Chapter 28

477 93 11
                                    

(Unicode)

"အမေ"

"ထျင်အာ......" သိမ်မွေ့နူးညံ့လှသည့် အမျိုးသမီးတစ်ယောက်က ခြံဝင်းထဲတွင် အရောင်ကျွတ်နေပြီဖြစ်သည့် ဝတ်စုံတစ်ထည် ဝတ်ဆင်ထားလျက် ဆံနွယ်များကို သစ်သားဆံထိုးတစ်ခုဖြင့် ထုံးဖွဲ့ထားသည်။ သူက တစ်ဖက်သို့ ခေါင်းလှည့်၍ ပြုံးကာ လက်ဝှေ့ယမ်းပြလိုက်ရင်းဖြင့်။ "ပြန်လာပြီလား။ လာပြီး အမေ့ကို ကူပေးပါဦး"

"အမေ ဘာလုပ်နေတာလဲ"

"ခြံထဲမှာ ပန်းပင်တွေနဲ့ အသီးတချို့ စိုက်မလို့လေ။ နွေဦးရောက်တဲ့အချိန်ကျ ခြံဝင်းတစ်ခုလုံးက အရောင်စုံနေရင် မင်းအ‌ဖေ သိပ်သဘောကျမှာ"

"ဟုတ်ကဲ့၊ ကျွန်တော်လည်း ကူပေးမယ်"

လူကြီးနှင့် လူငယ်ပုံရိပ်နှစ်ခုမှာ မနက်မှ ညနေခင်းထိတိုင် အလုပ်များခဲ့ကြ၏။ အမေဖြစ်သူက သူ့မျက်နှာပေါ်မှ ဖုန်မှုန့်များကို သုတ်ပေးလိုက်ပြီး ရုတ်တရက် ဂိတ်ဝသို့ ကြည့်လိုက်မိချိန်တွင် သူ့မျက်လုံးများမှာ အပြုံးများဖြင့် ရွှင်လန်းလာသည့်နှယ်။

"အဖေ၊ ပြန်လာပြီလား။ သား ပေါက်စီစားချင်တယ်"

"အဖေ မင်းအတွက် ဝယ်လာတယ်။ ဒါပေမဲ့ မင်း ဒီနေ့ အိမ်စာလုပ်ပြီးသွားပြီလား"

"ပြီးသွားပြီ..."

တံခါးဝတွင် မိသားစုဝင်သုံးယောက် ရယ်မောပျော်ရွှင်နေပုံက ရုတ်ခြည်း ဝေဝါးသွားခဲ့လေပြီ။ ထို့နောက် ချက်ချင်းဆိုသလိုပင် ထိုအိပ်မက်မှာ အုတ်ကြွပ်ပြားများကဲ့သို့ ဆွဲထုတ်ခံလိုက်ရကာ တစ်ခုချင်း ပြိုကျသွားခဲ့ပြီး သူတို့အားလုံးအပေါ်သို့ ဖိကျသွားခဲ့တော့သည်။

"အဖေ...အမေ"

ကျောက်ယဲ့လန် အိပ်မက်မှ နိုးလာစဉ်တွင် ချွေးစေးများဖြင့် စိုရွှဲနေသည်ပင်။ သူ အသက်ရှူရန် ခဏမျှ ကြိုးစားလိုက်ပြီးမှ သူ့မျက်လုံးများမှာ တဖြည်းဖြည်း ကြည်လင်လာခဲ့၏။

"မင်း နိုးလာပြီလား"

ထိုအခါမှ သူ့ရှေ့တွင် ရှိသည့် လူမှာ သူ့ကို ဖက်ထားပေးရင်း သူ့နောက်ကျောကိုလည်း ညင်သာစွာ ပုတ်ပေးလျက်ရှိသည်ကို သတိထားမိလေသည်။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now