Chapter 390: ကူကယ်ရာမဲ့
ဇူအန် တွေဝေသွားသည်။ သူ သေချာမမြင်တွေ့ရတော့လောက်အောင် မြန်ဆန်နေသည့် သူနှင့် မည်သို့ တိုက်ခိုက်ရတော့မည်နည်း။
တတ်နိုင်သလောက် ဆုတ်ခွာခြင်းမှာ သူ တတ်နိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ လောင်မိုင် က သူ၏ လှုပ်ရှားမှုကို ဖောက်ထွင်းမြင်သွားမည်ကို စိုးရိမ်သောကြောင့် သူ၏ အဆင့်မြှင့်ထားသော နေကြာပန်းသိုင်း နှင့် မဟာလေပြင်းကို ရောနှော သုံးလိုက်သည်။ သူ၏ ဘေးဘီကို ထိုက်ဝူ ဓားဖြင့် တောင် ရမ်းနေလိုက်သေးသည်။ သူ၏ ရန်သူကို ခြိမ်းခြောက်ရန် ကြိုးစားနေခြင်းဖြစ်သည်။
တစ်စုံတစ်ခုကိုမှ မထိသည်ကို သိနေသော်လည်း သူ့တွင် အခြားရွေးချယ်စရာ မရှိပေ။ လျှောက်ရမ်းသမ်းနေရင်းဖြင့်သာ သူ၏ ကံတရားအပေါ် ပုံအပ်ထားနိုင်တော့သည်။လောင်မိုင် ၏ လက်ချောင်းများ က ထိုက်ဝူဓား ကို ညှပ်လိုက်သောအခါ ရှင်းလင်းသော အသံတစ်ခုထွက်လာသည်။ “ချွမ်”
ထိုက်ဝူဓားမှတစ်ဆင့် ပြင်းထန်သော အားတစ်ခု ဆင့်ကူးလာသည်။ ထိုက်ဝူဓား လွတ်ကျသွားသည်။ ဇူအန်လည်း နောက်သို့ လွင့်သွားသည်။ ပြင်းထန်သော အားကို ပြန်လည် ဖြေဖျောက်ရန်အတွက် မြေပြင်တွင် ခြေကုပ်ရာကြီးများ ရှိနေသည်။
သူ၏ လက်ကို ပြန်ကြည့်လိုက်သည်။ လက်မ နှင့် လက်ညိုး ကြားတွင် သွေးယိုနေသည်။ ထိုထိချက်တစ်ချက် က သူ၏လက်ကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။အင်း ငါတို့က အရမ်းကွာနေတာပဲ။
အခုနက ဇူအန် ရပ်နေသောနေရာတွင် လောင်မိုင် ရောက်ရှိနေသည်။ သူ၏ လက်ထဲတွင် ထိုက်ဝူဓားကို ကိုင်ထားသည်။ ဓားသွားကို လက်ချောင်းဖြင့် အသာအယာ တောက်ကြည့်လိုက်သောအခါ ကြည်လင်သော တုန်ခါမှုအသံတစ်ခု ထွက်ပေါ်လာသည်။ လောင်မိုင် ချီးကျုးလိုက်သည်။ “အရမ်းကောင်းတဲ့ဓားပဲ။ ဓားကောင်းတစ်လက်လို့ ထင်ထားတဲ့အတိုင်းပဲ”သူက တိုက်ခိုက်ရန် မလောပေ။ ဇူအန်၏ ဝှက်ဖဲများကို အရင်ဆုံး ဆွဲထုတ်စေချင်နေသည်။
ယနေ့တွင် ဇူအန်က သူ့အဖို့ အံသြစရာများစွာ ယူဆောင်လာပေးနေသည်။ ဇူအန်၏ လှည့်ကွက်များအားလုံးကို သိချင်နေသည်။ ထိုနည်းဖြင့် နောင်တွင် ဝင်ပူးသောအခါ ပိုမိုလွယ်ကူမည်ဖြစ်သည်။