Chapter 27

460 80 3
                                    

(Unicode)

ကျောက်ယဲ့လန် တစ်လုတ်၊ နှစ်လုတ်မျှ စားလိုက်ပြီး ထမင်းခွံ့ကျွေးရန် စောင့်ဆိုင်းနေကြပုံပေါ်သည့် လူတစ်စုကို မျက်လုံးချင်း ဆုံလိုက်၍ ဆိုလိုက်မိသည်။ "ဘာလို့ တူမကိုင်ကြသေးတာလဲ"

ခေါ်ဆွေးကျောင်းက သူ့ခေါင်းကို ပွတ်သပ်ကာ အပြစ်ကင်းစွာ ပြုံးလိုက်လျက်။ "ကျွန်တော်တို့က စားတာ တအားမြန်တော့ တာ့ယွမ်က အမြဲတမ်း ဗိုက်မဝဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့ ခုနကမှ ဆွေးနွေးခဲ့တာ။ ကျွန်တော်တို့ စမစားခင် တာ့ယွမ် အရင်စားပြီးတာကို စောင့်မယ်ဆိုပြီး"

"မင်းတို့အကုန်လုံးက ငါ့ကို ဒီလိုစိုက်ကြည့်နေတာ ငါက စားဝင်မယ် ထင်လို့လား" ကျောက်ယဲ့လန်က မေး၏။

"ဒါဆိုရင် ကျွန်တော်တို့...တစ်ဖက်လှည့်ပေးရမလား"

"မလိုဘူး၊ စားကြတော့" ကျောက်ယဲ့လန်က တည်ငြိမ်စွာ ဆိုလာလေသည်။

ယန်မျင်ထျင်က ရယ်ရယ်မောမောဖြင့်။ "ဟုတ်ပြီ၊ ဟန်မဆောင်နေကြနဲ့တော့။ မြန်မြန်စားကြတော့လေ။ ငါ မီးဖိုဆောင်ကို မင်းတို့အတွက် ကြက်ခြေထောက်တွေ ထပ်ထည့်ပေးဖို့ ပြောထားပြီးပြီ"

"ဗိုလ်ချုပ်က သဘောထားကြီးမားလှပါတယ်"

အကုန်လုံးမှာ တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြပြီး ပန်းကန်လုံးများကို ကိုင်ရင်း စတင်စားသောက်ကြတော့သည်။

ထိုသူတို့၏ ထမင်းစားသောက်ကြသည့် အသံများမှာ ကျယ်လောင်လွန်းလေရာ ဤလူများမှာ ယဉ်ကျေးမှုမရှိသည့် စားပွဲတင်အမူအကျင့်နှင့်လူများဟု ယခင်က သူ ထင်ခဲ့သည်။ သို့သော်လည်း ယနေ့တွင် ထိုသူတို့၏ စားသောက်နေပုံကို လေ့လာအကဲခတ်ရန် သူ စိတ်အခြေအနေ အတန်ကောင်းနေ၏။ မိန်းကလေးငယ်တစ်ယောက်ဖြစ်သည့် ကျုံးယွဲ့ဟုံ၏ စားသောက်နှုန်းမှာလည်း တခြားလူများထက် နောက်ကောက်မကျပေ။

သူ့အကြည့်ကို သတိထားမိဟန်တူသည့် ကျုံးယွဲ့ဟုံက ရှင်းပြလာသည်။ "သူတို့နဲ့သာ မတိုက်ခိုက်ရင် ဘာမှစားဖို့ ကျန်တော့မှာ မဟုတ်ဘူး"

ကျောက်ယဲ့လန်မှာ သူ့ပါးစပ်ထောင့်စွန်းများကို ကော့ညွတ်မိလျက်သား။ "အမှန်ပဲ"

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now