CHAPTER – 94 - ရဟတ်ယာဉ်မောင်း၍ သိုးကျောင်းခြင်း
Gu Wei Ting တစ်ယောက် နောက်ထပ်တစ်ည အိပ်ရေးပျက်ပြန်ပြီ။ နောက်နေ့ မနက်စောစော သူ,ကိုယ်လက်သန့်စင်မလို့ လုပ်နေတဲ့အချိန် အခန်းထဲကို ၀င်လာတဲ့ အားကြီးပြီး မိုးခြိမ်းသံလို ကျယ်လောင်တဲ့ ခြေသံတွေကို သူကြားလိုက်ရတယ်။
လှည့်မကြည့်ဘဲ ဘယ်သူလာတယ်ဆိုတာ သူသိနေပြီ။
Gu Hai ဟာ ဒီလောက်ချက်ချင်းကြီး ရောက်လာတဲ့အထိ ဒေါသကိုမထိန်းချုပ်နိုင်ဘူး ဆိုတာလည်း သူမျှော်လင့်ပြီးသား။
"အဖေ, Yin Zi ကိုဘာတွေပြောလိုက်တာလဲ?"
Gu Wei Ting အမုန်းဆုံးအရာက ဒီမေးခွန်းကို မေးနေတဲ့ Gu Hai ရဲ့လေသံပဲ။ သူအသက်ကြီးပြီး ကုတင်ပေါ်မှာလေဖြတ်နေရင်တောင် သူ့သားက ဒီလေသံနဲ့ သူ့ကို မပြောသင့်ဘူး။
"မင်းနဲ့သူနဲ့ အတူတူနေတဲ့ကိစ္စကို ငါသဘောမတူဘူးလို့ပဲ ပြောလိုက်တာ" Gu Wei Ting ကဘွင်းဘွင်းပဲပြန်ဖြေတယ်။
သူ့အရိုးတွေထဲထိ စိမ့်ဝင်သွားစေတဲ့ ကျောချမ်းစရာ အေးစက်စက်အဆင့်ထိရောက်အောင် Gu Hai ရဲ့ သူငယ်အိမ်ပြူးကျယ်လာတယ်။ "ဘာအကြောင်းပြချက်နဲ့လဲ?"
"ငါ့အကြောင်းပြချက်လား?" Gu Wei Ting က သူ့မျက်နှာသူ သုတ်သပ်ရင်း ပေါ့ပေါ့လေးမေးတယ်။
"သူသာ မင်းအတွက် ငါ့မြေးလေးတွေမွေးပေးနိုင်ရင်တော့၊ ငါသူ့ကို ချက်ချင်းလက်ခံပေးမယ်လေ"
Gu Hai လက်သီးကို ကျစ်နေအောင်ဆုပ်ပြီး တဆတ်ဆတ်တုန်နေတယ်။ အကြာကြီး မျိုသိပ့်ခဲ့သမျှ နောက်ဆုံးတော့ သူပေါက်ကွဲပစ်လိုက်တယ်။
"မနက်ဖြန်ကစပြီး ကျွန်တော် အငှားကိုယ်ဝန်သည်တစ်ဖွဲ့ကို စုဆောင်းပြီး တစ်နှစ်အတွင်း အဖေ့အတွက် မြေးအယောက် ၁၈၀ မွေးပေးမယ်။ အဲ့ဒီနောက် မျက်စိနောက်စရာမဖြစ်အောင်လို့ အဖေ့မျက်စိရှေ့ကနေ ကျွန်တော်အပြီးအပိုင်ပျောက်ကွယ်ပေးလိုက်မယ်"
၉ နှစ်တောင် ကြာခဲ့ပြီ။ Gu Wei Ting ထင်ထားတာ Gu Hai တစ်ယောက် အာဗြဲကြီးနဲ့ ပြန်ပြောတာတွေ ဟိန်းဟောက်တာတွေလုပ်တဲ့ အသက်အရွယ်ကို ကျော်လွန်ခဲ့ပြီလို့။ ဒါပေမယ့် သူ အခုမှ နားလည်လာတာက လူတစ်ယောက်ရဲ့ ရင့်ကျက်မှုက အသက်အရွယ်ပေါ်မှာ အခြေခံတာမဟုတ်ဘဲ၊ အဖြစ်အပျက်ပေါ်မှာသာ အခြေခံတယ်ဆိုတာကိုပဲ။ ဒီနှစ်တွေအများကြီး Gu Hai တည်ငြိမ်ပြီးသဘောထားကြီးနေရတဲ့ အကြောင်းရင်းက သူရင့်ကျက်လာလို့မဟုတ်ဘူး။ သူဒီလိုအစွန်းရောက်ဖို့ အကြောင်းမရှိသေးလို့သာဖြစ်တယ်။
