Chapter 241: လူတိုင်းကို ရူးအောင်လုပ်
ဇူအန်သာသူ့ကိုမြင်လိုက်လျှင် ဒီလူ့ ရင်ဘတ်ကြွက်သားတွေက ဘာလို့ဒီလောက်ကြီးနေတာလဲဟု တွေးမိပေလိမ့်မည်။
သူက ဖေးမြန့်မုန်ပင်။ သူလည်း ချီဒေါင်ရင်း လို ယောက်ျားပုံစံ ဝတ်ထားခြင်းပင်။ သို့သော် ချီဒေါင်ရင်းက ရုပ်ချောချောလေးမှလွဲရင် ရုပ်ဖျက်နိုင်လိုက်သော်ငြား ဖေးမြန့်မုန်ကတော့ မရချေ။ သူဘယ်လောက် စည်းနှောင်ဖို့ကြိုးစားသော်လည်း ရင်သားများက ပြူးထွက်နေသေးသည်။ ဆွဲဆောင်မှုပြည့်နေသော မက်မွန်မျက်လုံးများနှင့် ပေါင်းစပ်လိုက်သော် တစ်ချက်ကြည့်ရုံဖြင့် မိန်းကလေးမှန်း လူတိုင်းသိနိုင်သည်။
ထို့ကြောင့်သာ သီးသန့်ခန်းမှ ထွက်မလာခြင်းပင်။
သူမကလည်း ရှို့ဟုန်လေကို စုံစမ်းရန် ရောက်လာခြင်းပင်။ သူ့နောက်ကြောင်းကို သံသယဝင်တာ ဆန်းဟုန်တစ်ယောက်တည်း မဟုတ်ချေ။ ချီဘုရင်အုပ်စုတွင်လည်း သံသယများရှိလေသည်။ ယခင်သတင်းပို့ချက်များအရ ချီဘုရင်အုပ်စုမှ အရာရှိများ၏ လုပ်ကြံသတ်ဖြတ်ခံရမှုများသည် ဒီမိန်းမနှင့် ဆက်နွှယ်နေသည်။ ထို့ကြောင့် ဤစုဝေးပွဲကို တမင် လာရောက်ခြင်းဖြစ်သည်။
ဇူအန်ကို ဒီနေရာမှာ တွေ့လိမ့်မည်ဟု ထင်မထားပေ။ ပိုအံ့သြစရာကောင်းတာက သူက ဒီပတ်ဝန်းကျင်နှင့် အံ၀င်ခွင်ကျဖြစ်နေခြင်းပင်။ သူဘာလုပ်နေတာလဲ မြင်လိုက်သော် ဖေးမြန့်မုန်ပင် အရှက်သည်းလာရသည်။
"ငါ ကြေးမုံကျောက်တစ်ခု ယူလာရမှာ။ ဒီမြင်ကွင်းကို မှတ်တမ်းတင်ထားလိုက်နိုင်ရင် ချူချူယန်ဆီက ဘယ်လိုထူးဆန်းတဲ့ မျက်နှာထားမျိုး မြင်ရမလဲ"ဖေးမြန့်မုန် ဖြစ်နိုင်ချေများကို တွေးကာ ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။
ဇူအန်ကိုကြည့်နေတာ သူတစ်ယောက်တည်း မဟုတ်ပေ။ တတိယထပ် အခန်းတစ်ခုမှ ပြတင်းပေါက်ဟလာပြီး အေးစက်စက် မျက်လုံးတစ်စုံ ပေါ်လာသည်။
"ဒါဆို အဲ့တာက ဇူအန်ပေါ့။ သူက အဲ့လောက်လည်း ထူးခြားမနေပါဘူး။ နောက်ထပ် ဆေးမမီတဲ့ နှာဘူးတစ်ယောက် မဟုတ်ဘူးလား။ ဆရာတူညီမရဲ့ အာရုံစိုက်တာ ခံရဖို့ ထိုက်တန်တယ် မထင်ပါဘူး"