွားသည်။ "ဘယ်သူလဲ"

"ရှောင်ကောင်းပါ" ကောင်းထန်က တံခါးခေါက်လိုက်၏။ "အရှင်၊ ဒီနေ့ ရုံးတော်ကို သွားမှာပါလား"

"သွားမှာ" ကျောက်ယဲ့လန်က ပြန်ဖြေသည်။

သူ မနက်ခင်းညီလာခံကို ရက်ကြာရှည် ဆက်တိုက် မသွားခဲ့ခြင်းဖြစ်ရာ သူသာ ထပ်မသွားဘဲနေပါက ဤလူများက သူသေသွားပြီဟုပင် ထင်ကြလိမ့်မည်။

ကောင်းထန်က တံခါးဖွင့်လိုက်ကာ သူ့ကို နန်းတွင်းဝတ်ရုံလာလဲပေးသည်။ ခရမ်းရောင်ဝတ်ရုံက သူ့အပေါ်ပိုင်းခန္ဓာကိုယ်နှင့် လိုက်ဖက်လွန်းလှ၍ ကွက်တိကျလျက်။ အမွှေးနံ့သာများကို ဝတ်ရုံတွင် လိမ်းကျံပြီးသည်နှင့် မွှေးကြိုင်လှသည့် ရနံ့များက ကျန်ရစ်နေခဲ့ကာ ဝတ်ရုံတွင်မူ အတောင်ပံဖြန့်ထားသည့် ကြိုးကြာငှက်များဖြင့် ပန်းထိုးထား၏။ ခါး၌လည်း ရွှေနှင့် ကျောက်စိမ်း ခါးပတ်တစ်ခုနှင့် ရွှေငါးအိတ် (1) တစ်ခုကို ချိတ်ဆွဲထားသည်။

T/N _ (1) ID card for officials

ပေကျင်းသို့ပြန်လာပြီးနောက်တွင် ယန်မျင်ထျင်မှာ ညီလာခံကို အကြိမ်ပေါင်းများစွာ တက်ရောက်ခဲ့သော်လည်း ဘေးပတ်လည်တွင် နန်းတွင်းဝတ်ရုံကို ထိုသို့သော အရှိန်အဝါမျိုးဖြင့် ဝတ်ဆင်သည့် အမတ်အရာရှိများအား တစ်ယောက်မှ မတွေ့ခဲ့ရပေ။

သူ အဝတ်မလဲခင်တွင် ထိုသူကို အကြိမ်အနည်းငယ် လည်ပြန်ငေးကြည့်မိသွားသည်။

ကျောက်ယဲ့လန်နှင့် ယန်မျင်ထျင်၏ အမှုထမ်းဝတ်ရုံက အလွန်ပင် ဆင်တူလှသည်။ နှစ်ယောက်လုံး၏ ဝတ်စုံများမှာ ဂုဏ်သိက္ခာနှင့် ကျက်သရေကို ကိုယ်စားပြုသည့် ခရမ်းရောင် ဖြစ်သော်လည်း ဗိုလ်ချုပ်ဝတ်စုံမှာ ကျားပုံစံပန်းထိုးထားပြီး သူက ရုံးတော်သို့ ဓားတစ်လက် ကိုင်ဆောင်လေ့ရှိလေသည်။ သာမန်တပ်အရာရှိများက ဓားတစ်ချောင်းသာ သယ်ဆောင်ခွင့်ရှိသော်လည်း ဗိုလ်ချုပ်များက နှစ်ချောင်း သယ်ဆောင်သွားနိုင်၏။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now