CHAPTER – 98 - မင်္ဂလာပွဲကို ဘယ်သူတွေတက်ရောက်မှာလဲ?
လေဟာပြင်အလင်းပြပွဲညတုန်းက Gu Hai က Bai Luo Yin ကိုပွေ့ဖက်နေတာ တွေ့ပြီးနောက် Yan Ya Jing ရဲ့ စိတ်တွေ သေကောင်ပေါင်းလဲခံစားချက်မဲ့တဲ့ အခြေအနေကိုရောက်သွားခဲ့တယ်။ သူမဘယ်လိုဘယ်ပုံ ခံစားရသလဲဆိုတာတော့ မဖော်ပြနိုင်ပေမယ့် အဲ့ဒီညပြီးသွားတော့ သူမရဲ့ ဘ၀အပေါ်ထားတဲ့အမြင်ဟာ အပြောင်းလဲကြီးပြောင်းလဲသွားတော့တယ်။
Gu Hai တစ်ယောက် သူမ,ရှေ့ပေါ်မလာတာ ရက်ပေါင်းများစွာကြာပြီ။ အဲ့ဒီလိုပဲ Tong Zhe ကလည်း အခွင့်အရေးရတိုင်း တမင်သက်သက် သူမဒေါသကိုဆွတဲ့အလုပ်ကို မလုပ်တော့ဘူး။ သူမဟာ အခုတော့ Gu Hai ရုံးခန်းထဲကို လွတ်လပ်စွာ ၀င်နိုင်ပြီး သူ့ပစ္စည်းတွေကို စိတ်ကြိုက်သုံးလို့ရပြီ။ တကယ်တမ်းကျတော့ သူမက Gu Hai ရဲ့ ရာထူးကို ယာယီလွှဲပြောင်းယူထားရပြီး၊ သူ့ရုံးစားပွဲထိုင်ခုံမှာ ထိုင်ရင်း ၀န်ထမ်းတွေကို အမိန့်ပေးညွှန်ကြားနေရတယ်။
သူမ,မက်ခဲ့တဲ့အိပ်မက်က နောက်ဆုံးတော့ အကောင်အထည်ပေါ်လာခဲ့ပေမယ့်လည်း သူမ ဘယ်လိုမှ မခံစားရဘူး။
Gu Hai က သာမာန်လူတစ်ယောက်မဟုတ်ဘူးဆိုတာတော့ သူမအမြဲခံစားခဲ့ရတယ်။ ဒါကြောင့် သူမအတွက်တော့ Gu Hai ဆီက,ဒီလိုပုံစံဆက်ဆံမှုမျိုး ရယူနိုင်တယ်ဆိုတာ သူတို့နှစ်ဦးကြားမှာ ထူးခြားတဲ့ ဆက်နွယ်မှုတစ်မျိုးရှိတယ်ဆိုတာကို သက်သေပြဖို့ လုံလောက်နေပြီးသားပဲ။ သူ့ ချစ်သူအတွက် အိမ်ပြန်လမ်းကို မီးထွန်းလမ်းပြတဲ့နေရာမှာ ယန်းငွေသန်းချီအကုန်ခံပြီး ကျင်းပခဲ့တဲ့၊ ခမ်းနားလှတဲ့ အလင်းပြပွဲကြီး ပြီးဆုံးသွားကတည်းက သူမ အတွေးတွေ တိမ်ခဲ့ပါလားဆိုတာ Yan Ya Jing နားလည်သွားပြီ။ Gu Hai အပေါ် သူမရဲ့နားလည်မှုတွေက အရမ်းကို သေလောက်အောင် မှားယွင်းခဲ့တယ်။
