Chapter 38(Unicode)

14.8K 2K 241
                                    

ကျောက်ကျင်ရှင်းသည် ရေဆာနေသူတစ်ယောက်ကရေအရင်းအမြစ်ကိုတွေ့သွားသည့်အလား ပိုင်စိုးပိုင်နင်းနိုင်စွာဖြင့် လီရှော့တစ်ကိုယ်လုံးအား မြိုချတော့မတက် သူ့နှုတ်ခမ်းသားတို့အား စုပ်ယူနမ်းရှိုက်တော့သည်။

လီရှော့က ကျောက်ကျင်ရှင်းအား ခပ်ကြမ်းကြမ်းတွန်းထုတ်ကာ သူ့ခြေထောက်ပေါ်သို့ တက်နင်းပစ်လိုက်၏။

ကျောက်ကျင်ရှင်းက ညည်းတွားလိုက်သော်ငြားနောက်ဆုတ်မသွားပေ။ သူက လီရှော့တစ်ယောက် အရင်တစ်ခါလိုသူ့နှုတ်ခမ်းအား ထပ်မကိုက်နိုင်စေရန်အတွက် လီရှော့မေးစေ့ကိုဖျစ်ညှစ်ပစ်လိုက်သည်။သူက လီရှော့ လက်ကောက်ဝတ်နှစ်ဘက်ကို လက်တစ်ဖက်တည်းဖြင့်ချုပ်ကိုင်ထားကာ အနမ်းတို့ကိုဆက်လက် နက်ရှစေ၍ သူ့၏လျှာကိုတောင် ခံတွင်းဝထဲ အထိန်းအချုပ်မရှိစွာ လျိုဝင်ပြီးမွှေနှောက်လိုက်သေးသည်။သူသည် လီရှော့ကိုအပြင်းအပြနမ်းရှိုက်နေသည်မှာ လီရှော့တစ်ယောက် အသက်တောင်ရှုလို့မရတော့သည့်အထိပင်။ ထိုအခါမှပင် ကျောက်ကျင်ရှင်းသည် သူ့အားလွှတ်ပေးတော့သည်။

လီရှော့ သူ့အားစူးစူးရဲရဲစိုက်ကြည့်ရင်း

"ဒီလိုတွေလုပ်တော့ရော ဘာတွေပြောင်းလဲသွားမှာမို့လို့လဲ"

ကျောက်ကျင်ရှင်းက အမောတကောအသက်ရှုနေရင်းမှ ခပ်တိုးတိုးဆိုလိုက်သည်။

"ကျွန်တော်က ဒီတိုင်း ခင်ဗျားကိုလွမ်းတာနဲ့ နမ်းချင်စိတ်ပေါက်သွားလို့"

လီရှော့နှလုံးသားက တုန်လှုပ်ခါယမ်းသွားရကာ သူ့အမူအရာတို့ကလည်း အနည်းငယ်ရှုပ်ထွေးသွားရသည်။

ကျောက်ကျင်ရှင်းက လီရှော့လည်တိုင်ကြားတွင်မျက်နှာအပ်ကာ ပွတ်တိုက်လိုက်ရင်း

"ခင်ဗျား သူနဲ့အိပ်ခဲ့သေးလား"

လီရှော့သည် အချုပ်ခံထားရသည့်သူ့လက်တို့ကို ပြန်ဆွဲယူရန် ရုန်းကန်လိုက်သော်ငြား ကျောက်ကျင်ရှင်းလက်တို့က အလွန်တရာသန်မာလွန်းလှသည်။သူပိုပြီးရုန်းလေလေ ပိုပြီးတင်းကြပ်လာလေပင်။ တင်းကြပ်လွန်းလို့သူ့မှာ နာကျင်မှုကနေမလွတ်မြောက်နိုင်အောင်ပင်။သူ အံကြိတ်ရင်း မေးလိုက်သည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now