CHAPTER 43 - နေကာမျက်မှန်တစ်လက် လက်ဆောင်
"ဒီ ရေဒီယိုသုံးလမ်းပြစနစ်စီမံကိန်းကို အသက်သွင်းတဲ့နေရာမှာ ပါဝင်ပေးခဲ့ကြတဲ့ပညာရှင်များနဲ့ ကျွမ်းကျင်လုပ်သားများအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်ကြတဲ့ ကုမ္ပဏီအားလုံးရဲ့ကိုယ်စား ဒီအစည်းအဝေးပွဲကို ပြုလုပ်ခွင့်ရတဲ့အတွက် ၀မ်းမြောက်ဂုဏ်ယူ......"
Gu Hai ရဲ့ အသံသြသြဟာ အစည်းအဝေးခန်းထဲကနေထွက်ပေါ်လာတယ်။ အဲ့ဒီအစည်းအဝေးပွဲမှာ အင်ဂျင်နီယာ အယောက် ၃၀ လောက်ပါတယ်။ ထိုင်နေကြတဲ့အခင်းအကျင်းလေးက အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ Gu Hai ရဲ့ဘယ်ဘက်မှာ အမျိုးသားတွေချည်းထိုင်နေပြီး၊ ညာဘက်မှာ တော့ အမျိုးသမီးတွေချည်းထိုင်နေကြတယ်။ အမျိုးသားများနဲ့ အမျိုးသမီးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြတယ်။ စီမံကိန်းညှိနှိုင်းပွဲနဲ့မတူဘဲ ကြင်ဖက်တွေ့ပွဲနဲ့တူတယ်။
ဒါပေမယ့် ပတ်ဝန်းကျင်က တည်ကြည်ခန့်ညားပါတယ်။ ကုန်ကုန်ပြောရရင် Gu Hai မျက်နှာကတောင် ပြီတီတီလုပ်မနေဘူးဆိုတာ အားလုံးမြင်နိုင်တယ်။
Bai Lou Yin က Gu Hai ရဲ့ညာဘက်၊ Yan Ya Jing နဲ့ မျက်နှာချင်းဆိုင်ပြီးထိုင်နေတယ်။ Bai Lou Yin ဟာ Yan Yan Jing ဆီမျက်စိဝေ့ကြည့်လိုက်တိုင်း..သူမက Gu Hai ကိုကြည့်နေတာ မြင်ရတယ်။ အားလုံးလည်း Gu Hai ကိုကြည့်နေကြပေမယ့်လို့ Yan Ya Jing ရဲ့ မျက်လုံးတွေကတော့ သိသိသာသာ ကွဲပြားနေတယ်။
"အခု စကားအနည်းငယ်ပြောပေးဖို့အတွက် ဒီစီမံကိန်းခေါင်းဆောင် Mr.Bai Lou Yin ကို ဖိတ်ခေါ်လိုက်ရအောင်ခင်ဗျာ"
လက်ခုပ်သံဆုံးတော့မှပဲ Bai Lou Yin ရဲ့ လွင့်မျောနေတဲ့စိတ်တွေ နိုးထလာတယ်။ သူက နှုတ်ခမ်းတွေကို မြှင့်ရုံလေးမြှင့်လိုက်ပြီး စစ်တပ်ရဲ့ ဦးဆုံးထင်မြင်ချက်နဲ့ ဒီစီမံကိန်းအတွက် အကောင်အထည်ဖော်ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းပြနေတယ်။
အစည်းအဝေးတက်လာသူတွေအားလုံးက Bai Lou Yin ရဲ့ စကားကို ဂရုတစိုက်နားထောင်နေကြတယ်။ Gu Hai လည်းအပါအ၀င်ပေါ့။ Gu Hai မျက်လုံးတွေက သွားဖွေးဖွေးကလေးတွေပေါ်လာအောင် ပွင့်သွားလိုက်..ပိတ်သွားလိုက် လုပ်နေတဲ့ Bai Lou Yin ရဲ့ နှုတ်ခမ်းလေးတွေကို စိုက်ကြည့်နေတယ်။ Bai Lou Yin စကားပြောလိုက်တဲ့အခါ လှုပ်ရှားသွားတဲ့ပါးလေးတွေကိုလည်း ငေးကြည့်နေမိတယ်။