အခု အဲ့လိုအကြောင်းကို သူတွေ့လာတာနဲ့ သူဟာ ချက်ချင်းပဲ ဒီကြောင်သူတော်မျက်နှာဖုံးကို ခွါချပြီး သူ့အဖေနဲ့ စကားစစ်ထိုးပွဲတွေကို ဆက်လုပ်တော့တယ်။ လွန်လွန်းချက်ကတော့ ဘယ်သူပဲ ဖြစ်နေဖြစ်နေ၊ ဥပမာ သူ့အဖေအရင်းပဲဖြစ်နေပါစေ၊ ဒါမှမဟုတ် သူ့အပေါ်ထားခဲ့တဲ့ နှစ်ပေါင်းများစွာ ဂရုစိုက်မှုရော..ဂရုဏာရောပါ ထည့်မတွက်ဘဲ သူ့ရဲ့မိုက်ရိုင်းတဲ့ ပါးစပ်ကိုသုံးပြီး လူတွေကို နာအောင်ပြောဖို့ သူတွန့်ဆုပ်နေမှာ မဟုတ်ဘူး။
ဒီအချက်ကို သိထားတဲ့အတွက်ကြောင့် Gu Wei Ting ရဲ့ စကားတွေကလည်း ပိုတောင်အညှာအတာမဲ့လာတယ်။
"မင်းပူမနေနဲ့။ မြေးအယောက် ၁၈၀ မပြောနဲ့ တစ်ယောက်လောက်ဆိုရင်တောင် Gu Wei Ting ဆိုတဲ့ငါကလည်း မင်းကို နောက်တစ်ခေါက်ကြည့်မနေတော့ဘူး"
Gu Hai မျှော်လင့်ချက်ပျက်သုန်းသွားသလို ခံစားလိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အဖေရဲ့ မျက်စိထဲမှာ သားဖြစ်သူရဲ့ ပျော်ရွှင်မှုကို အလေးမပေးလို့ပဲဖြစ်တယ်။
"ကျွန်တော့်အတွက် သူက သူ့ရဲ့ ငယ်ရွယ်နုပျိုတဲ့ ၈ နှစ်တာကို စွန့်လွှတ်ခဲ့တယ်။ ပြီးတော့ သူချစ်ရတဲ့လူတွေကို အဆုံးရှုံးခံခဲ့တယ်။ အဖေကရော ကျွန်တော့်အတွက် ဘာများစွန့်လွှတ်ခဲ့လို့လဲ? ဆယ်နှစ်ကျော်လောက် အဖေလက်လျှော့ထားရတဲ့ မိန်းမတစ်ယောက်ကို အဖေစွန့်လွှတ်ခဲ့လား? ကျွန်တော်အရမ်းမုန်းတာ အဖေသိရဲ့သားနဲ့ အဲ့ဒီမင်္ဂလာပွဲကိုရော အဖေစွန့်လွှတ်ခဲ့သလား? ကျွန်တော့်ကို မွေးပေးပြီး ဆယ်နှစ်ကျော်လောက်ကျွေးမွေးထောက်ပံပေးခဲ့တာတွေကို အဖေ့ရဲ့ ကိုယ်ကျိုးမဖက်တဲ့မေတ္တာလို့ အဖေထင်နေရင်ပေါ့လေ .. ဒါဆို ကျွန်တော် အဲ့ဒါတွေအားလုံး အဖေ့ကို တစ်ခုမကျန်ပြန်ပေးမယ်! ကလေးထိန်းတွေလက်ထဲပစ်ပြီး ပိုက်ဆံအထပ်လိုက်နဲ့ ဖို့ထားတဲ့ဆယ်နှစ်ကျော် လစ်လျူရှုခံရတဲ့ခံစား ချက်ရဲ့ အရသာကို ကျွန်တော်,အဖေ့ကို မြည်းခိုင်းမယ်!"
