Chapter 381: နောက်ကြောင်းပြန်
လောင်မိုင် မိမိအိပ်ဆောင်သို့ပြန်ကာ အိပ်ရာထဲ လှဲနေလိုက်သည်။ ပျော်ရွှင်ကြည်နူးမှုကို ယခုတိုင်ထိန်းချုပ်မရနိုင်ပဲ တစ်ယောက်တည်းခပ်တိုးတိုး ရယ်နေမိသည်။
ထိုစဉ် ပြတင်းပေါက်အပြင်ဘက်မှ ချောင်းတဟွတ်ဟွတ်ဆိုးသံနှင့်အတူ “မင်းကို ဘယ်အရာက ဒီလောက်ပျော်ရွှင်စေတာလဲ သိချင်မိရဲ့”ဒီအသံကြားသော် လောင်မိုင်တစ်ကိုယ်လုံး တုန်ရီသွားသည်။ မျက်နှာပေါ်က အပြုံးတောင့်ခဲသွားပြီး ပြတင်းပေါက်အပြင်ကို ကြည့်လိုက်မိသည်။
သူ့အိပ်ရာဘေးတွင် အဖိုးကြီးတစ်ယောက်ရပ်နေပြီး လက်ကိုင်ပုဝါအုပ်၍ ချောင်းဆိုးနေကာ လောင်မိုင်ကို ပြုံးပြလာသည်။ဇူအန်နှင်နှင့် ဖေးမြန့်မုန် သာရှိလျှင် ထိုသူမှာ ဝေအိမ်၏ အကြီးအကဲ ဝေတန် ဖြစ်ကြောင်းသိပေလိမ့်မည်။
ထိုအဖိုးကြီးကိုကြည့်လိုက်မိချိန် လောင်မိုင်အမူအရာ ပျက်ယွင်းသွားသည်။ သက်ပြင်းကြီးကြီးချလိုက်ပြီး
"ဒီနေ့ကို အမြဲတမ်း ကြောက်နေမိတာ။ ဒါတောင်မှ တကယ်တမ်းကြုံလာရတော့ ထင်သလောက် ငါစိတ်မပူပန်မိဘူးပဲ"ဝေတန် ပြုံးလိုက်ပြီး
"ဒါက လောကကြီးရဲ့သဘောတရားလေ။ အနာကျင်ရဆုံးအရာက တကယ့်အဖြစ်မဟုတ်ဘူး။ အနာကျင်ရဆုံးအရာက အဆုံးမရှိ စောင့်နေရခြင်းပဲ"လောင်မိုင် ရယ်လိုက်သည်။
"နှစ်တွေအများကြီး ကြာလာတော့ မင်းဒီလို ပွစိပွစိပြောရတာ ကြိုက်နေဦးမယ်လို့ မထင်ထားမိဘူး"ဝေတန် စိတ်ဆိုးပုံမရပေ
"ငါတို့ မတွေ့ကြတာ နှစ်တွေကြာပြီ။ အသက်တွေလည်း အိုလာကြပြီ။ တစ်ချိန်လုံး မင်းကငါ့ကို ငန်းရိုင်းလိုက်သလိုဖြစ်အောင် လုပ်ခဲ့တာပဲ။ တော်ဝင်လွှတ်တော်က မင်းကိုလိုက်ဖမ်းဖို့ လူအင်အား ပစ္စည်းအင်အား ဒီလောက်စိုက်ထုတ်ထားတာတောင် မင်းကို အရိပ်လေးမှ မမြင်ရဘူး။ မကြာသေးခင်ကမှ သဲလွန်စတစ်ခု ရလိုက်တာ""ငါ့ကို ဘယ်လိုရှာတွေ့လိုက်တာလဲ" လောင်မိုင် သိချင်စွာ မေးလိုက်သည်။
"လပြည့်မြို့ အိမ်တော်ပြိုင်ပွဲမှာတုန်းက မင်းရဲ့ နေကြာပန်းလှိုင်းနဲ့ အရမ်းဆင်တဲ့ ခြေလှမ်းသိုင်းတစ်ခု ဇူအန်ထုတ်သုံးတယ်လို့ ငါတို့သတင်းရတယ်။ အဲ့တာကြောင့် မင်းဒီမှာ ရှိနေနိုင်တယ်လို့ သံသယဝင်သွားတာ" ဝေတန် ပြန်ဖြေသည်။