CHAPTER 106 => ဘဝတစ်သက်တာအတွက် လက်ချင်းဆက်၍ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုခြင်း
ညနေ (၇) နာရီမှာ ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်တွေအားလုံးဟာ မင်္ဂလာပွဲကျင်းပတဲ့နေရာကို စဝင်လာကြတယ်။ ဒါဟာ စတုရန်းပေ(၂၀၀၀) အကျယ်အဝန်းရှိတဲ့ နာမည်ကြီးတိုင်ပျောက်ခန်းမတစ်ခုဖြစ်ပြီး ၊ မျက်နှာကျက်က (၁၀) မီတာ အမြင့်ရှိတယ်။ ဒီနေရာက လူတစ်ထောင်ကျော်ဆံ့တယ်။ ခြွေရံသင်းပင်းကြတဲ့ သတို့သမီးအရံအုပ်ကြီး၊ သတို့သားအရံများနဲ့ နှစ်ဖက်သောမိဘဆွေမျိုးတွေ ၊ မိတ်ဆွေတွေအပြင် ၊ Gu Hai ရဲ့ ကုမ္ပဏီနဲ့ လုပ်ငန်းလုပ်ဖို့ စိတ်ဝင်စားကြလို့ မဖိတ်ပဲလာရောက်ကြတဲ့ လူမှုနယ်ပယ်က လူတွေလည်းရှိတယ်။ ထပ်တိုးတာကတော့ ပြီးခဲ့တဲ့ရက်က မီးသီးတွေအလှူပေးတာကို လက်ခံခဲ့ကြတဲ့ ကိုယ်စားလှယ်တွေပဲ ဖြစ်တယ်။ သူတို့က ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ရဲ့ ကျေးဇူးတင်စိတ်ရယ် ဆုမွန်ကောင်းချွေတာရယ်ကို ပြသချင်ကြတယ်။
မင်္ဂလာညစာစားပွဲကျင်းပတဲ့နေရာကို ခန်းမအလယ်တည့်တည့်မှာ စတိတ်စင်မြင့်တစ်ခုနဲ့ လှလှပပသေသေချာချာ အလှဆင်ထားတယ်။ ဘေးပတ်ပတ်လည်မှာ ဧည့်သည်တော် စားပွဲဝိုင်းတွေအားလုံးက စက်ဝိုင်းပုံ ဖြန့်လျက်စီထားပြီး ၊ ပြီးပြည့်စုံတဲ့ စိတ်ခံစားချက်ကို ဖန်တီးပေးနေတယ်။
Yang Meng က နေ့လည်ကတည်းက ဧည့်ခံပွဲနေရာကိုရောက်နေတာ။ သူနဲ့ဘေးက ဝန်ထမ်း(၂) ဦးက ဒီပွဲရဲ့ လက်ဖွဲ့ငွေလက်ခံတဲ့လူတွေဖြစ်တယ်။ ရောက်လာတဲ့ ဧည့်သည်အရေအတွက်များလာလေလေ၊ သူတို့လုပ်ရမယ့် အလုပ်တွေလည်း များလာလေလေပါပဲ။ Yang Meng က ငွေရေတာကို ကြီးကြပ်ပြီး၊ ကျန်တဲ့ နှစ်ယောက်ကတော့ ငွေပမာဏ စာရင်းပြုစုတာကို တာဝန်ယူတယ်။ ငွေသားလိုလက်ဖွဲ့တဲ့ ပမာဏက အရမ်းများနိုင်တာကြောင့် ၊ မီးခံသေတ္တာဗီဒိုတစ်ခုကို ဘေးမှာအသင့်ထားထားရတယ်။ မီးခံသေတ္တာတွေအားလုံးပြည့်သွားရင် ၊ စစ်သားတွေက ငွေသေတ္တာကိုယူသွားပြီး ၊ သေတ္တာအသစ်တွေနဲ့ အစားထိုးပေးလိမ့်မယ်။
" Zhang Xiao Mei ,1688 ယန်း"
" Su Hai , 2888 ယန်း "
" Zhang Cheng , 18888 ယန်း"
(Note:: တရုတ်မှာ (၈) ဂဏန်းဟာ ကံကောင်းစေတဲ့ ဂဏန်းဖြစ်တယ်။ (၈) ဆိုတဲ့ အသံထွက်က တရုတ်လို " ချမ်းသာတော့မယ်" ဆိုတဲ့ အဓိပ္ပါယ်ကိုဆောင်ပြီး ၊ ပြည့်စုံကြွယ်ဝခြင်းကို ရည်ညွှန်းတယ်။ ပြီးတော့ လက်ဖွဲ့ငွေရဲ့ ဂဏန်းတွေအဆုံးက စုံဂဏန်းပဲ ဖြစ်ရမယ်။ လက်ဆောင်တွေအားလုံးလည်း စုံဂဏန်းပဲပေးရပြီး ၊ " ကောင်းခြင်းနှစ်ဆ" လို့ အဓိပ္ပါယ်ရပါတယ်။ သိသာပါတယ် ၊ Bai Luo Yin နဲ့ Gu Hai ရဲ့ မင်္ဂလာဆောင်မှာ ဖော်ပြထားတဲ့ စကားလုံးတွေကလည်း ဒီလိုမျိုး အဓိပ္ပါယ်ပါပဲ)