(Unicode)
ကျောက်ယဲ့လန်က ယန်မျင်ထျင်ကို တစ်ညလုံး အရေးမစိုက်တော့ဘဲ သူ လတ်တလောတွင် ခပ်ပေါ့ပေါ့နေမိသည်လားဟူ၍ ပြန်လည်တွေးတောမိ၏။ ထိုကြောင့်လည်း ယန်မျင်ထျင်က ပိုရဲတင်းလာကာ သူ့ကိုပင် လှောင်ပြောင်ရဲခြင်း ဖြစ်လိမ့်မည်။
ယန်မျင်ထျင်က သူ ရုတ်တရက် ဒေါသထွက်ရသည့် အကြောင်းရင်းကို မမေးမြန်းလာသော်လည်း တစ်ခါတစ်ခါ အပြုံးတစ်ပွင့်ဖြင့် လှမ်းကြည့်လာသည့်အချိန်တိုင်း သူ့ကို ပိုလို့ပင် စိတ်တိုစေတော့သည်။
နောက်နေ့တွင် ကျောက်ယဲ့လန် အရုဏ်တက်ချိန်၌ တိုးလာ၏။ သူ ထထိုင်လိုက်သည့်အခါ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည့် လူမှာလည်း နိုးသွားခဲ့ပြီး အသံကြားသည်နှင့် အပေါ်ကို မော့ကြည့်လာခဲ့သည်။
"ဘာလို့ မထသေးတာလဲ"
ကျောက်ယဲ့လန် မေးလိုက်မိသည်။ ပုံမှန်ယခုအချိန်ဆိုလျှင် ယန်မျင်ထျင်က ညီလာခံတက်၍ လမ်းမှ အပြန် သို့မဟုတ် လေ့ကျင့်ရေးကွင်းတွင်သာ ရှိလိမ့်မည်ဖြစ်ရာ ယခုအချိန်လောက်ထိ အိပ်ရာထဲတွင် အချိန်ဆွဲမနေပေ။
ယန်မျင်ထျင်က သူ့လက်ကို ထောက်ရင်း အေးအေးလူလူဖြင့်။ "မင်း ဘယ်အချိန်အထိ အိပ်နိုင်မလဲဆိုတာ ငါ သိချင်လို့"
ကျောက်ယဲ့လန်က သူ့ကို စိတ်ရှုပ်စရာအကြည့်တစ်ခုသာ ပို့လွှတ်လိုက်ပြီး ရေချိုးရန် မတ်တတ်ထရပ်လိုက်၏။ ယန်မျင်ထျင်က မည်မျှနီးနီးမှ လိုက်လာပါစေ တစ်ဖက်လူကို လုံးလုံးမတည်ရှိသည့်နှယ် သူ သဘောထားခဲ့သည်။
အဝတ်အစားလဲပြီးသည့်နောက် သူ အံဆွဲအရှေ့တွင် မတ်တတ်ရပ်ကာ အတွင်းရှိ နံ့သာအိတ်များကို စိုက်ကြည့်နေလျက်။ နောက်ဆုံး သူ့လက်က အထင်ပေါ်ဆုံးတစ်ခုနားတွင် ရပ်တန့်သွားခဲ့၏။ မြက်ချိုဖြင့် ရနံ့အိတ်ပင်။
မြက်ချိုမှာ ဆေးဝါးအပြင် အသုံးပြုနိုင်သည့်အပြင် မွှေးရနံ့အဖြစ်ပါ အသုံးပြုနိုင်သော်ငြား ထိုအနံ့မှာ ထူးကဲလှလေသည်။ တချို့လူများက သဘောကျပြီး တချို့လူများက မုန်းတီးကြကာ ယန်မျင်ထျင်က ဒုတိယလူအမျိုးအစားထဲတွင် ပါဝင်သည်။
YOU ARE READING
အီဗယ်လ်စတားဂျန်နရယ်
Humorမီယမ်မာထရန်စလေးရှင်း Update schedule - 3/4 ရက်ခြားတစ်ခါတင်ပါတယ်။ Genre - Comedy, Romance, Yaoi Total Ch - 92 Ch + 13 extra အော်သာ - ကုစန်းယွဲ့