**ဒါဆိုသူ့ချစ်ခြင်းတွေက ဒီလောက်လေးနက်ပြီး ဒီလောက်ကြီးကျယ်တယ်ပေါ့ ဟုတ်လား..*
အဲ့ဒီညက Bai Luo Yin ကို ဖက်ထားရင်း Gu Hai ငိုနေတဲ့မြင်ကွင်းကို မျက်စိနဲ့တပ်အပ်မြင်ပြီးတဲ့နောက် Yan Ya Jing ရှော့ရသွားတယ်။ သူမနောက်ဆုံးတော့ သတိပြန်လည်လာပါပြီ။ သူမရဲ့ မနာလိုမှုတွေက Tong Zhe အပေါ်မှာသာရှိခဲ့တယ်။ Bai Luo Yin ရဲ့ ပတ်သက်လာတဲ့အခါ သူမဘာမှခံစားနေဖို့ မလိုခဲ့ဘူး။ ကွာခြားချက်က အဆမတန်,အလွန့်ကိုကြီးမားတယ်။ အရမ်းကို ကွာခြားလွန်းလို့ သူမ,မနာလိုဖို့ သတ္တိတောင်မရှိခဲ့ပါဘူး။
ဒီဆယ်နှစ်အတွင်း Gu Hai ဘယ်တော့မှမပြောင်းခဲ့တဲ့ ဓါတ်ပုံ....သူ့ကွန်ပျူတာ desktop ပေါ်မှာ Gu Hai တင်ထားတဲ့ အဲ့ဒီဓါတ်ပုံကိုမြင်ပြီး Gu Hai ရဲ့ ခံစားချက်တွေက ဘယ်လောက် သိသိသာသာနက်ရှိုင်းသလဲဆိုတာကို သူမ သတိမပြုမိခဲ့တာကိုတော့ Yan Ya Jing နောင်တရမိတယ်။ အခုမှ သူမ ဘယ်လိုလုပ်ပြီး သတိပြုမိဦးမှာလဲ? လွန်ခဲ့တဲ့ ခြောက်လကတည်းက Gu Hai ဟာအခြားလူတစ်ယောက်နဲ့ အရမ်းကို အရူးအမူးချစ်နေတယ်။ အရမ်းကို အရူးအမူးချစ်လွန်းလို့ သူ့နှလုံးသားထဲက ချောင်ချိုချောင်ခြားထဲမှာတောင် အခြားလူတစ်ယောက် ဒါမှမဟုတ် အခြားအရာတစ်ခုအတွက် နေရာမရှိဘူးဆိုတာကို သူမ,သိခဲ့မယ်ဆိုရင် အခုဆို သူမဟာ ဒီလိုခံစားချက်တွေရှုပ်ယှက်ခက်နေရပါဦးမလား?
အချိန်တွေကို လွန်ခဲ့တဲ့ ကိုးနှစ်ဆီပြန်လှည့်လို့ရရင် ကားထဲမှာ Gu Hai ပြောနေတာတွေကို သူမ,နားထောင်နေခဲ့တဲ့အခါ Gu Hai ရဲ့ ချောမောတဲ့မျက်နှာကိုပဲ ကြည့်နေမယ့်အစား၊ သူ့မျက်လုံးတွေထဲက အမူအရာတွေကို အာရုံစိုက်ထားခဲ့ရင် ဒီလိုနှစ်ပေါင်းများစွာကြာတဲ့ တစ်ဖက်သက်အချစ်ရဲ့ ကြေကွဲဖွယ်ဇာတ်လမ်းလေးပေါ်ပေါက်လာပါဦးမလား?
ဒုံး .... ဒုံး .... ဒုံး ....
