CHAPTER- 91- တကယ့်ဆန့်ကျင်ဘက်သဘောထား

125 14 0
                                    

CHAPTER- 91- တကယ့်ဆန့်ကျင်ဘက်သဘောထား

ဒီစကားလုံးတွေကိုကြားတော့ Bai Han Qi ရင်ထဲ လှိုက်လှိုက်လှဲလှဲ လှုပ်ရှားမိတယ်။ ဒါဟာ သူများမိသားစုကိစ္စဖြစ်ပေမယ့် ဒီအမျိုးသမီးက တစ်ခါတုန်းက သူ့ရဲ့ဇနီးဟောင်းပဲလေ။ ဒါကြောင့် Bai Luo Yin ရဲ့ မိခင်အပေါ်ထားရှိတဲ့ Gu Hai ရဲ့ လက်ခံသည်းခံနိုင်စွမ်းကို မြင်ခွင့်ရတဲ့အတွက် ဖခင်တစ်ယောက်အနေနဲ့ သူဟာ အလွန်အမင်းပဲ ကျေနပ်မိတယ်။
Gu Hai က Bai Han Qi ဘက်လှည့်လာတယ်။
"အဖေ ကျွန်တော် အဖေ့ကို ဦးလေးလို့ခေါ်လာတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဒါပေမယ့် တကယ်တမ်းကတော့ အကြိမ်ပေါင်းများစွာ အဖေ့ကို ကျွန်တော့်ရဲ့ဖခင်အဖြစ် သတ်မှတ်ထားပြီးသားပါ။ အဖေက ကျွန်တော်အတွယ်တာရဆုံး လူကြီးသူမလည်းဖြစ်သလို၊ ကျွန်တော့်ဘ၀မှာ အလေးစားရဆုံး ပုဂ္ဂိုလ်ဆိုလည်းမှန်ပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်က ကျွန်တော်က Yin Zi နဲ့အတူတူ အဖေတို့အိမ်ကို လိုက်လာတုန်းက အဖေတို့မိသားစုအခြေအနေကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် မြင်တွေ့ ကြုံခဲ့တာကို ကျွန်တော် မှတ်မိနေပါသေးတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော်ကလည်း အိမ်ပေါ်ကဆင်းလာခါစ၊ ကျွန်တော် Yin Zi ကို သတိထားမိပြီး စိတ်ဝင်စားသွားတဲ့အကြောင်းရင်းတွေထဲက တစ်ခုကတော့ အဖေတို့ရဲ့သားနဲ့ဖခင်ကြားက သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာကို မြင်လိုက်ရလို့ပါပဲ"
"ဒီဘ၀မှာ အဖေတို့ကို နှစ်ကြိမ်တိုင်တိုင် အကြီးအကျယ် စိတ်ပျက်စေခဲ့လို့၊ ကျွန်တော် အပြစ်ရှိသလို ခံစားရပါတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီးတော့ ယုံကြည်ထားပေးပါ... သုံးကြိမ်မြောက်ဆိုတာ ဘယ်တော့မှ မဖြစ်စေရပါဘူးလို့"
