Chapter 386: မြေခွေးအိုကြီးနှစ်ယောက်
လောင်မိုင် က သူ၏အမေးကို ချက်ချင်း မဖြေပေ။ အသက်ရှုရန် အချိန်တခဏ ယူလိုက်သည်။ ထိုအင်အားသုံးရခြင်းက သူ့အပေါ်ကိုလည်း သိသိသာသာထိခိုက်မှုရှိသည်မှာ ရှင်းနေသည်။
အချိန်ကြာပြီးနောက် သေလောက်အောင် ဖြူဖတ်နေသော သူ၏မျက်နှာတွင် အရောင်အချို့ပြန်သန်းလာသည်။ သူ၏မျက်လုံးများကို ဖွင့်လိုက်ကာ သေလုမြောပါးဖြစ်နေသော ဝေတန် ကို လှောင်ကြည့် ကြည့်လိုက်သည်။ “ဒီတစ်ချိန်လုံး ငါဘာဖြစ်လို့ ကောင်းကင်ဖီးနစ်ကျင့်စဉ်ကို မသုံးလဲဆိုတာကို မင်းသိချင်နေတာမဟုတ်လား။ ကောင်းပြီ။ မင်းဆန္ဒ ပြည့်သွားပြီ။ အခု မြည်းလိုက်ပြီမလား။ ဘယ်လိုထင်လဲ။ အခု ပြောခဲ့တာကို နောင်တရနေပြီလား”
“ဒါက ကောင်းကင်ဖီးနစ်သိုင်းကိုး” ဝေတန်က လောင်မိုင်ပြောသောစကားကို သဘောပေါက်ဟန်ရှိသော်လည်း မေးခွန်းများစွာ ကျန်ရစ်နေသေးသည်။ “အဲ့ဒါက လူတစ်ယောက်ရဲ့ အင်အားကို အဆမတန် မြှင့်တင်ပေးနိုင်တဲ့ ကောင်းကင်ဖီးနစ်ကျင့်စဉ်လား”
“တစ်ဝက်မှန်တယ်” လောင်မိုင်၏ တွန့်နေသောမျက်ခုံးများ နောက်ဆုံးတွင် ပြေလျော့သွားသည်။ နှစ်ပေါင်းများစွာ စိုးရိမ်ပူပန်ခဲ့ရသော ရန်သူကို နောက်ဆုံးတွင် ဖြေရှင်းနိုင်လိုက်ပြီဖြစ်သည်။ စကားအများအပြား မပြောသင့်ဘဲ ဝေတန်၏အသက်ကို အတတ်နိုင်ဆုံး မြန်မြန် နှုတ်ယူလိုက်သင့်သည်ကို သိသော်လည်း ၎င်းသည် လူ့သဘာဝဖြစ်သည်။ လူသားတို့တွင် အကျိုးအကြောင်း ဆီလျော်စွာ ဆုံးဖြတ်နိုင်စွမ်းရှိသော်လည်း သူတို့၏ စိတ်ခံစားချက်က အခြားအကြောင်းအရာတစ်ခုကို ရွေးချယ်စေနိုင်သည်။
ဤအကြောင်းကို ရှေးလူကြီးများ သရုပ်ဖော်ပြဖူးသည်။ အကယ်၍ ချမ်းသာမှုကို မကြွားဝါရင် အဲ့ဒါက ဝတ်ကောင်းစားလှတွေကို ညအိပ်ဝတ်ပစ်တာနဲ့အတူတူပဲ။ ဘယ်သူမှ မင်းရဲ့ ကြွယ်ဝမှု အသစ်ကို သတိပြုမိမှာမဟုတ်ဘူး။ယခုအခြေအနေသည်လည်း ထိုဆိုရိုးနှင့် အလွန်ဆင်တူလှသည်။ ဝေတန်က အမြဲတမ်း လောင်မိုင် ၏ အထက်တွင်ရှိနေခဲ့သည်။ ရာထူး အဆင့်အတန်း သို့မဟုတ် ကျင့်ကြံမှု အဆင့် စသည်တို့တွင်ဖြစ်သည်။ ဝေတန်က ထိုအရာကို ဖော်ပြလေ့မရှိသော်လည်း အထက်စီးဆန်သည့် ခံစားချက်မှာ အရိုးစွဲနေပြီဖြစ်သည်။
လောင်မိုင် က ဤအခိုက်အတန့်ကို သေချာ ပျော်ရွှင်ခံစားချင်သည်။ ဝေတန် လက်အောက်တွင် နေရခြင်း၏ နှစ်ပေါင်းများစွာ စုပုံနေသော အငြိုးအတေးများကို သေချာ စွန့်ထုတ်ချင်နေသည်။
“ကောင်းကင်ဖီးနစ်ကျင့်စဉ်က ကျင့်ကြံသူတစ်ဦးရဲ့ ခွန်အားကို တကယ်ပဲ တိုးမြှင့်ပေးနိုင်ပေမယ့် အခြေအနေတစ်ခုကိုတော့ အရင်ဖြည့်ပေးရတယ်။ အဲ့ဒါက သိုင်းကျင့်ထားသူက အရင်ဆုံး အပြင်းအထန် ထိခိုက်ထားရမယ်။ ထိခိုက်မှု ပိုကြီးမားလေလေ ခွန်အားပိုမြင့်လေလေပဲ” လောင်မိုင် ဆက်ပြောလိုက်သည်။