(Unicode)
စံအိမ်ရှိ လူများမှာ ရေနွေးတည်ခြင်းနှင့် ဧည့်သည်အခန်းများကို သန့်ရှင်းရေးလုပ်ခြင်းဖြင့် အလုပ်များနေကြသည်။ ကျောက်ယဲ့လန်က အစေခံများ သုတ်သုတ်ပျာပျာ လှုပ်ရှားသွားလာနေသည်ကို ကြည့်ရင်း ခြံဝင်းထဲတွင် မတ်တတ်ရပ်နေလျက်။ မသိသည့်လူများက တွေ့လျှင် သခင်အသစ် ရောက်လာသည်ဟုပင် ထင်မှတ်ကြနိုင်၏။
ယန်မျင်ထျင်က ထိုအမျိုးသမီးကို အခန်းလိုက်ပြရန် ခေါ်သွားပြီး ဆွေးနွေးစရာရှိသည်ကို မဆွေးနွေးခင် ရေအရင်ချိုးရန် ပြောလိုက်ကာ တခြားဒုဗိုလ်ချုပ်များကို အသိပေးရန် ထွက်သွား၍ သမားတော်တစ်ယောက်ကို လမ်းတွင် ဝင်ပင့်သည်။
သူတို့ကိစ္စက ကျောက်ယဲ့လန်နှင့် ဘာမှမသက်ဆိုင်ပေ။ သို့နှင့် သူလည်း ငါးမျှားတံတစ်ချောင်းကို ကောက်ယူကာ နောက်ဖေးခြံ၌ ငါးမျှားရန် ထွက်သွားလိုက်သည်။ အမွှေးတိုင်တစ်တိုင်စာခန့် ကြာမြင့်ပြီးနောက် သူ တစ်ကောင်မျှပင် မဖမ်းမိချေ။ စိတ်ပျက်လက်ပျက်ဖြစ်နေသည့် မျက်နှာဖြင့် သူ ငါးမျှားတံကို ပြန်ဆွဲယူလိုက်ပြီး နံဘေးသို့ ဒေါသထွက်စွာ ပစ်ချလိုက်မိ၏။
ရှောင်ကောင်းက ပြန်ကောက်ယူလိုက်လျက် သူ့ဘောင်းဘီအောက်နားကို လိပ်တင်လိုက်၍။ "သခင်၊ ဗိုလ်ချုပ်လုပ်သလို ကျွန်တော် ကန်ထဲဆင်းပြီး ငါးနည်းနည်းလောက် ဖမ်းပေးရမလား။ သခင် ငါးစားချင်လား"
"မလိုဘူး" ကျောက်ယဲ့လန်က မှုန်မှိုင်းနေဆဲ မျက်နှာဖြင့် ပြောလာသည်။ ထို့နောက် သူ့နောက်မှ ခြေသံများ ကြားရစဉ်တွင် သူ ငါးကန်ထဲသို့သာ စိတ်ဆိုးဆိုးနှင့် ကြည့်နေလိုက်၏။
"မှောင်နေပြီကို။ ဘာလို့ ဒီမှာ ငါးလာမျှားနေတာလဲ" ယန်မျင်ထျင်က မေးလာခြင်းပင်။
"မှောင်ရင် ငါးမမျှားရဘူးလို့ ဘယ်သူ ပြောလို့လဲ။ ညဘက်ငါးမျှားတယ်ဆိုတာ ဘာလဲ မင်း မသိဘူးလား" ကျောက်ယဲ့လန်က ပက်ခနဲ တုံ့ပြန်လိုက်သည်။
"ကောင်းပြီလေ၊ ငါကတော့ မင်းရဲ့ ခပ်ဆန်းဆန်းအကြိုက်တွေကို နားမလည်နိုင်ဘူး" ယန်မျင်ထျင်က သူ ကျောက်ယဲ့လန် အနားယူနေခြင်းကို နှောင့်ယှက်နေမိသည်ဟုသာ ထင်လိုက်မိ၏။ ထို့ကြောင့် သူ သတိပေးလိုက်မိသည်။ "ဒါဆို ခဏနေရင် ညစာစားဖို့ မမေ့နဲ့ဦး။ ငါ အရှေ့ခြံဝင်းက အခြေအနေကို အရင် သွားကြည့်လိုက်ဦးမယ်"

YOU ARE READING
အီဗယ်လ်စတားဂျန်နရယ်
Comédieမီယမ်မာထရန်စလေးရှင်း Genre - Comedy, Romance, Yaoi Total Ch - 92 Ch + 13 extra အော်သာ - ကုစန်းယွဲ့