Chapter 202: မကောင်းဆိုးဝါးမ
"မင်းတို့အားလုံးက ချင်ပြည်ရဲ့ သူရဲကောင်းတွေပဲ။ ဒါပေမဲ့ မင်းတို့ထဲက တစ်ယောက်သစ္စာဖောက်လို့ မင်းတို့မကျေနပ်ချက်တွေနဲ့ အသက်ဆုံးခဲ့ရတာ" မိန်လိ ပြောလိုက်သည်။
ခဏရပ်ကာ သူတို့မျက်နှာပေါ်က မကျေနပ်ချက်များကို စောင့်ကြည့်ပြီး ဆက်ပြောသည်။
"မင်းတို့က ချင်ပြည်ရဲ့ ထောက်တိုင်တွေပဲ။ မင်းတို့မရှိတော့ ချင်ပြည်က ဖာထေးလို့မရတဲ့ အပေါက်ကြီးတစ်ခု ဖြစ်သွားတယ်။ မင်းတို့ကျဆုံးပြီး သိပ်မကြာခင်ပဲ ချင်ပြည်က အဲ့ဒီ အရိုင်းအစိုင်းသူပုန်တွေလက်ထဲ ကျရောက်သွားရတာ။ ငါလည်း မင်းတို့လို ဝမ်းနည်းပြီး မကျေနပ်ဘူး။ ငါတို့က ရန်သူတွေမဟုတ်ဘူး။ ငါတို့မှာ ဘုံရန်သူရှိနေတယ်။ ငါတို့အားလုံး ဒီလိုဖြစ်အောင်လုပ်တာ ဘယ်သူလဲ""ကျန်း..ဟန်"
ရေကန်က ပွက်ပွက်ဆူလာကာ မကောင်းဆိုးဝါးဝိညာဉ်အားလုံး ပြိုင်တူ ရေရွတ်လိုက်ကြသည်။ သူတို့ရဲ့ ထူးဆန်းသောအသံများ မြေအောင်လှိုက်ဂူတစ်ခုလုံး ပျံ့လွင့်လာသည်။
ဇူအန် သူ့ရှေ့ကမြင်ကွင်းကို အံ့အားသင့်နေသည်။ ဒီမကောင်းဆိုးဝါးဝိညာဉ်တွေက အသိညာဏ်သိပ်မရှိပေ။ သူတို့က ဗီဇများသာ ကျန်ခဲ့၍ စကားမပြောနိုင်ပေ။ အများဆုံး ဝေဝေဝါးဝါး အော်သံများသာ ထွက်နိုင်လေသည်။
သို့သော် ကျန်းဟန်နာမည်ကိုတော့ ပီပီသသ ရွတ်နိုင်လေသည်။ ဒါက သေပြီးတာတောင် နာမည်စွဲထင်နေရလောက်အောင် ကျန်းဟန်ကို မည်မျှ မုန်းနေကြကြောင်း သိသာစေသည်။"အမှန်ပဲ အဲ့ဒါကျန်းဟန်ပဲ။ ငါတို့ချင်ပြည်က မျှော်လင့်ချက်အားလုံး သူ့အပေါ် ပုံပေးထားတာ။ ဒါပေမဲ့ သူက တော်ဝင်လွှတ်တော်ကို သစ္စာဖောက်တယ်။ သူ့လုံခြုံမှုအတွက် သူပုန်တွေကို လက်နက်ချပြီး ငါတို့အဓိကအင်အားကို သေတွင်းထဲပို့ခဲ့တာ။ သူက အကြိမ်ထောင်သောင်းမက သေသင့်တယ်" မိန်လိ အားကောင်းစွာ အော်ဟစ်လိုက်သည်။
ဇူအန် ထိုစကားများကြားသော် မျက်မှောင်ကြုတ်လိုက်မိသည်။ အမှန်တိုင်းပြောရရင် သူကျန်းဟန်ကို အတော်လေး သနားမိသည်။ ချင်ပြည်အတွက်တော့ သူက နောက်ကျောဓားစိုက်တဲ့ သစ္စာဖောက်တစ်ယောက်ပင်။ သို့သော် ရွေးချယ်စရာရှိပါက ချင်ပြည်ရဲ့ သူရဲကောင်းအစား ချင်ပြည်ရဲ့သစ္စာဖောက်ဖြစ်ရန် လမ်းကို သူရွေးမည်မဟုတ်ပေ။
စစ်မြေပြင်မှာ သူ့ရဲ့အောင်မြင်မှုတွေကြောင့် နိုင်ငံရေးပြိုင်ဘက်တွေက သူ့ကို ကြောက်လန့်လာပြီး ဘုရင်ရှေ့ သွေးထိုးမှာအမှန်ပဲ။ သူပုန်တွေကို ရင်ဆိုင်ရတာတောင် ပင်ပန်းနေပြီ။ သူ့နောက်ကျောကိုလည်း တစ်ချိန်လုံး သတိထားနေရသေးတယ်။ သူပုန်တွေကို နိုင်ခဲ့ရင်တောင် ပြိုင်ဘက်တွေက အခွင့်အရေးရှာ အပြစ်ပုံချပြီး ဆွဲချမှာ သေချာနေသည်။ ချောင်ပိတ်မိပြီး သူပုန်များကို လက်နက်ချရန်သာ ကျန်တော့သည်။