Chapter 1

2.8K 190 0
                                    


(Unicode)

ဖေဖော်ဝါရီလဖြစ်၍ နွေဦးကာလလေညင်းက အေးစိမ့်စိမ့် ဖြစ်နေ၏။ အေးစက်စိုစွတ်နေသည့် လေထုက မြေပြင်ပေါ်သို့ ထိုးဖောက်သွားသောကြောင့် အအေးဒဏ်က ပိုမိုချမ်းအေးလာသည်။ ထောင်စောင့်များက သေရည်များကို အပူပေးကာ တစ်ငုံ၊ နှစ်ငုံ အာခေါင်စွတ်ကြပြီး ခန္ဓာကိုယ်ကို နွေးထွေးစေရန် ပြုလုပ်ကြသော်လည်း အလွန်အကျွံ သောက်ရန်တော့ မဝံ့ရဲကြပေ။ ဤထောင်မှ အကျဉ်းသားများအားလုံးက ရာဇဝတ်သားများ ဖြစ်ရာ အရေးကြီးသည့် ကိစ္စများတွင် ပြီးစလွယ် မလုပ်ရဲကြ။

သေရည်ဖြင့် လည်ချောင်းကို ပူနွေးစေလိုက်ပြီးတွင် သေရည်ဖြင့် တစ်ခုခု တွဲဖက်ရမည်ဖြစ်ရာ စကား အမျှင်မပြတ် ပြောဆိုကြတော့၏။ အိမ်မှ အစား အသောက်၊ အဝတ်အစားများမှ အစ အကျဉ်းထောင်ထဲရှိ ထောင်သားများအကြောင်း အဆုံး တစ်ယောက်နှင့်တစ်ယောက် စကားစမြည်ပြောဆိုကြရင်း အပြင်က ကောလာဟလများကို အထဲသွင်းလာသည့်သူက မည်သူမှန်း ပြောရန် ခက်လှသည်။

"မင်းတို့ ကြားပြီးပြီလား။ ပြီးခဲ့တဲ့ နှစ်ရက်တုန်းက ပုံမှန်မဟုတ်တဲ့ သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ခဲ့တယ်တဲ့။ ထိုက်ရှန်းတောင်ကြီးက လှုပ်ခါပြီး မိုးခြိမ်းသံလို ဟိန်းဟောက်နေလို့ တချို့လူတွေကတော့ ဘုရားသခင်က အပြစ်ပေးတာလို့ ပြောကြတယ်"

ထိုကိစ္စက ပေကျင်းကို လှုပ်ခတ်သွားခဲ့သည်။ ထိုက်ရှန်းတောင်ကြီး လှုပ်ခါခြင်းက တိုင်းပြည်၏ ကံကြမ္မာရေး လက္ခဏာတစ်ခု ဖြစ်ကာ ဧကရာဇ်အသစ်က တိုက်ရိုက်ထီးနန်းဆက်ခံသူ မဟုတ်ဟု ဆိုလိုခြင်း ဖြစ်၏။ သူ၏မယ်တော်က ဩဇာအာဏာမရှိသည့် နန်းတွင်းအစေခံတစ်ဦး ဖြစ်သော်လည်း သူက ထီးနန်းကို ဆက်ခံနိုင်ခဲ့သည်။ ထီးနန်းတက်ပြီး တစ်နှစ်မျှပင် မပြည့်သေးရာ သူ၏ အချုပ်အခြာအာဏာက လွန်စွာ မတည်မြဲသေးပေ။ ထိုကဲ့သို့ ကောင်းကင်ဖြစ်စဉ်များ ပေါ်ပေါက်လာသည်အထိ ကောင်းကင်ဘုံက မကျေမနပ်ဖြစ်နေမည်ကို သူတို့စိုးရိမ်နေကြခြင်းပင်။

"ဒီကိစ္စအကြောင်း လျှောက်ပြောနေလို့ မကောင်းဘူး။ ဂရုစိုက်ဦး။ ဒီကိစ္စသာ ပျံ့နှံ့သွားရင် မင်းခေါင်းပဲ အဖြတ်ခံရမှာ" တစ်ယောက်က တိုးတိတ်စွာ သတိထား ပြောလာသည်။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now