တံခါးခေါက်တဲ့အသံက Yan Ya Jing ရဲ့ နက်နဲတဲ့ အတွေးတွေကို နှောက်ယှက်လိုက်တယ်။
သုမခေါင်းထောင်ကြည့်တော့ သူမဆီတစ်လှမ်းချင်းလှမ်း ချဉ်းကပ်လာတဲ့ Tong Zhe ရဲ့ ချောမောတဲ့ မျက်နှာကိုမြင်ရတယ်။ သူ့မျက်လုံးတွေက စူးရှနေတုန်း၊ ပြီးတော့ သူ့အပြုံးတွေက ကျယ်လောင်နေတုန်း။
Yan Ya Jing နားမလည်ဘူး **အချိန်မလွန်ခင် ဒီအခြေအနေရောက်လာတာတောင် သူက ဘယ်လိုလုပ်ပြီး အခုလိုသွေးနားထင်ရောက်တဲ့သဘောထားနဲ့ နေနိုင်ရသေးတာလဲ? ဟန်ကိုယ့်ဖို့ လုပ်နေသေးတာလား? Gu Hai ကဖြင့် အခြားအမျိုးသားတစ်ယောက်ရဲ့ ရင်ခွင်ထဲပြေးဝင်သွားပြီ!**
အစကတည်းက Yan Ya Jing က Tong Zhe ကို သူမနဲ့အခြေအနေချင်းအတူတူပဲလို့ အမြဲမှတ်ယူခဲ့တာ။ဒီကိစ္စနဲ့ ပတ်သက်လို့ Tong Zhe ဟာ ၀န်မခံသလို ငြင်းလည်းမငြင်းခဲ့ဘူး။ အားလုံးကတော့ Yan Ya Jing ရဲ့ တစ်ဖက်သက် အထင်လွဲမှုသာဖြစ်တယ်။ Tong Zhe က အလိုက်သင့်ဟန်ဆောင်ခဲ့ရုံပဲ။
"ဟေ့ ဒီမှာ မင်္ဂလာဖိတ်စာ"
Tong Zhe က Yan Ya Jing ရှေ့ ဖိတ်စာကိုပစ်လိုက်တယ်။
Yan Ya Jing က ဖိတ်စာကို သူမရဲ့ တုန်ရီနေတဲ့လက်တွေနဲ့ ကောက်ယူလိုက်ပြီး စာအိတ်လေးက အရမ်းအရမ်းကို လှတယ်။ အပြင်ဘက်မှာက တစ်ယောက်လက်ချောင်းတွေကို တစ်ယောက်က ဆုပ်ကိုင်ထားတဲ့ လက်နှစ်ဖက်ပုံ၊ အဲ့ဒီပုံနဲ့ လိုက်ဖက်နေတာက လွန်ခဲ့တဲ့နှစ်တွေက ၀တ်ဆင်ထားခဲ့တဲ့ အရိပ်အယောင်တွေနဲ့ လက်စွပ်နှစ်ကွင်း။ Yan Ya Jing ဟာ အဲ့ဒီနှစ်ကွင်းထဲက တစ်ကွင်းကို မှတ်မိနေတယ်။ အဲ့ဒါက ကုမ္ပဏီနဲ့ မျက်စောင်းထိုးကော်ဖီဆိုင်တုန်းကဟာ။ အဲ့ဒီအချိန်တုန်းက သိမ်းထားဖို့အတွက် Gu Hai က သူမကိုပေးခဲ့တာ။ ဒီအချိန်ကာလရောက်တော့ ပေးတယ် ဆိုတဲ့ စကားလုံးကို Yan Ya Jing မပြောဝံဘူး။ အဲ့ဒီအခြေအနေမှာ Gu Hai တစ်ယောက် မထင်မှတ်ဘဲ ထပြီးသ၀န်တိုကာ သူမကို အဲ့ဒီလက်စွပ်ပေးခဲ့ရတဲ့အကြောင်းရင်းကို နောက်ဆုံးတော့ သူမ,နားလည်သွားပြီ။
ဖိတ်စာကိုဖွင့်လိုက်တော့ အတွင်းထဲမှာမြင်ရတဲ့ ဓါတ်ပုံကြောင့် သူမနှလုံးသားက လုံးဝကို စုတ်ပြတ်နေပေမယ့်လည်း သူမ အကျယ်ကြီးအော်ရယ်နိုင်သေးတယ်။
"ဒီပုံကြီးကို သူတို့မင်္ဂလာဆောင်ရဲ့ နောက်ခံဓါတ်ပုံနေရာမှာ ဘာလို့ရွေးချယ်ခဲ့တာပါလိမ့်?"
