Chapter 52

657 105 4
                                    

(Unicode)

"သေရည်သွားသောက်ခဲ့တာလား" ယန်မျင်ထျင်က တံခါးပိတ်ကာ အထဲသို့ ဝင်လာသည်။

"ချောင်မိသားစုက စားသောက်ပွဲ ကျင်းပပေးတယ်လေ။ လီယွိချန်းကပဲ နည်းနည်းသောက်တာ" ကျောက်ယဲ့လန်က ပြန်ဖြေ၏။

ယန်မျင်ထျင်က သူ့အနားသို့ ကပ်လိုက်ပြီး တရှုံ့ရှုံ့ အနံ့ခံရင်း။ "မင်း မသောက်ခဲ့ဘူးလား။ ဒီလိုအခြေအနေမျိုးမှာ ငြင်းလို့ ရတယ်လား"

"သေချာပေါက် ရတာပေါ့။ ငါ သေရည်မသောက်နိုင်ဘူးလို့ အစကတည်းက ပြောထားလိုက်တာ။ ချောင်မိသားစုက ငါ့ကို တမင်ခက်ခဲအောင် လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အပေါ်ယံတော့ ဟန်ဆောင်ဖို့ လိုသေးတယ်" ကျောက်ယဲ့လန်က ရှင်းပြလိုက်သည်။

"အင်း၊ ဘာပဲဖြစ်ဖြစ် လျှော့သောက်ပေါ့။ မင်းခန္ဓာကိုယ်အတွက် သင့်မှ မသင့်တော်တာ" ယန်မျင်ထျင်က စိုးရိမ်ပူပန်မှုဖြင့် ဆိုလာသည်။

ကျောက်ယဲ့လန်က အံ့ဩသွားရကာ ရပ်တန့်သွားလျက်သား။ "ငါ့ခန္ဓာကိုယ်အတွက် မသင့်တော်ဘူး၊ ဟုတ်လား"

"ဟုတ်တယ်လေ။ မင်းက အအေးမိလွယ်တယ် မဟုတ်ဘူးလား။ သေရည်သောက်တာက မင်းခန္ဓာကိုယ်ကို ထိခိုက်စေမှာပေါ့" ယန်မျင်ထျင်မှာ ရှောင်ကောင်း သူ့ကို ပြောထားသည့် အရာကို မှတ်မိနေသေး၏။ ကျောက်ယဲ့လန်မှာ သေရည်မသောက်နိုင်ကြောင်းနှင့် ထူးဆန်းသည့် တုံ့ပြန်မှုများ ရှိတတ်ကြောင်း သူ့ကို ပြောပြထားသည်ပင်။ ထိုသည်မှာ သူ့ကျန်းမာရေးအခြေအနေကြောင့်သာ ဖြစ်ကြောင်း သူ ယူဆလိုက်သည်။

ကျောက်ယဲ့လန်က သူ့မျက်ခုံးများကို ပင့်ကြည့်လာသော်လည်း ဘာမှမပြောမိ။ ထိုသည်မှာ သူ အပြင်လူများကို လိမ်ညာရာတွင် သုံးသည့် အကြောင်းပြချက်တစ်ခု ဖြစ်သော်ငြား ရံဖန်ရံခါတွင် သူ တစ်ယောက်တည်း ရှိနေချိန်အတွင်း သေရည်ကောင်းများကို တစ်ခွက်၊ နှစ်ခွက် သောက်တတ်သည်။

သူက သိပ်မသောက်နိုင်သည့်အတွက် မူးဝေသွားရန် လွယ်ကူလေသည်။ တခြားလူများ၏ ရှေ့တွင် အရူးလုပ်မိလျှင် ရှက်ရွံ့ဖွယ်ကောင်းနိုင်ပေရာ သူ့ကို သောက်ဖို့ ကမ်းလှမ်းလာသည့် သေရည်အားလုံးကို ငြင်းဆန်ခဲ့ခြင်းပင်။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now