CHAPTER 33- ရက်စက်လှသော လေ့ကျင့်ရေးစခန်းသူတို့ လေ့ကျင့်ရေးကွင်းထဲရောက်တော့ စိတ်ညစ်စရာတွေနဲ့ ကြောက်လန့်စရာတွေ တစ်ပြုံကြီး ပြန်ပေါ်လာပြန်တယ်။
Zhou Ling Yun ဟာ လက်ကို နောက်ပစ်ရင်း အုပ်စုတွေရှေ့မှာ မတ်တပ်ရပ်နေတယ်။ သူ့ရဲ့အေးစက်စက်မျက်လုံးတွေက စိတ်လှုပ်ရှားပြီးကြောက်နေကြတဲ့ မျက်နှာတွေကို စိုက်ကြည့်နေတယ်။
"ငါ မင်းတို့ကို တစ်နေ့လုံး အနားပေးထားပြီးပြီ။ အခုသွေးပူလေ့ကျင့်ခန်း လုပ်ကြမယ်။"
တပ်သားတွေအားလုံး လန့်ဖြန့်သွားတယ်။
**ငါတို့ကို တစ်နေ့လုံးအနားပေးတယ်ဆိုတာ ဘယ်တုန်းကလဲ?**
သူတို့တွေ တစ်နာရီတောင် မနားရသေးတာကို။ မနေ့ညကလည်း လူးလှိမ့်နေရပြီး ဒီမနက်လည်း ဘေးပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ရသေးတယ်။ သူတို့စားတဲ့နေ့လည်စာတောင် အစာမကြေသေးဘူး။ အရေးပေါ်အစည်းအဝေးပွဲအတွက် အခုတန်းစီနေရပြန်ပြီ။ ဒါတောင် တစ်နေကုန် နားခွင့်ပေးထားတဲ့..ဘယ်နေရာလဲဆိုတာ ခင်ဗျားကြီး ပြောစမ်းပါဦး။
လူအုပ်ကြီးရဲ့ သံသယကို Zhou Ling Yun က ရိုးရိုးလေး တုန့်ပြန်တယ်။
"မနေ့က နေ့လည်က ငါဒီတပ်ကို စရောက်တယ်။ အခုချိန်ထိဆိုရင် တစ်ရက်လုံးလုံးပြည့်ပြီ။ မင်းတို့ အခုထိ နားနေခဲ့ရတာပဲ မဟုတ်လား? သေးပေါက်တာကို လေ့ကျင့်ခန်းလို့များ ထင်နေသလား? ငါ တပ်ထဲမှာနေတာ ကြာလှပြီ။ ဒီလိုအသေးအမွှားအလုပ်ကလေးတွေကို ကြားဖူးတာ ဒါအဦးဆုံးပဲ"
တပ်သားတွေမဆိုထားနဲ့ အရာရှိတွေတောင် ဒီစကားကြားတော့ မျက်နှာပျက်သွားတယ်။
Zhou Ling Yun ဟာ လူအုပ်ကြီးရဲ့ မကျေနပ်ချက်တွေကို လျစ်လျူရှုပြီး ပေါ့ပေါ့ပါးပါးပြောလိုက်တယ်။ "ငါအခု မင်းတို့ရဲ့ အခြေခံယာဉ်မောင်းစွမ်းရည်ကို စစ်ဆေးမလို့.. မင်းတို့နဲ့လည်း ပိုပြီး ရင်းနှီးသွားအောင် လုပ်တဲ့ အခွင့်အရေးလို့ပဲ သဘောထား"
သူပြောပြီးနောက် ထောင်ပေါင်းများစွာသော အိပ်ငိုက်နေကြတဲ့စစ်သားတွေနဲ့ အရာရှိဒါဇင်ပေါင်းများစွာဟာ လေ့ကျင့်ရေးကွင်းဆီသွားရတော့တယ်။ လေသူရဲတွေက ယာဉ်မောင်းလေ့ကျင့်ရေးများကို ထပ်တလဲလဲ လေ့ကျင့်ရတယ်။ အရာရှိများနဲ့ အထူးတပ်ဖွဲ့တပ်သားတွေဟာ လေသူရဲတွေရဲ့လုပ် ဆောင်ချက် တစ်ခုချင်းစီတိုင်းကို စစ်ဆေးရတယ်။ နည်းနည်းလေး စံချိန်မမီတာနဲ့ လေသူရဲတွေဟာ အစကနေ ပြန်လုပ်ကြရတယ်။