Yan Ya Jing မရယ်ဘဲ မနေနိုင်ဘူး " သူတို့ စုံတွဲပုံရိုက်ချင်ရင်တောင် ဒီထက်ပိုကြည့်ကောင်းတဲ့အတွဲပုံကို မရှာနိုင်တော့ဘူးလားဟယ်"
သူမရဲ့ မျက်စိရှေ့မှာ အဘိုးကြီးတစ်ယောက်နဲ့ အဘွားကြီးတစ်ယောက်ရဲ့ ဓါတ်ပုံဖြစ်တယ်။ တစ်ယောက်က စစ်တပ်ကုတ်အင်္ကျီကို ၀တ်ထားပြီး သွားနှစ်ချောင်းပဲကျန်တော့တယ်။ အခြားတစ်ယောက်က အနီရောင်ဂွမ်းကပ်အင်္ကျီဝတ်ထားပြီး သူမမျက်နှာမှာ အရေးကြောင်းတွေအပြည့်ပဲ။
"အဲ့ဒါ သူတို့နှစ်ယောက်ရဲ့ပုံပဲ" Tong Zhe ပြောတယ်။
Yan Ya Jing ချက်ချင်းပဲလန့်သွားတယ်။
အနီးကပ်ကြည့်လိုက်တော့ သူတို့နဲ့ တကယ့်ကိုတူတယ်။
**သူတို့ဘာတွေလုပ်နေကြတာလဲ?**
ဘာအကြောင်းပြောနေကြတာလဲဆိုတော့ Gu Hai နဲ့ Bai Luo Yin တို့ရဲ့ မင်္ဂလာဆောင်ဓါတ်ပုံတွေ အကြောင်းပါပဲ။
ပြောရင် ယုံနိုင်စရာမရှိဘူး။
သူတို့က နာမည်ကြီး မင်္ဂလာဆောင်ဓါတ်ပုံတွေရိုက်တဲ့ ဓါတ်ပုံဆရာတစ်ယောက်ကို ငှားတယ်။ ဒါပေမယ့် ဓါတ်ပုံအနည်းငယ်ရိုက်ပြီးတဲ့နောက်မှာတော့ သူတို့အဲ့ဒီဓါတ်ပုံဆရာရဲ့ ဂုဏ်သတင်းကို စုတ်ပြတ်နေအောင် ဖျက်ဆီးပစ်ခဲ့တယ်။ ပထမ...သူတို့ Qing Dao ကို သွားပြီး လွန်ခဲ့တဲ့နှစ်တွေတုန်းက ပင်လယ်ကို မျက်နှာမူပြီး ဆောက်ထားတဲ့ သူတို့ငှားခဲ့တဲ့အိမ်ကိုရှာတယ်။ ပြီးမှ အဲ့ဒီအိမ်မှာ အမကြီး Bai နဲ့ ရွာသူကြီး Gu အဖြစ် သူတို့ ဓါတ်ပုံတစ်ထပ်ကြီးရိုက်ကြတယ်။ သူတို့ အ၀တ်အစားအပြည့်အစုံဝတ်တာနဲ့ မလုံလောက်နိုင်သလို သူတို့ကိုယ်သူတို့ ငယ်ရွယ်နုပျိုတဲ့ အရွယ်ကနေ ဆံပင်ဖြူပြီး အသက်ကြီးသွားတဲ့အရွယ်အထိ တဖြည်းဖြည်းပြောင်းလာတဲ့ ဇရာအဆင့်ဆင့် ဓါတ်ပုံတွေလည်း ရိုက်ကြတယ်။ အချုပ်ပြောရရင် သူတို့တစ်ပတ်လုံးလုံး ဒီဓါတ်ပုံတွေ ရိုက်ခဲ့ကြတယ်။ ဒီလိုရိုက်နေကြတဲ့ အတောအတွင်း ဓါတ်ပုံဆရာရဲ့ ကင်မရာ မှန်ဘီလူးတွေလည်း ဒုက္ခအမျိုးမျိုးခံရတယ်။
