(Unicode)လူများစွာက စခန်းသို့ ရောက်ရှိနေကြပြီဖြစ်ကာ အချင်းချင်း စကားစမြည်ပြောနေကြ၏။ တခြားလူများက သူတို့ကို တွေ့သည့်အခါ ချက်ချင်း လာရောက်လျက် နှုတ်ဆက်စကားဆိုလာကြသည်။
"ဗိုလ်ချုပ်ယန်ကတော့ ဒီနေ့ သားကောင်တွေအများကြီး ဖမ်းမိမှာပဲ"
"ဒုဗိုလ်ချုပ်ခေါ်နဲ့ ဒုဗိုလ်ချုပ်ကျုံးတို့ကလည်း ဒီနေ့ တော်တော်တက်ကြွနေကြတဲ့ပုံပဲ။ သားကောင်ကြီးတွေ ဖမ်းမိကြမယ်နဲ့ တူတယ်"
သူတို့က တပ်အရာရှိများကို တစ်ယောက်ချင်းစီ ချီးကျူးနေ၍ အားအင်ကင်းမဲ့နေသည့် ကျောက်ယဲ့လန်ကို အပြည့်အဝ လျစ်လျူရှုထားသည်ပင်။
ကျောက်ယဲ့လန်ကလည်း ထိုသူတို့နှင့် အပေါ်ယံစကားများ ဖလှယ်လိုသည့် ဆန္ဒမရှိချေ။ သို့ဖြစ်ရာ ထိုင်ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်ရင်း တပ်အရာရှိများက ယန်မျင်ထျင်နှင့် သူ့အုပ်စုဘက်သို့ ချဉ်းကပ်လာပြီး အားကျလေးစားဟန်ဖြင့် ချီးမွမ်းနေကြသည်ကို သူ တွေ့မြင်ရသည်။
ယန်မိသားစု၏ အဖေနှင့် သားဖြစ်သူက စစ်သည်တော်များ၏ စံပြပုဂ္ဂိုလ်များပင်။
ကျန်လူများကလည်း ဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့၏။ ထိုအခိုက် မိန်းမစိုးက အော်ဟစ်လေသည်။ "အရှင်မင်းကြီး ကြွချီလာပါပြီ"
အကုန်လုံးက မတ်တတ်ထကာ တစ်ယောက်ပြီး တစ်ယောက် ဂါရဝပြုကြသည်။ အမဲလိုက်ဝတ်စုံဖြင့် ကျောက်ရွှမ်းက တက်ကြွနေလျက်။ "မင်းတို့ ယဉ်ကျေးနေဖို့ မလိုဘူး။ ဒီနေ့က အမဲလိုက်မဲ့နေ့ပဲ။ မင်းတို့ ကျွမ်းကျင်တတ်ကျွမ်းသမျှနဲ့ အမဲလိုက်ကြပြီး သားကောင်ကို ဒီကို တန်းသယ်လာခဲ့။ ကျားဖမ်းနိုင်တဲ့ ဘယ်သူမဆို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခံရလိမ့်မယ်"
လူအုပ်ကြီးက ယဉ်ပြိုင်ရန် စိတ်အားထက်သန်နေကြပြီး သူ မိန့်ကြားပြီးသည်နှင့် တောထဲသို့ အပြေးနှင်သွားကြလေပြီ။
မှူးမတ်အရာရှိအများစုက အိုစာနေကြပြီဖြစ်သော်ငြား သူတို့သားသမီးများမှာ ငယ်ရွယ်ပျိုမျစ်လှသည့် အရွယ်တွင်သာ ရှိသေးကာ သားကောင်ကို ရှာဖွေရန် စိတ်လှုပ်ရှားနေကြသည်။ ထိုအထဲတွင် လီယွိချန်းကလည်း တစ်ယောက်အပါအဝင်ဖြစ်ပေသည်။
YOU ARE READING
အီဗယ်လ်စတားဂျန်နရယ်
Humorမီယမ်မာထရန်စလေးရှင်း Update schedule - 3/4 ရက်ခြားတစ်ခါတင်ပါတယ်။ Genre - Comedy, Romance, Yaoi Total Ch - 92 Ch + 13 extra အော်သာ - ကုစန်းယွဲ့