Chapter 29

460 86 2
                                    

(Unicode)

အိမ်တော်ထိန်းကြီးချင်းမှာ ဘိုးဘေးဗိမာန်တွင် သန့်ရှင်းရေးလုပ်နေစဉ် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရကာ အထိတ်ထိတ်အလန့်လန့်ဖြင့် အခြေအနေကို စုံစမ်းရန် ပြေးလွှားလာရခြင်းပင်။ ယန်မျင်ထျင်က ခြံဝင်းထဲတွင် ပတ်ပြေးနေပြီး နောက်ဆုံး၌ သစ်ပင်အိုကြီးပေါ်သို့ ပြေးတက်သွားခဲ့သည်ကို သူ မြင်ရ၏။

ကျောက်ယဲ့လန်က သစ်ပင်အောက်တွင် ရပ်နေရင်း အော်ဟစ်လေသည်။ "ယန်မျင်ထျင်၊ အဲဒီအပေါ်က ဆင်းလာခဲ့"

"မင်း တက်နိုင်ရင် တက်လာခဲ့လေ" ယန်မျင်ထျင်ကလည်း ပြန်ချေပသည်။

"ယန်မျင်ထျင်..."

"အဲဒါငါလေ"

"......"

"တံမြက်စည်းကို အရင်ချလိုက်ပါလား။ မင်း ပြောစရာရှိရင် စကားနဲ့ပြောလေ။ ဘယ်လိုဖုယွမ်က မင်းလိုမျိုး တံမြက်စည်းနဲ့ လိုက်ရိုက်မှာလဲ" ယန်မျင်ထျင်က အကြံပေးသလို ဖျောင်းဖျပြောဆိုလာသည်။

"'ဖုယွမ်'ဆိုတဲ့ စကားလုံးကို စကားထဲ ထည့်ပြောရဲသေးတယ်" ကျောက်ယဲ့လန်က လှောင်ပြောင်သရော်လျက်။ "ကောင်းပြီ၊ မင်း မဆင်းလာနဲ့တော့။ ရှောင်ကောင်း၊ ဒီသစ်ပင်ကို ခုတ်ချလိုက်"

"ဟုတ်ကဲ့"

ထိုသစ်ပင်မှာ နှစ်တစ်ရာရှိသစ်ပင်အိုကြီးဖြစ်၍ စိုက်ပျိုးရန် မလွယ်ချေ။ ထိုမျှလွယ်လွယ်နှင့် ခုတ်ချလိုက်ပါက နှမြောစရာဖြစ်မည်မှာ အမှန်ပင်တည်း။

အိမ်တော်ထိန်းကြီးချင်းက သူ့ကို တားဆီးရန် အပြေးသွားတော့မည့်ဆဲဆဲ ယန်မျင်ထျင်က သစ်ပင်အကိုင်းအခက်များပေါ်မှ ခုန်ချလိုက်ပြီး မြေပြင်ပေါ်တွင် ရပ်လိုက်သည်ကို သူ တွေ့ရ၏။

ကျောက်ယဲ့လန်က သူ့ကို တံမြက်စည်းဖြင့် အကြိမ်ကြိမ် ရိုက်နှက်ပြီးသည့်အခါ ခြေထောက်ကိုလည်း နှစ်ကြိမ်ကန်ထုတ်လိုက်ပြီးမှ စာကြည့်ခန်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်သွားကြသည်။

အိမ်တော်ထိန်းကြီးက ချွေးသုတ်လိုက်ရင်း ပွဲကြည့်နေကြသည့် အစေခံများအားလုံးကိုလည်း လူစုခွဲလိုက်သည်။ ပါးစပ်မှလည်း တတွတ်တွတ်ဖြင့်။ "သခင်နဲ့ သခင်မကြီး၊ စိတ်ထဲမထားပါနဲ့။ ဗိုလ်ချုပ်နဲ့ ကျောက်တာ့ယွမ်က အချင်းချင်း မေတ္တာသက်ဝင်နေကြပါတယ်။ အာ၊ ရိုက်နှက်တယ်ဆိုတာက ချစ်ခင်တွယ်တာမှုရဲ့ လက္ခဏာတစ်ခုပါပဲ။ မရိုက်ဘူးဆိုရင် အဲဒါအချစ်မရှိလို့ပါ။ ကျွန်တော် ပြောတာ ယုံပါ"

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now