Chapter 38

580 112 9
                                    

(Unicode)

အခန်းထဲ၌ တိတ်ဆိတ်သွားကြပြီး ကျုံးယွဲ့ဟုံနားရှိ လူများက သူ့ကို အားပေးသည့်ဟန် လှမ်းပုတ်လိုက်သော်လည်း ထိုတစ်ခဏတွင် ဘာပြောရမှန်း မသိကြပေ။

သာမန်မိန်းကလေးတစ်ယောက်က နန်းတော်ထဲသို့ ဝင်ခွင့်ရသည်ဆိုလျှင် ကံကောင်းထောက်မသည်ဟု မှတ်ယူကာ ပျော်ရွှင်နေလိမ့်မည်။ ဧကရာဇ်ထံမှ မျက်နှာသာရမည့် အခွင့်အရေး၊ မိမိ၏ မိသားစု ဂုဏ်တက်ပြီး ကြီးပွားချမ်းသာစေမည့် အခွင့်အရေးအတွက် မျှော်ကိုး၍ စောင့်ဆိုင်းနေနိုင်သည်။

သို့သော်လည်း ကျုံးယွဲ့ဟုံမှာမူ...

လူတိုင်းက စိတ်ပျက်အားငယ်သွားသည့် သူ့အမူအရာကို မြင်တွေ့ခဲ့ကြ၏။ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်ဟူ၍ မရှိဘဲ ဧကရာဇ်ထံတွင် ခစားလိုသည့် ဆန္ဒမရှိသည်မှာ ပို၍ပင် ထင်ရှားသေးသည်။

သို့တိုင် ဧကရာဇ်က သူ့ကို နန်းတွင်းသို့ မဖြစ်မနေ ဝင်စေလိုပါက သူ့ကံကြမ္မာက မည်သို့ ဖြစ်မည်နည်း။

"ယွဲ့ဟုံ၊ မင်း..." ခေါ်ဆွေးကျောင်း စကားပြောတော့မည့်ဆဲဆဲ ကျုံးယွဲ့ဟုံက သူ့ကို အဝေးသို့ တွန်းထုတ်လိုက်ရင်း ယိမ်းယိုင်စွာ ထွက်ခွာသွားခဲ့သည်။

"ယွဲ့ဟုံ" ခေါ်ဆွေးကျောင်းက ယန်မျင်ထျင်ကို စိတ်ပူပန်သလို ကြည့်လိုက်ရင်း အော်ဟစ်လိုက်ခြင်းပင်။ "ဗိုလ်ချုပ်၊ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"

"မင်းတို့ သူ့ကို အရင် သွားကြည့်လိုက်ကြ။ အန္တရာယ်ဖြစ်မဲ့ ကိစ္စတွေ မလုပ်စေနဲ့" ယန်မျင်ထျင်က အမိန့်ပေး၏။

အကုန်လုံးက သူ့နောက်မှ လိုက်သွားကြရာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသယောင်။

ထိုအခါမှ ယန်မျင်ထျင်က လေးနက်သည့် အမူအရာဖြင့် အခန်းထဲမှ ထွက်လာလျက် စိတ်ဆုံးဖြတ်ထားသည့် ပုံစံဖြင့် ခြေလှမ်းကျဲကျဲ လမ်းလျှောက်သွားသည်။

"မင်း ဘယ်သွားမလို့လဲ" ကျောက်ယဲ့လန် သူ့ကို အမြန် လှမ်းကိုင်လိုက်ရသည်။

"ငါ ဧကရာဇ်ကို သွားဖျောင်းဖျမယ်" ယန်မျင်ထျင်က ကျယ်လောင်စွာ ဆိုလိုက်၏။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now