Chapter 51

792 126 5
                                    


(Unicode)

သစ်သားလှော်တက်များက ရေထဲတွင် လှော်ခတ်သွားကာ လှေက အရှေ့သို့ ဆက်လက်ရွေ့လျားသွားပြီး ယန်မျင်ထျင်၏ နှလုံးသားကိုလည်း မွှေနှောက်သွား၏။ ခွေးအိုကြီးတစ်ကောင်ကဲ့သို့ သူ့နှလုံးသားက ဘဝနှင့် သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ကာ အံ့ဩစရာကိစ္စများကို အလွယ်တကူ မတွေ့ကြုံနိုင်ဟု သူ ထင်ထားခဲ့သည်ပင်။

သို့သော်လည်း ဤရက်ပိုင်းအတွင်းတွင် စိတ်ပူပန်မှုနှင့် အားအင်ကုန်ခန်းမှုများကြောင့် အအိပ်အစားပျက်နေပြီး သတင်းတစ်စွန်းတစ်စမျှပင် မကြားသိရသောကြောင့်လည်း လမ်းပျောက်သလို ခံစားနေရသည်။

တစ်ဖက်လူက ထိုစကားလုံးများကို မျက်နှာချင်းဆိုင် ထုတ်ဖော်ပြောဆိုလာသည့်အခါ သူ တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးသည့် တိုက်ပွဲတစ်ခုကို အောင်ပွဲဆင်သွားရသည့်နှယ်။ သူ့နှလုံးသားထဲတွင်လည်း မြင်းကောင်ရေထောင်သောင်းမက ပြေးလွှားနေသယောင် ထင်ရပြီး စစ်ဒရမ်သံများက ကောင်းကင်ပြင်ကိုပင် တုန်လှုပ်သွားစေ၍ ချိုးဖောက်သွားလုနီးပါး။

ပြောရမည်ဆိုလျှင် သူက မဆင်မခြင်ပြုမူတတ်သည့် ဆယ်ကျော်သက်လေးလည်း မဟုတ်တော့ပေ။ သူ့စိတ်လှုပ်ရှားမှုများကို ချိုးနှိမ်ရင်း တစ်ဖက်လူကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ကာ အသက်ပြင်းပြင်းရှူလိုက်မိ၏။ ထို့နောက် တိတ်တဆိတ်ပင် ပျော်ရွှင်စွာ ရယ်မောလိုက်လျက် တည်ငြိမ်ဟန်ဆောင်ရင်း ဆိုလိုက်ရသည်။

"ကောင်းပြီလေ၊ ငါ့နှလုံးသားကလည်း မင်းနဲ့အတူတူပဲ။ ကတိဖျက်တဲ့ ဘယ်သူပဲဖြစ်ဖြစ် တစ်ဖက်လူရဲ့ မြေးလုပ်ကြေး"

ကျောက်ယဲ့လန်၏ နှုတ်ခမ်းထောင့်စွန်းများက အတန်ငယ် ကော့ညွတ်သွားသည်။ သူ့မျက်တောင်ကို အသာချကာ ကျယ်ပြန့်လှသည့် ပခုံးနှစ်ဖက်ကို ကြည့်ပြီး သံသယတချို့က သူ့စိတ်ထဲဝင်လာ၏။

သူ ဤဆုံးဖြတ်ချက်ကို အမှန်တကယ် နောင်တမရဘဲ နေနိုင်မည်လား။

သူ့တွင် တခြားလူများနှင့် နီးနီးကပ်ကပ်နေသည့် အတွေ့အကြုံဟူ၍ မရှိဖူးခဲ့ချေ။ ကျန်သည့် ဘဝသက်တမ်းကို ယောက်ျားလေးတစ်ယောက်နှင့် အတူဖြတ်သန်းမည်ဆိုသည်ကို ထားလင့်ဦး၊ ထိုကဲ့သို့ လူတစ်ယောက်ရှိမည်ဟုပင် မတွေးခဲ့မိပါပေ။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now