လီရှော့သည် အောက်ထပ်ကိုဆင်းတော့မှ ည ဆယ့်တစ်နာရီထိုးလုပြီဖြစ်မှန်း သိလိုက်ရသည်။ လူကြီးတွေအကုန် အိပ်မောကျနေပြီဖြစ်ရာ ကျောက်ကျင်ရှင်းတစ်ယောက် ခုလို လက်ရဲဇက်ရဲ ဖြစ်နေသည်မှာ အံ့သြစရာ မရှိတော့။သူက အိမ်တော်ထိန်းကို လိုက်ရှာပြီးမှ သဘတ်အသစ်တစ်ထည်နဲ့ ရေနွေးပူပူတစ်ဇလုံပေးဖို့ တောင်းဆိုလိုက်သည်။
အခန်းဆီ ပြန်ရောက်တော့ ကျောက်ကျင်ရှင်းက ကုတင်ခေါင်းရင်းကို ကျောမှီကာ သူ့ခြေထောက်တို့ကို လှုပ်ယမ်းရင်း စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရပါ၏။
လီရှော့သည် Luggageကိုဖွင့်ကာ အထဲကနေ ခရီးဆောင်အရွယ်အစား ဆေးသေတ္တာကို ထုတ်ယူလိုက်သည်။ ထိုဆေးဘူးက ခရီးဆောင်အရွယ်အစား ဆိုသော်ငြား ကလေးနို့မှုန့်ဘူးတစ်ဘူးစာဆိုဒ်လောက် ရှိတာကြောင့် နေရာတော့ အတော်လေး ယူထားပေသည်။
ကျောက်ကျင်ရှင်းကတော့ အံ့အားတသင့်ဖြစ်သွားဟန်ပင်။"ခင်ဗျားက ဒါတွေကို သယ်လာတယ်ပေါ့"
"ကိုယ်မင်းကို ဆေးလိမ်းပေးမယ်လို့ ပြောခဲ့တယ်မလား"
လီရှော့က ဆေးသေတ္တာကိုဖွင့်ကာ အရက်ပျံ၊ ဂွမ်းစနဲ့ ဆေးရည်ဘူးတို့ကို ထုတ်ယူလိုက်သည်။
ကျောက်ကျင်ရှင်းက လီရှော့တစ်ယောက် ထိုပစ္စည်းများကို ကုတင်ဘေးက ဗီဒိုလေးထဲ တစ်ခုပြီးတစ်ခု ထည့်နေသည်ကို လိုက်ကြည့်နေပါ၏။ သူ့မျက်ဝန်းတို့က လက်ခနဲ ဖြစ်သွားရင်း မနေနိုင်စွာပင် ပြောမိသွားသည်။
"ခင်ဗျားလောက်အသေးစိတ်ကျတဲ့ ယောကျာ်းမျိုး ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး"
"ဘာရယ်မဟုတ်ပါဘူး။ ကိုယ်လုပ်ခဲ့တဲ့ကိစ္စအတွက် တာဝန်ယူချင်ရုံလေးပါ"လီရှော့က ကျောက်ကျင်ရှင်းဘေးနားမှာ ဝင်ထိုင်လိုက်ကာ သဘတ်စကိုတော့ သူ့ဒူးပေါ်မှာ တင်ထားလိုက်ရင်း လက်တို့ကို ဆန့်ထုတ်လိုက်သည်။
"မင်းလက်ပေး"
လီရှော့လက်တို့က ထုံးစံအတိုင်းဆိုရင်တော့ လှသည်ဟု မဆိုသာချေ။သူ့လက်ချောင်းတို့က ရှည်လျားသော်လည်း အရမ်းတော့ မသွယ်ချေ။လက်ချောင်းထိပ်တို့က လုံးဝန်းကာပြည့်ဝိုင်းသည်။ လက်ဖဝါးတို့က ခြောက်သွေ့ကာ လက္ခဏာရေးကြောင်းတို့က ရှင်းလင်းထင်ရှားသည်။ လက်သည်းခွံတို့ကား ကြည်လင်ကာ ပန်းရောင်သမ်းနေပါ၏။ဤလက်တို့က ဖြောင့်ဖြောင့်တောင့်တောင့် ယောကျာ်းသားတစ်ယောက်ရဲ့ တည်ငြိမ်မှုနဲ့ ခွန်အား အငွေ့အသက်တွေကို ထုတ်ဖော်ပြသနေသလိုပါပင်။လူများစွာအား သူတို့ရဲ့ အစောင့်အရှောက်တွေကို ထိုသူ့အနားမှာပင် ချထားပေးစေချင်သလိုမျိုးပါပင်။
YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...