"အဖေ့မျက်စိထဲမှာ ကျွန်တော်က အသွေးအသားရှိတဲ့လူတစ်ယောက်၊ ကိုယ်ပိုင်အရည်သွေးရှိတဲ့ လူတစ်ယောက်မှ မဟုတ်တာ။ ကျွန်တော်က အဖေပိုင်ဆိုင်တဲ့ ရုပ်ဝတ္ထုသပ်သပ်ပဲ။ အဖေ ငယ်ရွယ်ပြီးအားအင်တွေဆူဖြိုးနေတုန်းက အဖေ့ရဲ့ အိပ်မက်တွေအတွက် မိသားစုကို အဖေပစ်ထားနိုင်ခဲ့ပြီး၊ ကျွန်တော်ကျတော့ ကျွန်တော်လုပ်ချင်ခဲ့တဲ့ အလုပ်ကိုတောင် ရွေးချယ်လို့မရခဲ့ဘူး။ ပြီးတော့ အဖေ့အလုပ်မှာ အောင်မြင်လာတဲ့ အချိန်ရောက်တော့ လှပတဲ့ မိန်းမတစ်ယောက်ကို လက်ထပ်ဖို့အတွက် အဖေ့ရဲ့ သားအရင်း,အိမ်ပေါ်ကဆင်းပြီး ခြေဦးတည်ရာလျှောက်သွားခွင့်တောင် ပြုခဲ့သေးတယ်။ ဒါပေ မယ့် ကျွန်တော်ကျတော့ ကျွန်တော်ချစ်တဲ့လူနဲ့တောင် အတူနေလို့မရဘူး....."
"မင်းမျက်စိထဲမှာမင်းလုပ်သမျှက ကြောင်းကျိုးဆီလျော်ပြီး၊ ငါလုပ်သမျှကတော့ အဓိပ္ပါယ်မရှိဘူးပေါ့?"