အဲ့ဒါပြီးတော့ သူတို့တပ်သားဘ၀က ဓါတ်ပုံတွေ တစ်ထပ်ကြီး ရိုက်ကြတယ်။ အဲ့ဒီ ဓါတ်ပုံအများစုက Bai Luo Yin ရဲ့ တစ်ကိုယ်တော် ရိုက်ချက်တွေချည်းပဲ။ သူ့ခန္ဓာကိုယ်မှာ ရွှံတွေပေနေတာတွေ၊ ချွေးတွေစိုရွှဲနေတာတွေ၊ အ၀တ်အစား ရွဲပလဲနေပုံတွေဖြစ်ပြီး၊ ကြည့်ရဆိုးလေလေ ပုံထွက်ကောင်းလေလေပဲ။ ဒါက သူတို့ တွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ နှစ်ပေါင်းများစွာ အခက်အခဲတွေကို ပြသတဲ့ပွဲမှာအသုံးပြုဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါနဲ့တင် မလုံလောက်သေးဘူး။ ရင့်နစ်စရာအကောင်းဆုံး ရိုက်ချက်ကတော့ အသက်စွန့် အနစ်နာခံတဲ့ဓါတ်ပုံ အတွဲလိုက်တွေပဲ။ အဲ့ဒီအတွဲလိုက်ထဲမှာ လေသူရဲတစ်ဦးကို သေစေနိုင်တဲ့ နည်းပေါင်းစုံကို Bai Luo Yin က သရုပ်ဆောင်ပြီး သူဟာသွေးတွေပေပြီး စိတ်မချမ်းမြေ့စရာ ၀တ်စုံကို ၀တ်ထားရုံသာမက ဘေးကGu Hai ကလည်း သနားစရာကောင်းစွာ ပူဆွေးနေတဲ့ မုဆိုးမပုံစံ အိုက်တင်လုပ်နေသေးတယ်။
အဲ့ဒီနောက်မှာတော့ သူတို့တွေဟာ ကိုယ်လုံးတီးဓါတ်ပုံတွေ (Topless ပုံတွေဖြစ်ပါတယ်)၊ ကျောင်းသားဘ၀ဓါတ်ပုံတွေ၊ မိသားစုဘ၀ဓါတ်ပုံတွေ ရိုက်ကြတယ်။ နောက်ဆုံးတစ်ခုကတော့ သူတို့ဟာ ကျော်ကြားတဲ့ နာမည်ကြီးဒါရိုက်တာကိုငှားပြီး နှစ်ဦးသားရဲ့လှိုက်ဖိုရင်မောဖွယ် အချစ်ခရီးကို တစ်ဖန်ပြန်လည်ခံစားရင်း၊ သူတို့ကိုယ်တိုင် ဇာတ်ကောင်နေရာတွေမှာ သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် အချစ်ဇာတ်ကားတစ်ကားကို ဖန်တီးခိုင်းတယ်။ သူတို့က ဒီဇာတ်လမ်းကို မင်္ဂလာဆောင်မှာ ပြသဖို့စီစဉ်ထားတယ်။
မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ အခြားအခြားအသေးစိတ်တွေကတော့ ဆုံးဖြတ်ချက်ချတုန်း ရှိသေးတယ်။
ဖိတ်စာကြီးကိုင်ပြီး Yan Ya Jing တစ်ယောက် အိပ်မက်မက်နေသလို ခံစားရတယ်။ သူမနဲ့ Gu Hai ရဲ့ ဖိတ်စာအတုကတော့ သူမအံဆွဲထဲမှာ သော့ခတ်သိမ်းထားတယ်။ သူမတို့ရဲ့ ဖိတ်စာလေး က အများကြီးပိုကြည့်ကောင်းတယ်! အဲ့ဒီဖိတ်စာထဲက Gu Hai ရဲ့ ဓါတ်ပုံက ချောမောပြီး ပိုသဘာဝကျတယ်။ ဒါပေမယ့် အဲ့ဒီဖိတ်စာကို လက်ထဲကိုင်ရတာ အေးစက်စက်နဲ့ မပြည့်စုံသလိုပဲခံစားရတယ်။ ဒီဖိတ်စာကို နောက်တစ်ခါ ထပ်ကြည့်တော့ ဒါဟာ လူတွေကို ခွက်ထိုးခွက်လန် ရယ်မောစေတယ်။ ဒါကို လက်ထဲမှာကိုင်ထားရတာ ချစ်ခြင်းများစွာနဲ့ နွေးထွေးသလို ခံစားရတယ်။
Tong Zhe က စီကရက်ကို မီးညှိပြီး Yan Ya Jing နဲ့မျက်နှာချင်းဆိုင်မှာ ထိုင်တယ်။
"ကျွန်မရှေ့မှာ ဆေးလိပ်မသောက်နဲ့" Yan Ya Jing က သူ့ကို ရွံရှာတဲ့ ပုံစံနဲ့ ကြည့်ပြီး သတိပေးတယ်။ "ကျွန်မက ဆေးလိပ်နံ့ဆို မုန်းတယ်"
"ဒါဆိုကောင်းတာပေါ့။ အငွေ့လေးနဲနဲရှုလိုက်" Tong Zhe ခပ်တိုးတိုးပြောတယ်။ "ဒါနဲ့ မင်း မေ့နိုင်သွားပြီပေါ့"
ဘာကြောင့်မှန်းတော့မသိဘူး။ Tong Zhe ဟာ သူမအတွက် ဆူးညှောင့်ခလုတ်တစ်ခု မဟုတ်တော့ဘူးလို့ Yan Ya Jing ခံစားရတယ်။ ဒါပေမယ့် သူမကတော့ အမှန်တရားကို လက်ခံလိုစိတ်မရှိသေးဘူး။ သူ့ရှေ့မှာ အရှုံးကို ၀န်မခံချင်ဘူး။
"ကျွန်မမေ့လိုက်တာ ကြာပေါ့"
"မင်းမေ့လိုက်ပြီ ဟုတ်လား?" Tong Zhe သံသယရှိတယ်။ "သုံနှစ်သုံးမိုး တစ်ဖက်သက်ချစ်ခဲ့တာ မဟုတ်လား? မင်း ဒီလောက်မြန်မြန်ကြီးမေ့ပစ်လိုက်တယ်ပေါ့?"
