Chapter 4.2 (Unicode)

18.8K 2.7K 381
                                    


လီရှော့ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ သူခေါင်းလှည့်ကြည့်လိုက်၏။ မျက်နှာကမူ မဲမှောင်လျက်သား။

"မင်းကိုယ့်ကို လိုက်စုံစမ်းနေတာလား"

"၂၁ ရာစုဆိုတာ သတင်းမီဒီယာခေတ်လေဗျာ။ ကျွန်တော်က ခင်ဗျားကို နားလည်နိုင်ဖို့ နည်းနည်းလေးပဲ ကြိုးစားလိုက်တာပါ။ အတည်ပေါက်ကြီး မှတ်မနေစမ်းပါနဲ့"

လီရှော့က မျက်ဝန်းတွေကို မှေးကျဉ်းလိုက်သည်။

"ကျောက်ကျင်ရှင်း...ကိုယ် မင်းကို အများကြီးသည်းခံပြီးပြီ။ အရမ်းလွန်မလာနဲ့"

"ခင်ဗျား စိတ်ဆိုးသွားတာလား။ တောင်းပန်ပါတယ်ဗျာ...ဟုတ်ပြီလား။ "

ကျောက်ကျင်ရှင်းက ပြုံးသည်။

"ဆောရီးပါ။ ကျွန်တော်က သိချင်မိရုံလေးပါ.....သူက အရိုးပေါ်အရေတင် ပိန်ကပ်နေတာလေ။ ခင်ဗျားကို စိတ်ကျေနပ်မှု ပေးနိုင်လို့လား"

လီရှော့က ကျောက်ကျင်ရှင်းရဲ့အင်္ကျီကို ဆောင့်ဆွဲသည်။ သူကကိုယ်တစ်ပါတ်လှည့်ကာ ကျောက်ကျင်ရှင်းကို ကားတံခါးနဲ့ကျောကပ်သွားအောင် အားပါပါ ဖိတွန်းလိုက်၏။

ကျောက်ကျင်ရှင်းက အရှုံးပေးသလို လက်နှစ်ဖက်ကို အသာမြှောက်ပြ၏။ သို့သော်လည်း သူ့မျက်နှာပေါ်က အမြင်ကပ်စရာ အပြုံးကတော့ မပြောင်းလဲသေးပါချေ။

"ခင်ဗျားက ခင်ဗျားပြောသလိုမျိုး ကိုယ်ကျင့်တရား ကောင်းမနေပါဘူးရော။ ခင်ဗျားက တစ်စုံတစ်ယောက်ရဲ့ Relationshipမှာတော့ တတိယလူ ဖြစ်နေဆဲပဲ မလား။ ဘာလို့များ ကျွန်တော့်ကို ဒီလိုတွေ ဆန့်ကျင်နေတာလဲ"

လီရှော့က အေးစက်စက် ဆိုသည်။

"မင်းက ဘာတွေများ သိနေတာ မို့လို့လဲ"

သူတကယ့်ကို ဒေါသတွေ ထွက်နေမိပြီ ဖြစ်သည်။ အရင်တုန်းက ကျောက်ကျင်ရှင်း သူ့ကို ဘယ်လောက်ပဲ ပရောပရည်လုပ်နေပါစေ၊ မကြိုက်ပေမယ့် ကြိတ်မှိတ်သည်းခံခဲ့သည်။တကယ်တော့လည်း သူ့ဘက်က မျက်နှာသာ မပေးခဲ့သလို ကျောက်ကျင်ရှင်းကလည်း စော်ကားမော်ကား လုပ်ခဲ့တာမျိုး မရှိခဲ့။ သို့သော် သူအခုပြောလိုက်တဲ့ စကားတစ်ခွန်းက ဘယ်သူ့ကိုမှ ထုတ်ဖော်မပြောချင်ခဲ့သော သူ့ရဲ့ချက်ကောင်းကို သွားထိသည်။ ထို့ပြင် ကျောက်ကျင်ရှင်းက သူ့ကိုတောင် စုံစမ်းထားလိုက်သေး၏။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now