"ရိုးရိုးသားသားပြောရရင် ကျွန်တော့်ရဲ့ ဖခင်တစ်ယောက်အနေနဲ့ ကျွန်တော့်ကို သိက္ခာရှိရှိ ချုပ်ချယ်ထားဖို့ ဒီလိုဟိတ်ဟန်တွေကို အဖေသုံးလို့ရတယ်! ကျွန်တော့်ဖခင်တစ်ယောက်အနေနဲ့၊ ကျွန်တော့်ကို အဖေ့စိတ်ကြိုက်လုပ်ဖို့ အဖေ့အာဏာကို သုံးလို့ရတယ်။ ကျွန်တော်အရိုက်ခံတယ်၊ အဆူခံတယ်၊ ကျွန်တော်အားလုံးကို လက်ခံတယ်။ ကျွန်တော်က ဘယ်သူလဲဆိုတော့ အဖေ့သားဖြစ်နေလို့ပဲ။ ကျွန်တော့်ကို အဖေမွေးပေးထားလို့ပဲ"
"ဒါပေမယ့် Bai Luo Yin က အဖေ့ဆီမှာ ဘာအကြွေးတင်နေလို့လဲ? အဖေ့ရာထူးကို ခိုင်မာအောင်လုပ်ဖို့ သူစစ်မြေပြင်သွားခဲ့ရတာ ဘာကြောင်းပြချက်အတွက်လဲ? အဖေ့ဂုဏ်သတင်းကို ကာကွယ်ဖို့ သူ့အသက်ကိုတောင် လောင်းကြေးထပ်ပြီး ရာထူးအာဏာသေးသေးလေးကို ရအောင်ယူခဲ့တာရော ဘာအကြောင်းပြချက်အတွက်နဲ့လဲ? သူက အခြားအိမ်က ရင်သွေးမျိုးဆက်ဗျ! သူက Gu မိသားစုဆန် စားထားခဲ့တာလည်းမဟုတ်ဘူး! သူက အဖေ့ရဲ့ Gu Wei Ting ဆိုတဲ့ ကျော်ကြားမှုကို ထိတောင်မထိခဲ့ဘူး။ အကယ်လို့...သူသာ Gu Hai ဆိုတဲ့အကောင်ကို မိသားစုကို သစ္စာဖောက်စေချင်ခဲ့ရင် သူ့ပါးစပ်လေးနဲ့ပြောလိုက်ရုံပဲ၊ ဒါဆို ကျွန်တော်,ချက်ချင်းကို သူ့နောက်လိုက်သွားမှာ"
"သဘောတူဖို့အရေး အဖေက ဘာတွေဒီလောက်ခက်နေရတာလဲ?"
ဒီစကားတွေပြောပြီးတာနဲ့ Gu Hai ဟာ လှည့်တောင်မကြည့်ဘဲ ပြန်ထွက်သွားတယ်။ နှုတ်ဆက်ပွဲတစ်ခုလို ၀မ်းနည်းပြီးအထီးကျန်ဆန်လှတယ်။
Gu Wei Ting ရဲ့ နှလုံးသားမှာ ရုတ်တရက်အပေါက်ကြီးတစ်ခု အက်ကွဲသွားတယ်။
သူသင်္ချိုင်းကို မောင်းသွားပြီး သူ့ဇနီးဟောင်းရဲ့အုတ်ဂူပေါ် ပန်းစည်တစ်စည်းကို ရိုရိုသေသေချလိုက်တယ်။
ပန်းတွေဟာ နွေးထွေးပြီး ညင်သတဲ့လေထုမှာ တောက်ပမှုကို ဆောင်နေတယ်။ အကြာကြီး ငေးနေမိပြီးမှ သူ့နှလုံးသားက နောက်ဆုံးတော့ ငြိမ်ကျသွားတယ်။
မငြိမ်မသက် လှုပ်ရွနေတဲ့ အပြင်လောကကြီး ပျောက်ကွယ်သွားကာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က နွေးထွေးပြီး ပျော်စရာကောင်းတဲ့ အမှတ်တရတွေသာ ကျန်နေရစ်တယ်။
Gu Hai ဟာ မမျှော်လင့်ဘဲ မွေးဖွားလာခဲ့တာပါ။ Gu Wei Ting မှတ်မိနေပါသေးတယ်... သူ ကလေးလေးကို စမြင်လိုက်တဲ့အချိန် သူ့မှာ အဖေနဲ့သားဆိုတဲ့ ခံယူချက် ပြတ်ပြတ်သားသားရှိမနေခဲ့ပါဘူး။ ဒါပေမယ့် သူခံစားလိုက်ရတာကတော့ သူ့ပုခုံးပေါ်က ၀န်ထုတ်ဝန်ပိုးက ပိုလေးလာသလိုပါပဲ။
ထင်မထားဘဲ နှစ် ၂၀ ကျော်ကာလဟာ လျှပ်တပြတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီ။ သူ့သားဟာလည်း သူ့ဘ၀မှာ အရမ်းကိုအရေးပါတဲ့နေရာကို ရောက်လာခဲ့ပါပြီ။
"ငါလုပ်ခဲ့တာတွေ... တကယ်ပဲ မှားနေခဲ့တာလား?"
