Chapter 59(Uni+Zawgyi)

21.5K 2.6K 617
                                    

Unicode

သူ့ရှေ့ကအမျိုးသားသည် ရေချိုးတပတ်တစ်ထည်ကို ခါးတွင်ပြေလျော့လျော့ရစ်ပတ်ထားသည်။ သူ့ဆံပင်ပေါ်ကရေတွေက ခုထိမခြောက်သေးပေ။ရင်ဘတ်နှင့်လည်တိုင်တစ်လျောက်မှာတော့ အချစ်အမှတ်အသားတို့ဖြင့်ပြည့်နေသည်။ဤသူကား သူထိုနေ့တုန်းက နိုက်ကလပ်မှာတွေ့ခဲ့ရသော ခန် ဆိုသည့်တစ်ယောက်ပင်ဖြစ်လေသည်။

လီရှော့သည် ဆိုးရွှားသည့်မည်သည့်ပုံရိပ်တွေကိုမဆိုကြည့်ဖို့ရာ အဆင်သင့်ပြင်ထားသည်ဆိုပေမယ့်လည်း တကယ်တမ်းမြင်လိုက်ရသည့်အချိန်မှာတော့ အသက်မရှုနိုင်တော့လောက်အောင် မသက်မသာခံစားနေရဆဲဖြစ်သည်။အခန်းထဲက ဆောင့်ထွက်လာသော ဆူညံလှသည့်သီချင်းသံကလည်း သူ့အားအလွန်အမင်းကို ကသိကအောက်ဖြစ်ရစေသည်။

ခန် သည်လည်း သူ့ကိုမြင်လိုက်ရတာကို အံ့အားသင့်သွားသည်မှာ သေချာလှသည်။ ထိုသူက တံခါးဘောင်ကိုမှီကာ ပျင်းရိပျင်းတွဲပြုံးပြရင်းနှုတ်ဆက်လာသည်။

"ဟိုင်း မင်း လီယွန်ကိုလာရှာတာလား"

"အင်း သူဒီမှာရှိလား"

လီရှော့က ယဥ်ကျေးရည်မွန်သည့်ဟန်အမူအရာဖြင့် ခပ်ပါးပါးပြုံးပြလိုက်သည်။

"မရှိဘူး....သူ့အစားငါ့ကိုပဲရှာမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ"

ခန်က မျက်လုံးတစ်ဖက်မှိတ်ပြရင်း တရုတ်စကားကို မပီကလာဆိုလာသည်။

လီရှော့သည် ခဏတာမျှကြောင်အသွားစဥ်မှာပင် အခန်းတွင်းကလှုပ်ရှားသံအချို့ကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။

ခန်က တဟားဟားရယ်မောလိုက်ရင်း

"အေးဆေးပေါ့...ငါကနောက်တာပါ"

သူကတံခါးကိုဖွင့်လိုက်ရင်း ခေါင်းငဲ့ပြသည်။

"ဝင်လေ"

လီရှော့ မျက်မှောင်ကြုံ့သွားသည်။ဤတံခါးတွင်းသို့ခြေချဖို့ရာ သူ့နှလုံးသားကလုံးဝဥသုံ စက်ဆုပ်နေမိ၏။

"မင်း သူ့ကိုအပြင်ထွက်လာခိုင်းလိုက်ပါလား"

ခန်က နောက်သို့လည်ပြန်ကြည့်လိုက်ပြီးမှ မရိုးဖြောင့်စွာပြုံးကာ ခေါင်းခါယမ်းပြလိုက်၏။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