Chapter 45

420 89 7
                                    

(Unicode)

ကျောက်ယဲ့လန်က ဝယ်ယူလာခဲ့သည့် အရာများကို စီစဉ်ရန် အိမ်တော်ထိန်းကြီးချင်းထံ ကမ်းပေးလိုက်ပြီး ကောင်းထန်နှင့်အတူ အိပ်ခန်းသို့ ဝင်သွားခဲ့သည်။ သူ အိမ်ဂရန်တစ်ခု ယူထုတ်လိုက်ကာ ကမ်းပေးလိုက်၏။ "မင်းက ငါနဲ့အတူ နှစ်တွေအများကြီး ရှိခဲ့တာ။ အခု မင်းလည်း မိသားစုတစ်စုစဖို့ အချိန်ရောက်ပြီ။ မင်း ဒီဂရန်ကို ယူပြီး သွားကြည့်လိုက်ဦး။ အိမ်ကို တစ်ခုခုများ ပြင်ဆင်ရဦးမလားလို့။ နောက်ကျရင် ပရိဘောဂအသစ်တွေ ဝယ်ပြီး မင်း သဘောကျတဲ့ မိန်းကလေးတစ်ယောက်နဲ့ အတူတူနေပေါ့"

ရှောင်ကောင်းက အိမ်ဂရန်ကို ကြည့်ပြီးနောက် သူ့ကို လှမ်းကြည့်လိုက်ကာ အမြန်ပင် နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်၍။ "သခင်၊ ကျွန်တော်က ထန်ဟူလုပဲ လိုချင်တာ။ အိမ်ဂရန်မဟုတ်ဘူး"

"ငါ သိတယ်" ကျောက်ယဲ့လန်က သူ့ခါးပတ်အတွင်းသို့ ထိုးထည့်လိုက်ကာ ခပ်တိုးတိုးဖြင့်။ "မင်းလည်း အရွယ်ရောက်လာပြီဆိုတော့ ကိုယ့်အိမ်ကိုယ့်ရာနဲ့ နေဖို့ အချိန်ကျပြီ။ မင်း နေဖို့ နေရာကောင်းရှာမတွေ့ရင်လည်း မင်းဦးလေးကို စီစဉ်ခိုင်းလိုက်။ သူက မင်းအတွက် အလုပ်ကောင်းတစ်နေရာလောက် ရှာပေးမှာပါ"

"ကျွန်တော်မှ ဦးလေးကောင်းကို မလိုချင်တာ" ရှောင်ကောင်းက နှုတ်ခမ်းစူလျက်သား။ "သခင်၊ ဘာကိစ္စရှိလို့လဲ။ ကျွန်တော့်ကို မလိုချင်တော့ဘူးလား"

ကျောက်ယဲ့လန်က သက်ပြင်းချလိုက်ကာ ကြင်နာစွာ နှစ်သိမ့်ပေးလာသည်။ "မင်း မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ပြီး ကလေးမယူချင်ဘူးလား"

"မယူချင်ပါဘူး" ရှောင်ကောင်းက တုံ့ဆိုင်းခြင်းပင် မရှိပေ။

"......"

"မိန်းမယူပြီး ကလေးမွေးလိုက်ရင် အိမ်တော်ထိန်းကြီးချင်းလိုပဲ လူအိုကြီး ဖြစ်သွားမှာပေါ့။ ကျွန်တော်က သခင့်နောက်ကိုပဲ လိုက်ချင်တာ" ရှောင်ကောင်းက ရုတ်တရက် မေးလိုက်သည်။ "သခင်က သေတော့မှာလား"

"......"

"ကျွန်တော့်အဖေသေတုန်းက သူလည်း အခုသခင့်လိုမျိုးပဲ။ မသေပါနဲ့၊ သခင့်ကို ကျွန်တော် မသေစေချင်သေးဘူး" ရှောင်ကောင်းက စကားပြောနေစဉ် သူ့မျက်ဝန်းများမှာလည်း နီမြန်းလာခဲ့၏။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now