(Unicode)
ယခုလေးတင် ဖြစ်ပွားခဲ့သည့် အရှုပ်အထွေးကြောင့် ဘေးလူများစွာက ရပ်ကြည့်လာကြသည်။ အပြင်ဘက်ရှိ အသံများ ကြားသည့်အခါမှသာလျှင် ကျောက်ယဲ့လန် အသိပြန်ဝင်လာကာ အသံတိုးတိုးဖြင့် ဆိုလိုက်မိ၏။ "ငါ့ကို လွှတ်"
"မင်းခြေထောက်က အားနည်းနေတာ မဟုတ်ဘူးလား" ယန်မျင်ထျင် သူ့ကို စနောက်လိုက်သည်။
ကျောက်ယဲ့လန်က သူ့ကို အဝေးသို့ တွန်းထုတ်လိုက်ပြီး သူ့ကို သက်ရောက်မှုမရှိကြောင်း ပြရန် ကြမ်းပြင်ပေါ်တွင် တည့်တည့်မတ်မတ် ရပ်လိုက်သော်လည်း သူ့အဝတ်အစားများက ညစ်ပတ်နေရာ အနည်းငယ် စိတ်ထဲခုသွားရသည်။
သူတို့နှစ်ယောက် တံခါးဝမှ ထွက်ထွက်ချင်း ကျုံးယွဲ့ဟုံက တင်ပြလာခဲ့၏။ "ဗိုလ်ချုပ်၊ ဒီလူတွေက သတ်သေသွားပါပြီ"
သူ့လက်အောက်ငယ်သားများမှာ အဖွဲ့နှစ်ဖွဲ့ကို ဖမ်းဆီးရမိလေသည်။ တစ်ဖွဲ့မှာ လူကြားထဲတွင် ပုန်းရင်း ခိုးကြောင်ခိုးဝှက် လှုပ်ရှားနေခဲ့ကာ နောက်တစ်ဖွဲ့မှာမူ ကိုယ်ခံပညာကောင်းမွန်သည့် အနက်ရောင်ဝတ်လူများ၏ အဖွဲ့ပင်။
ယန်မျင်ထျင် မျက်မှောင်ကြုတ်လိုက်မိပြီး ထိုဝတ်ရုံနက်ဖြင့် လူများအရှေ့သို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ အသက်တစ်ချက်ရှူထုတ်လိုက်ရင်း သူတို့မျက်နှာဖုံးကို ဆွဲချွတ်မိ၏။ မျက်နှာများမှာ သာမန်ဆန်လှပြီး သူတို့ဝတ်ရုံများကို ဖွင့်ဟလိုက်သည့်အခါ ကော်လံတွင် ရွှေချည်ဖြင့် ယက်လုပ်ထားသည့် နေပုံစံအမှတ်အသားပါ ညဝတ်ယူနီဖောင်းကို ဝတ်ဆင်ထားခဲ့သည်။
"ကြည့်ရတာ သေချာလေ့ကျင့်ထားတဲ့ အသေခံတပ်သားတွေပဲ။ ဒါပေမဲ့ ဘယ်အဖွဲ့ကမှန်း ကျွန်တော်လည်း မသိဘူး။ သူတို့က အမတ်တစ်ယောက်ကိုတောင် မြို့တော်ထဲမှာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားရဲတယ်ဆိုတော့" ခေါ်ဆွေးကျောင်းက သူ့အထင်ကို ဝင်ပြောလာသည်။
"ဒီလူတွေကို အရင် အထက်ကို လွှဲပေးလိုက်တာပေါ့။ သူတို့ တစ်ခုခု ရှာတွေ့မလား ကြည့်ရအောင်" ယန်မျင်ထျင်က အကြံပေးသည်။ သူ တစ်ဖက်သို့ လှည့်ကာ ကျောက်ယဲ့လန်အား မေးကြည့်လိုက်၏။ "မင်းမှာ ရန်သူတွေရှိလား"

YOU ARE READING
အီဗယ်လ်စတားဂျန်နရယ်
Humorမီယမ်မာထရန်စလေးရှင်း Genre - Comedy, Romance, Yaoi Total Ch - 92 Ch + 13 extra အော်သာ - ကုစန်းယွဲ့