"သုံးနှစ် ဟုတ်လား?" Yan Ya Jing ခါးခါးသီးသီး ရယ်ပစ်လိုက်တယ်။ "အကျယ်ချဲ့ပြီးပြောရင် ကိုးနှစ်ရှိပြီ။ အကျဉ်းချုံ့ပြီးပြောရင်တော့ ငါးနှစ်ရှိပြီ"
ယနေ့ခေတ်လို ရုပ်ဝတ္ထုအပေါ်ဦးစားပေးတဲ့လောကကြီးမှာ တစ်ဖက်သက်အချစ်ကို နှစ်တွေနဲ့တိုင်းတာနေတာ အထူးသဖြင့် သူမလို အသားဖြူဖြူ၊ ဥစ္စာပေါရုပ်ချောတဲ့မိန်းကလေးတစ်ယောက် အ တွက်တော့ Tong Zhe မယုံကြည်နိုင်ဖြစ်မိတယ်။
"မင်းဟာလေ... လူတွေအမွှေးတွေထောင်လာအောင်ကို တုံးအတာပဲ" Tong Zhe ပြောတယ်။
Yan Ya Jing ပြန်ငြင်းတယ်။ " ရိုးသားသန့်စင်ခြင်းဟာ အမျိုးသမီးတွေရဲ့ တန်ဖိုးအထားရဆုံး အရာပဲ"
"တော်စမ်းပါ...ကျွန်တော်ဆိုလိုတာက "တုံးအ" တာကို ပြောနေတာ"
Yan Ya Jing က ချက်ချင်းပဲ သူ့ကို ဆေးလိပ်ပြာခွက်နဲ့ ပေါက်လိုက်တယ်။
Tong Zhe က သူမကို ဆက်ပြီး ဒေါသဆွတယ်။ "မင်းအပျိုစင်စစ်စစ်လို့တော့ ကျွန်တော့်ကိုလာမပြောနဲ့။ ဒီနှစ်တွေမှာ Gu Hai ရဲ့ ညီလေးအတွက် မင်းရဲ့ အမြှေးပါး(အပျိုရည်) ကို သူ့ကိုပေးဖို့ မစဉ်းစားခဲ့ဘူးလား?"
Yan Ya Jing အလွန့်အလွန် စိတ်အနှောက်အယှက်ဖြစ်လာတယ်။
**ကျွန်မသာ သူ့ကိုပေးခဲ့ရင် ကျွန်မအခုလိုမျိုးဖြစ်နေပါဦးမလား?**
Tong Zhe ဟာ Yan Ya Jing ရဲ့ အမူအရာကိုကြည့်ပြီး စီကရက်ကိုင်ထားတဲ့လက်က ခဏလောက် တန့်သွားတယ်။ သူထင်တာ မှန်နေပြီလား? 27,28 နှစ်အရွယ် ဥစ္စပေါရုပ်ချော၊ ပြီးတော့ အဖိုးတန်တဲ့ အမျိုးသမီး ဒါလက်တွေ့မဆန်ဘူး! ဒါပေမယ့် အဲ့ဒီလို အရည်အသွေးမြင့်တဲ့ "မယ်ပြည့်စုံ" လေးကို သူ,မထင်မှတ်ဘဲ တွေ့ဆုံဖို့ ဖြစ်လာပြီ! Gu Hai က သူ့ကို အလုပ်ထွက်ပြီး သူ့ကုမ္ပဏီထဲကို ၀င်ဖို့အယုံသွင်းတုန်းက သူလာရင် အံ့သြစရာကြီးတစ်ခု သေချာပေါက်ရှိတယ်လို့ Gu Hai ပြောခဲ့တာ ယုံမှားဖွယ်မရှိဘူး။
**ငါအခုသူမကို ရှင်းအောင်ပြောသင့်သလား?**
Tong Zhe တွေဝေနေတုန်း Yan Ya Jing က အရင် တကယ့်ကိုစပြောတယ် "အရင်က ရှင်နဲ့ Gu Hai ကြားက ပတ်သက်မှုကို ကျွန်မအထင်မှားခဲ့မိတယ်။ ဒီနေ့ကစပြီး......"
Tong Zhe တစ်ယောက် Yan Ya Jing စကားအဆုံးသတ်မှာကို ငြိမ်ငြိမ်လေး စောင့်နေတယ်။
"ကျွန်မတို့နှစ်ယောက် တရားဝင် သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်ပြီ" ဒါဟာ ပထမဆုံးအကြိမ်အဖြစ် Yan Ya Jing က Tong Zhe ကို နုညြံ့ပီး သန့်စင်တဲ့အပြုံးကို ပြုံးပြခြင်းပဲ။
Tong Zhe နှုတ်ခမ်းတွေ တုန်ယင်လျက် **သူငယ်ချင်းကောင်းတွေတဲ့.......**
-------------