Gu Wei Ting တိတ်တဆိတ်မေးမိတယ်။
Bai Luo Yin ရဲ့ ရဟတ်ယာဉ်က Tibet (တိဘက်) ပြည်ရဲ့မြက်ခင်းပြင်များပေါ် ဆင်းသက်ခဲ့တယ်။ လေယာဉ်မှန်ခေါင်းက ထွက်လိုက်တော့ အပြင်က လေထုက လန်းဆန်းလတ်ဆတ်စွာကွဲပြားနေတယ်။ ၉ နှစ်ကြာသွားပြီးမှ အချိန်တွေနောက်ပြန်လှည့်လိုက်သလို သူတိဘက်ပြည်ကို နောက်တစ်ခေါက်ပြန်ရောက်လာခဲ့ပြီ။ ကောင်းကင်ပြာရယ် ရေကြည်ကြည်ရယ်နဲ့ ဒီနေရာလေးဟာ အရင်တုန်းကလိုပဲ ရင်သပ်ရှုမောလောက်အောင် လှနေတုန်းပဲ။ ကြည့်ရတာ... အတိတ်က သူ့ရဲ့အကြောက်အလန့်ကင်းမဲ့မှု အနည်းငယ်နဲ့ ကမ္ဘာတစ်ပတ်ပတ်ဖို့ စွန့်စားလိုစိတ်တို့ကို သူရှာတွေ့သွားပုံပေါ်တယ်။
ပတ်ပတ်လည် လျှောက်ကြည့်တော့ သိပ်မဝေးတဲ့ နေရာမှာ ရွာသေးသေးလေးတစ်ရွာရှိနေတယ်။ လူနေအိမ်တွေ ကျို့တို့ကျဲတဲ...သိုး၊နွား ကျောင်းသားတွေရဲ့ သိုး၊နွား ကျောင်းနေတဲ့အသံတွေဟာ မီးခိုးခေါင်းတိုင်ကနေ တလူလူလိမ့်တက်လာတဲ့ မီးခိုးငွေ့ထဲမှာပဲ ပျောက်ကွယ်သွားတယ်။ Bai Luo Yin က ရေပုလင်းကို ကောက်ကိုင်ပြီး ရေလုပ်ကြီးကြီးတစ်လုပ်သောက်လိုက်တယ်။ ရုတ်တရက် ထူးဆန်းတဲ့ လေသံတစ်ခု သူကြားလိုက်တယ်။
Bai Luo Yin လှည့်ကြည့်လိုက်တော့ ရုတ်တရက်လန့်သွားတယ်။ သိုးတွေရဲ့နောက်,အလယ်တည့်တည့်မှာ မတ်တပ်ရပ်ပြီး အသားအရည်ကြမ်းတမ်းပုံပေါ်တဲ့ ကောင်လေးတစ်ယောက်က သူ့ကို ရှက်ရွှံစွာ ကြည့်နေတယ်။
သူက သိုးအုပ်ကို လမ်းပိတ်ထားမိတယ်လို့ Bai Luo Yin ထင်လို့ ဘေးကိုခြေလှမ်းကျဲကျဲ ရွှေ့ပေးလိုက်တယ်။ နောက်တော့ အဲ့ဒီကောင်လေးဟာ သူ့ဆီလျှောက်လာပြီး သိုးတွေကလည်းအုပ်စုလိုက် သူတို့ နှစ်ယောက်ကို ပတ်ရံထားတယ်။
"မင်း ဘာလိုလို့လဲ?" Bai Luo Yin က အရင်စမေးတယ်။
ကောင်လေးက ရှက်ပြုံးပြုံးပြီး နောက်က ရဟတ်ယာဉ်ကို လက်ညှိုးထိုးပြတယ်။ သူက အသံပြတ်ပြတ်သားသားနဲ့ မေးတယ်။ "အဲ့ဒါ ဦးဦးဟာလား?"