"အဖေတို့ ဘယ်လိုဆဲရေးတဲ့ စကားလုံးကိုပဲဖြစ်ဖြစ် သုံးနှုန်းပြီး ကျွန်တော့်ကို ကျိန်ဆဲနိုင်ပါတယ်... ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပတ်သက်မှုကြောင့် Yin Zi လေးအပေါ်တော့ အဖေတို့ရဲ့ဒေါသတွေကို ပုံမချဖို့ ကျွန်တော် တောင်းပန်ပါရစေ။ အဖေ့မင်္ဂလာပွဲတုန်းက အဖေပြောခဲ့သလိုပဲ အဖေ့သားက အဖေ့အချစ်ရဆုံးလူသားဆိုတာလေ။ အဖေ့သားရဲ့ကိုယ်စား ကျွန်တော်လည်းပြောချင်ပါတယ်။ သူအချစ်ရဆုံးလူသားကလည်း သူ့ရဲ့ဖခင်ပါပဲလို့။ ဒီနေ့ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် ကာလအတွင်း ကျွန်တော်တို့ကို ပေးခဲ့တဲ့အဖေတို့ အမေတို့ရဲ့ ချစ်ခြင်းနဲ့ ဂရုစိုက်မှုတွေကို ကျေးဇူးပြန်ဆပ်ချင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ နှစ်ယောက်ကို နောက်တစ်ကြိမ် လက်ခံပေးပေးပါ"
ပြောပြီးတာနဲ့ Gu Hai က ထရပ်ပြီး တစ်မီတာအကွာလောက်ထိ လျှောက်သွားတယ်။ ပြီးမှ သူကရိုရိုသေသေ ဒူးထောက်ချပြီး လေးလေးစားစားနဲ့ နှစ်ကြိမ် ဦးချလိုက်တယ်။
ဒီစကားတွေအားလုံး Gu Hai ပြောလိုက်တဲ့အခါ Bai Han Qi တစ်ယောက် ၀မ်းနည်းမှုနဲ့ စိတ်လှုပ်ရှားမှုကိုသာ ခံစားရတယ်။ ဒါပေမယ့် Gu Hai ဒူးထောက်ပြီး ဦးချလိုက်တော့ Bai Han Qi ရဲ့ မျက်ရည်တွေဟာ အထိန်းအချုပ်မဲ့စွာ မျက်နှာပေါ်ကနေ စီးကျလာတယ်။ သူ့ရဲ့ မင်္ဂလာပွဲညက Gu Hai ဟာ Bai Luo Yin ကို ကျောပိုးပြီး အိမ်ကနေအပြင်ကို ခေါ်ထုတ်သွားတဲ့ မြင်ကွင်းကို ရုတ်တရက် သတိရမိတယ်။ အဲ့ဒီအချိန်လေးကစပြီး သူ့သား Bai Luo Yin ဟာ သူနဲ့မဆိုင်တော့ဘဲ Gu Hai ပိုင်ဖို့ ကြမ္မာဖန်လာတယ် ထင်ပါရဲ့။
"မြန်မြန်ထပါကွယ်" Bai Han Qi က Gu Hai ကို အမောတကောထူတယ်။
Jiang Yuan က ရင်ထဲမခံစားနိုင်တော့လို့ ဘေးနားကနေ တရှုံရှုံ ငိုနေတယ်။
"ယောက်ျားဆိုတာ သိက္ခာရှိရမယ်လေ။ အခုတော့ ဒူးထောက်ရတယ်လို့ကွာ.... မင်းကွာ ဘယ်လိုလုပ်ပြီး အလွယ်တကူ ဒူးထောက်ရတာတုန်း။ မင်းဒူးထောက်မယ်ဆိုရင်လည်း မင်းတို့ လက်ထပ်တဲ့နေ့မှ ထောက်!" Bai Han Qi က မျက်ရည်တွေကို သုတ်ရင်း "အဖေတို့ကို အားနာနေဖို့ မလိုပါဘူး။ မင်းကြောင့်သာမဟုတ်ရင် အဖေ့မှာလည်း သားဆိုတာ ရှိတော့မှာမဟုတ်တော့ဘူး"
နောက်တစ်ကြိမ် သူတို့ရဲ့ ထိုင်ခုံတွေပေါ်ပြန်ထိုင်ကြတော့ အားလုံးရဲ့ခံစားချက်တွေဟာ ပုံမှန်အနေအထားကို ပြန်ရောက်သွားကြပြီ။
