Chapter 260: နားလည်မှုတလွဲ
ဇူအန် ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူ၏ အစွမ်းကိုထုတ်သုံးတော့မည့်အချိန်တွင် အိုမင်း ရှုံ့တွနေသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
"လောင်မိုင်လား" ၎င်းသည် အမှန်တစ်ကယ် လောင်မိုင်ဖြစ်နေသည်။ ဒီလူက အမြဲတမ်း သရဲတစ်ကောင်လိုပဲ အသံမထွက်ဘဲ ရောက်လာနေတာပဲ။
သူက အနည်းဆုံးတော့ အဆင့်ကိုး လောက်ရှိမယ်လို့ အစ်မမိဖုရား က ပြောဖူးတယ်။ ကြည့်ရတာ သူ့ရဲ့ သံသယတွေ မှန်နေပုံရတယ်။"အမှန်ပဲ။ ကြည့်ရတာ မင်းရဲ့ သတိတွေ အားကောင်းလာတယ်ထင်တယ်" လောင်မိုင် ခေါင်းငြိမ့်လိုက်သည်။ ချီးကျူးလိုက်သော်လည်း သူ၏ မျက်နှာတွင် အပြုံး၏ အရိပ်အယောင် တစ်စက်မှ မတွေ့ရပေ။
"အကြီးအကဲက ဒီနေ့ ဘာကိစ္စရှိလို့ လာရှာရတာလဲ" ဇူအန် မေးလိုက်သည်။
သူ၏ စိတ်ထဲတွင် အလွန် အုံ့မှိုင်းနေသည်။ ဘာဖြစ်လို့ ဒီအဖိုးကြီးက အမြဲတမ်း ရုတ်တရက် ပေါ်ပေါ်လာရတာလဲ။
အမြဲတမ်း ငါ တစ်ယောက်တည်းရှိနေမှ ပေါ်ပေါ်လာတယ်။ ဒါပေမယ့် ငါနဲ့ ရင်းနှီးတဲ့ မိန်းကလေးတွေနဲ့ အတူရှိနေတဲ့အချိန်သာ သူ ပေါ်လာခဲ့ရင် တကယ်ကို နှလုံးရောဂါနဲ့ သေရလိမ့်မယ်။ထို့အပြင် ယောက်ျားတစ်ယောက် အနေဖြင့် အဖိုးကြီးဖြစ်နေသော လောင်မိုင် အပါအဝင် အခြားမည်သည့် ယောက်ျားသားကိုမှ သူ၏ မိန်းကလေးများကို မမြင်စေချင်ပေ။
ကံမကောင်းသည်မှာ လောင်မိုင်၏ ကျင့်ကြံမှုအဆင့်သည် သူ့ထက်များစွာ မြင့်မားနေသောကြောင့်ဖြစ်သည်။ သူ့ကို မည်သို့ပြုမူရမည်ကို ဇူအန် ပြော၍မရနိုင်ပေ။"မင်းက အင်မော်တယ်ဗိမ္မာန် ကို သွားခဲ့တယ်လို့ ငါကြားခဲ့တယ်။ ပြီးတော့ သူတို့ဆီက အပျော်မယ်ဘုရင်မရဲ့ နှစ်သက်မှု ကိုတောင် သိမ်းပိုက်နိုင်ခဲ့သေးတယ်ဆို" လောင်မိုင်က သူ့ကို ထူးဆန်းသော မျက်နှာထားဖြင့် ကြည့်နေသည်။
"အကြီးအကဲက သတင်းရတာ အရမ်းမြန်တာပဲ" ဇူအန် က ကို့ရို့ကားယား အပြုအမူဖြင့် ပြုံးလိုက်သည်။
"ကျုပ်လို စန်းပွင့်မှုတွေ အဆုံးမရှိတဲ့ သူတစ်ယောက်က မိန်းကလေးတွေအဖို့ ဆွဲဆောင်မှုရှိနေတာ သဘာဝပဲထင်တယ်။ ဟားဟား"
ထိုစကားလုံးများ ပြောရခြင်းကို သူကိုယ်တိုင်တောင်မှ တနည်းနည်း ရှက်မိနေသည်။