Bai Luo Yin ခေါင်းညိတ်ပြလိုက်တယ်။
"WOW!" ကောင်လေးရဲ့အမူအရာက ရိုးစင်းတဲ့အားကျမှုကို ဖော်ပြနေတယ်။
Bai Luo Yin ပြုံးမိသွားတယ်။ "မင်းအထဲဝင်ပြီး ထိုင်ကြည့်ချင်လား?"
ကောင်လေးက ခေါင်းကို တွင်တွင်ညိတ်တယ်။
"ဦးနောက် လိုက်ခဲ့!"
ဒါပေမယ့် လေယာဉ်မှန်ခေါင်းကို ဖွင့်လိုကချိန်မှာတော့ ကောင်လေးက တွေဝေသွားတယ်။ သူ့ မျက်နှာသေးသေးလေးမှာ သတိဂရုပြုမှုတွေပေါ်လာတယ်။ မဟုတ်မှလွဲရော.... သူစိတ်ကူးကြည့်တာနဲ့ ယှဉ်ရင် ရဟတ်ယာဉ်အရွယ်က ပိုကြီးနေတယ်ဆိုတာကို သိသွားလို့ဖြစ်ရမယ်။ ဒါမှမဟုတ် ရဟတ် ယာဉ်ပျက်ကျမှာများ ပူနေလို့ပဲလား။ ခဏအတွင်း သူကြောက်လာတယ်။
"စိတ်အေးအေးထား၊ ဒါက အရမ်းခိုင်ခံတယ်" Bai Luo Yin က ကောင်လေးပုခုံးကို ပုတ်လိုက်တယ်။
Bai Luo Yin ရဲ့ အားပေးမှုနဲ့ ကောင်လေးဟာ နောက်ဆုံးတော့ တုန်ရီနေတဲ့ ခြေထောက်တွေနဲ့ မှန်ခေါင်းထဲ ၀င်လိုက်တယ်။ အဲ့ဒီနောက် ကောင်လေးက လက်ထောက်လေယာဉ်မှူးနေရာမှာ ထိုင်ပြီးစိတ်လှုပ်ရှားနေတယ်။ Bai Luo Yin က စက်နှိုးတယ်- ရဟတ်ယာဉ်ကိုယ်ထည်က ခဏလောက် တုန်ခါနေပြီးမှ တဖြေးဖြေးမြင့်တက်လာတယ်။
"၀ိုးဝိုး...၀ိုး...."
လေထဲ ငါးမီတာအမြင့်လောက် ပျံဝဲနေပြီး၊ ကောင်လေးက စက္ကန့် ၂၀ လောက် မရပ်မနား လျှောက်အော်တော့ Bai Luo Yin နားတွေတောင် အူလာသလိုပဲ။ ဒီကလေးက ကုန်းမြင့်ဒေသရဲ့ ဒေသခံ စစ်စစ်ကလေးပဲ၊ သူ့အသံက အားကောင်းပြီး သူ့အဆုတ်ကျယ်ပြန့်မှုကလည်း တကယ့်ကို အကြီးကြီးပဲ။
တဖြည်းဖြည်းနဲ့ ကောင်လေးက အော်တာကို ရပ်လိုက်တယ်။ ရဟတ်ယာဉ်ပြတင်ပေါက် ရှေ့ မှီပြီး စပ်စပ်စုစုနဲ့ အောက်ကိုကြည့်လိုက်တော့ သူ့ရဲ့ သိုးအုပ်က အစက်ပြောက်လေးတစ်ခုသာ ဖြစ်နေပြီ။
"မင်းသိုးတွေ အခိုးခံရမှာ မစိုးရိမ်ဘူးလား?" Bai Luo Yin မေးတယ်။