Jiang Yuan က နှပ်ညှစ်လိုက်ပြီး "တကယ်တော့ကွယ်..... အမေတို့လည်း စိတ်ဓါတ်မသေးသိမ်တဲ့လူတွေ အများကြီး တွေ့ဖူးပါတယ်။ ပုံမှန်မဟုတ်တဲ့ မင်္ဂလာပွဲကို ရွေးချယ်တဲ့လူပျိုလူလွတ်တွေကို ယောက်ျားဈေးကျတယ်လို့ ဆိုလို့မရပါဘူး။ သူတို့ဘ၀ သူတို့ ရွေးချယ်ခဲ့ရုံပဲဟာ။ ဘ၀မှာ အမှန်နဲ့အမှားကြားမှာ ဘာကွာခြားချက်မှမရှိဘူး။ သင့်လျော်လား၊ မလျော်လားပဲ စဉ်းစားရုံပဲ။ ကလေးယူဖို့ကိစ္စနဲ့ ပတ်သက်လို့ အဲ့ဒါကလည်း ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းမျှသာပါပဲကွယ်။ ဒါပေမယ့် ကလေးမရှိရင်တောင် နေတတ်ရင် ကျေနပ်စရာတွေ အများကြီး ရှိပါတယ်"
"အဲ့ဒါအမှန်ပဲ" Bai Han Qi က ဘေးကနေထောက်ခံတယ်။ "မျိုးဆက်နဲ့ပတ်သက်လို့ ငါကတော့ သူ့သဘာဝနဲ့သူ လွှတ်ထားလိုက်တော့မယ်။ ကလေးရရင်လည်းရပေါ့ကွာ။ ကလေးမရရင်လည်း ကိစ္စမရှိပါဘူး။ ငါကတော့ ဒီအပေါ်ဇွတ်အတင်းလုပ်နေမှာတော့မဟုတ်ဘူး။ ငါ့သား Bai Luo Yin လည်း ဒီ ၂၀ ကျော်ကာလအတွင်း လိုတာထက်ပိုပြီး ဒုက္ခတွေခံစားခဲ့ရတယ်လို့ ငါထင်တယ်။ ကလေးတစ်ယောက်ရဖို့အရေး သူ့ကို ဒုက္ခသုက္ခတွေပိုခံစားရအောင် ဖိအားပေးတာထက်စာရင၊ သူ့အတွက် ချစ်ခြင်းမေတ္တာတွေပိုရဖို့ မျှော်လင့်မိပါတယ်"
"ဟုတ်တယ် ဟုတ်တယ်" Jiang Yuan ဟာ ရှားရှားပါးပါး Bai Han Qi ရဲ့ ထင်မြင်ချက်ကို သဘောတူ ထောက်ခံနေတယ်။ "ကလေးယူဖို့ဆိုတာ တာဝန်တစ်ခုမဟုတ်ဘူး။ မိဘတွေအနေနဲ့ မင်းတို့ကို ကလေးယူစေချင်တယ်ဆိုတာကလည်း အမွေဆက်ခံဖို့ အရေးတကြီးလုပ်နေတာမဟုတ်ဘူး။ ဒါပေမယ့် မိဘဖြစ်ရတဲ့ ပျော်ရွှင်မှု နဲ့ ကြည်နူးမှုကို မင်းတို့ခံစားရအောင်လို့ပါ။ မင်းတို့နဲ့ ပတ်သက်မှုကို လက်မခံချင်လို့ မင်းတို့နှစ်ယောက်ကို ဇွတ်အတင်း လိုက်ခွဲဖို့ ကြိုးစားခဲ့တယ်ဆိုတာကလည်း မင်းတို့ နှစ်ယောက်စလုံးအတွက် ငါတို့ ရင်နာလို့.. ပြီးတော့ မင်းတို့ရှေ့ဆက်ရမယ့်လမ်းမှာ အခက်အခဲတွေ အများကြီးတွေ့မှာ စိုးရိမ်လို့ပါ ငါ့သားရယ်"
"ကောင်းပြီ ရှည်ရှည်ဝေးဝေးတွေးနေစရာမလိုဘူး" Bai Han Qi က Gu Hai လက်တွေကို ဆုပ်ကိုင်လိုက်ပြီး "မင်းသာ ငါ့သားကို ကောင်းကောင်းဆက်ဆံပြီး ချစ်ပေးဖို့ပဲလိုတယ်။ ဒါဆို ပြည့်စုံသွားပြီ"
Jiang Yuan ကလည်း ရယ်မောရင်း "ဟုတ်ပ ကျွန်မသားလေးရဲ့ ဘ၀ကတော့ ချမ်းသာကြွယ်ဝမှုအပြည့်ပဲ။ လူတွေတောင် အားကျနေတော့မှာ။ အကယ်လို့ သူ,မိန်းမတစ်ယောက်ကို တကယ်လက်ထပ်လိုက်ရင်တောင် တနေကုန် တနေခမ်း ခိုင်းစားခံနေရဦးမယ်။ မြင်ရတာနဲ့တင် စိတ်ရှုပ်စရာကောင်းတယ်!"
