Chapter 21

537 98 3
                                    

(Unicode)

အခန်းတွင်းရှိ လူနှစ်ဦးမှာ အိမ်တော်ထိန်းချင်း၏ အော်သံကြောင့် ထိတ်လန့်သွားရသည်။

ကျောက်ယဲ့လန်က ခေါင်းငုံ့ရင်း ယန်မျင်ထျင် လက်ထဲရှိ လိမ်းဆေးအဆီကို ကြည့်လိုက်ကာ အဝေးသို့ တွန်းထုတ်ပစ်လိုက်၏။ "ဆေးတွေကို ဖြစ်သလို လျှောက်မပေးဖို့ မင်းကို ငါ မပြောဘူးလား။ မင်းက သမားတော်လား"

ယန်မျင်ထျင်မှာ သူ အမှားလုပ်မိကြောင်း သိလေရာ တစ်ဖက်သို့ လှည့်၍ အိမ်တော်ထိန်းကြီးချင်းကို မေးလာသည်။ "ဒါဆိုရင် ဒီဆေးက ဘယ်နေရာမှာ သုံးရမှာလဲ။ ပြင်ပဒဏ်ရာတွေအတွက် သုံးလို့ မရဘူးလား"

အိမ်တော်ထိန်းကြီးချင်းမှာလည်း ထိုအကြောင်းကို ရေရေရာရာ မရှင်းပြတတ်ပေ။ အသုံးဝင်မည်လား ဆိုသည်ကို သူ မသေချာသော်လည်း အန္တရာယ်ရှိမည်ဟုတော့ မထင်ချေ။

"သမားတော်ကို သွားခေါ်" ကျောက်ယဲ့လန်က နောင်တရစွာ ဆိုလိုက်သည်။

"အခုချက်ချင်း သွားခေါ်လိုက်ပါ့မယ်" အိမ်တော်ထိန်းကြီးမှာ စိတ်သက်သာရာရသွားမိ၏။ ညလယ်ခေါင်တွင် သမားတော်၏ တံခါးကို သွားခေါက်ရင်း သူ့ကို ဗိုလ်ချုပ်စံအိမ်သို့ ဆွဲခေါ်လာခဲ့သည်။

လူးလိုက်လှိမ့်လိုက်ဖြင့် အိပ်ရာဝင်ချိန်ပင် ကျော်လွန်သွားခဲ့လေပြီ။ ဒဏ်ရာကြောင့် ရေမချိုးနိုင်သည့် ကျောက်ယဲ့လန်မှာ အနည်းငယ် စိတ်ရှုပ်နေသောကြောင့် အိပ်ရာပေါ်တွင် ခဏမျှ သုန်မှုန်စွာ လဲလျောင်းနေပြီးမှ အိပ်ပျော်သွားခဲ့၏။

နောက်နေ့မှာ ဗိုလ်ချုပ်ဟောင်းကြီး ဆုံးပါးသွားသည့် နှစ်ပတ်လည်နေ့ပင်။ ယန်မျင်ထျင်က တော်ဝင်ညီလာခံမှ ခွင့်တစ်ရက်ယူလိုက်သည်။ ကျောက်ယဲ့လန်၏ တော်ဝင်စာသင်ကျောင်းရှိ ရာထူးကလည်း အလုပ်လုပ်ရန် သိပ်မလိုလှ။ အမှုထမ်းများစွာ ရှိရာ သူ့ကိုပင် မလိုအပ်သော်ငြား ဧကရာဇ်က သူ စိတ်ကျေနပ်စေရန် ထိုရာထူးကို ခန့်အပ်ပေးခဲ့ခြင်းဖြစ်ရာ သူ ပျော်ပျော်ကြီးသာ နားနားနေနေ နေလိုက်မည်။

အိမ်တော်ထိန်းကြီးချင်းနှင့် အစေခံများက ဂါရဝပြုရန် လိုအပ်မည့် ပစ္စည်းများအားလုံးကို ပြင်ဆင်ထားပြီးလေပြီ။ တံခါးအပြင်သို့ ထွက်ရန် အကြိမ်ပေါင်းများစွာ တိုက်တွန်းခံရပြီးသည့်အခါ ယန်မျင်ထျင်က ကျောက်ယဲ့လန်ကို အပြင်သို့ ဖြည်းဖြည်းချင်း ကူတွဲပေးလာ၏။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now