Chapter 77

491 105 10
                                    

(Unicode)

အနောက်မှ မြင်းခွာသံများကို ကျောက်ယဲ့လန် ကြားလိုက်ရသည်။ သူ့မျက်လုံးများကို အနည်းငယ် ဖွင့်ကြည့်လိုက်ရာ ယန်မျင်ထျင်၏ သူ့ကို မျက်တောင်မခတ်တမ်း ကြည့်နေပုံက သတိထားစောင့်ကြည့်နေသည့် ကျားသစ်တစ်ကောင်အလား ဖြစ်နေသည်ပင်။ သူ့အကြည့်မှာလည်း ရှင်းမပြနိုင်သည့် ပိုင်စိုးပိုင်နင်းအရိပ်အယောင်များဖြင့်။

ထိုသည်ကို မြင်ရသည့် ကျောက်ယဲ့လန်မှာ တစ်ခဏမျှ တောင့်တင်းသွားပြီးနောက် ချဉ်းကပ်လာသည့် လူကို အလျင်အမြန် ခန့်မှန်းမိသွားသည်။ သူ့ပါးစပ်ထောင့်စွန်းများက စိုးစဉ်းမျှ ကော့တက်သွားကာ သူ့မျက်လုံးများကို တစ်ဖန် ပြန်မှိတ်လိုက်၍ ထိုအနမ်းပြင်းပြင်း၌သာ ပြန်လည်နစ်ဝင်သွားခဲ့သည်။

သူတို့နောက်မှ လူများ အဝေးသို့ ရောက်ရှိသွားပြီးနောက် သူတို့နှစ်ယောက်လည်း ကိုယ်ချင်းခွာလိုက်ကြ၏။ မည်သူ ရောက်ရှိလာကြောင်းကိုမူ တစ်ယောက်မှ ထုတ်မပြောကြမိပေ။ ထိုအစား ယုန်များကိုသာ ဆက်၍ ဖမ်းဆီးကြတော့သည်။

သူတို့ အာရုံပြောင်းသွားစဉ် တစ်ခဏအတွင်း ယုန်များက ဘက်ပေါင်းစုံသို့ အကွဲကွဲအပြားပြား ထွက်ပြေးသွားကြလေပြီ။ လေးတင်ရန်ပင် အင်အားမရှိတော့သည့် ကျောက်ယဲ့လန်က ယန်မျင်ထျင်ကို ပြောလာခဲ့သည်။ "မင်း သွားနှင့်တော့"

"မင်းကရော"

"ငါက ဒီအတိုင်း ဟိုနားသည်နား လျှောက်သွားမလို့"

ယန်မျင်ထျင်မှာ တောရိုင်းတိရစ္ဆာန်များက သူ့ကို အန္တရာယ်ပြုမည်ကို စိုးရိမ်နေဆဲ။ သို့ဖြင့် "ကိုယ်လည်း မင်းနဲ့ လိုက်ခဲ့မယ်" ဟုသာ ပြောလိုက်သည်။

သူတို့နှစ်ယောက် မြင်းကိုယ်စီဖြင့် စီးနင်းလာခဲ့ကြပြီး မသိလိုက်ခင်မှာပင် စမ်းချောင်းငယ်တစ်ခုဆီသို့ ဆိုက်ရောက်လာ၏။ ရေသောက်နေသည့် သမင်တချို့မှာ နေရာမှ လျင်မြန်စွာ ထွက်ပြေးသွားခဲ့ကြသည်။

ကျောက်ယဲ့လန်က လက်တွင် ဆေးလိမ်းထားသောကြောင့် အဆင်မပြေပေ။ သို့ဖြစ်၍ သူ့လက်ကိုင်ပဝါကို ယန်မျင်ထျင်ထံသို့ ကမ်းပေးလိုက်၏။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now