"Ha ha ha ...." Bai Han Qi က ၀မ်းသာကြည်နူးစွာ ရယ်တယ်။
ဒီအချိန်မှာပဲ ကမ္ဘာကြီး တစ်ခုလုံး လှပသွားတယ်လို့ Gu Hai တစ်ယောက် ရုတ်တရက်ခံစားလိုက်ရတယ်။
------------
Bai Luo Yin ဟာ Gu Wei Ting ရယ် အခြားစစ်ဖက်ဆိုင်ရာအရာရှိတွေရယ်နဲ့အတူ mission တစ်ခုကို ထမ်းဆောင်ဖို့အတွက် နိုင်ငံရပ်ခြားမှာရှိနေကြတယ်။ သူဟာ အရက်မူးတဲ့ညက Gu Haiဆီက လက်ထပ်ခွင့်တောင်းခဲ့တာကို လုံးဝမေ့နေပြီ။ ဒါပေမယ့် သူမက်ခဲ့တဲ့ အိပ်မက်ကိုတော့ သတိရနေ သေးတယ်။ ပြီးတော့ ဒါက ရယ်စရာကောင်းတယ်လို့ ခံစားရတယ်။ ဒါကလွဲရင် သူ နက်နက်နဲနဲ တွေး မနေတော့ဘူး။ ဒါကြောင့် Gu Hai တစ်ယောက် တကယ်ပဲ Bai Han Qi နဲ့ Jiang Yuan ကို သွားတွေ့ ပြီး သူ့ကို လက်ထပ်ယူဖို့ ဆုံးဖြတ်ပြီးပြီဆိုတာ သူ,မသိခဲ့ပါဘူး။
သူဟိုတယ်တစ်ခုမှာ တည်းခိုတယ်။ Gu Wei Ting ရဲ့ အခန်းက သူ့အခန်းနဲ့ မျက်နှာချင်းဆိုင်ပဲ။
သူရာထူးတိုးပြီးကတည်းက သူ့မှာ လေ့ကျင့်ရေးဆင်းဖို့ အခွင့်အရေးနည်းလာပြီး ဟိုဟိုဒီဒီလောက်သာ လွယ်ကူတဲ့ အလုပ်တာဝန်မျိုးစုံပဲလုပ်နေရတယ်။ ဒါပေမယ့် Gu Wei Ting နဲ့ တွဲပြီး လုပ်ရတဲ့ အခွင့်အရေးသာ ပိုပိုပြီး များလာတယ်။
အဲ့ဒီနေ့ Bai Luo Yin နဲ့ Gu Wei Ting တို့ဟာ အစည်းအဝေးပွဲတက်ဖို့ သွားကြတယ်။ အပြန်လမ်းမှာတော့ Gu Wei Ting က ရုတ်တရက်သူ့ကိုပြောတယ်။ "ဒီနေ့ည ငါ့ကိုလာတွေ့စမ်းပါ။ ငါ မင်းကို မေးစရာရှိလို့"
အဲ့ဒီနေရာမှာပဲ Gu Wei Ting က သူ့ကိုဘာမေးမလဲဆိုတာကို Bai Luo Yin တစ်ယောက် အနည်းနဲ့အများတော့ ရိပ်စားမိပါတယ်။
စိတ်တွေပူနေလို့ Bai Luo Yin ဟာ ညစာမှာ အာရုံစိုက်လို့ မရနိုင်ဘူး။ သူ့အခန်းထဲမှာပဲ အကြာဆို အကြာကြီးစောင့်နေခဲ့တယ်။ နောက် ဟိုဘက်အခန်းတံခါးဖွင့်သံကို နောက်ဆုံးတော့ သူကြားရပြီ။
"၀င်ခဲ့ပါ" Gu Wei Ting ပြောတယ်။
Bai Luo Yin က တည်ငြိမ်တဲ့ပုံ ပေါက်နေပေမယ့် သူ့ရဲ့နှလုံးသားအခြေမှာတော့ စိုးရိမ်မှုနဲ့ အကြောက်တရားက နေရာယူထားတယ်။
Gu Wei Ting က စီကရက်တစ်လိပ်ကို ထုတ်လိုက်ပြီး သူ့ပါးစပ်မှာတပ်လိုက်တယ်။ Bai Luo Yin ကသူ့အတွက် မီးညှိပေးဖို့ ထလိုက်တယ်။
"မင်းဆေးလိပ်သောက်ချင်သေးလား?" Gu Wei Ting မေးတယ်။
Bai Luo Yin ခေါင်းခါပြပြီး "မသောက်တော့ပါဘူး။ ကျွန်တော် အခုလေးတင်ပြီးခဲ့ပါပြီ"
Gu Wei Ting ရဲ့ ပါးစပ်ကနေ ဆေးလိပ်ငွေ့တွေလွင့်ထွက်လာပြီး သူ့မျက်နှာထားက နည်းနည်း ရှုပ်ထွေးနေတယ်။
"ငါ မင်းကို မေးချင်တယ်....Gu Hai အခန်းထဲက အခြားပစ္စည်းတွေက မင်းဟာတွေလား?"
လာမယ့်ကိစ္စကတော့ ရောက်လာမယ်ဆိုတာ အသေအချာပါပဲ။ Bai Luo Yin က Gu Wei Ting ဆီမှာဝန်ခံဖို့ အသင့်တော်ဆုံးအချိန်ကို စောင့်နေခဲ့တာပါ။ သူဖွင့်ဟ၀န်ခံဖို့ အခွင့်အရေးမရခင် Gu Wei Ting က အရင် ဒီကိစ္စကို အစဖော်လိုက်မယ်လို့တော့ သူတွေးမထားမိခဲ့ဘူး။
"ဟုတ်ပါတယ်" Bai Luo Yin ဟာ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေတယ်။

Addicted? Book2 (Zawgyi)Where stories live. Discover now