Chapter 349: အကူအညီ
ရှို့ဟုန်လေ လုံးဝ မျက်နှာလေးနက်သွားသည်။ ဇူအန် ဇဝေဇဝါဖြစ်နေသည်။ “ဘာဖြစ်လို့လဲ။ ချန်ရွှမ်းက သေပြီမဟုတ်လား။ ဒီလိုအချိန်မှာ အမည်းရောင်လေ ဓားပြအဖွဲ့က ဘာလုပ်နိုင်သေးလို့လဲ”
ရှို့ဟုန်လေ ခေါင်းခါလိုက်သည်။ “ရှင် စိုးရိမ်ရမှာက အမည်းရောင်လေပြင်းဓားပြအဖွဲ့ မဟုတ်ဘူး။ ရှင် အပြစ်လုပ်လို့မရတဲ့ နောက်ထပ် အဖွဲ့အစည်းတစ်ခု ရှိနေသေးတယ်”
ဇူအန် ပိုမိုရှုပ်ထွေးသွားသည်။ ချူကလန် မှာ ကျပ်တည်းသော အခြေအနေတစ်ခုတွင်ရှိနေသော်လည်း ဆင်ပိန်ကျွဲလောက်တော့ ရှိသေး၏။ သူတို့တွင် ကိုယ်ပိုင်တပ်ဖွဲ့တစ်ခုရှိနေသေးသည်။ သူကိုယ်တိုင်ကလည်း ချူကလန်၏ သခင်လေးတစ်ယောက်ဖြစ်နေပြီး အနောက်တွင် အကယ်ဒမီလည်းရှိနေသေးသည်။ ရှို့ဟုန်လေ က ထိုအင်အားကို အဘယ်ကြောင့် သူတို့ မကိုင်တွယ်နိုင်ဟု ခံစားနေရသေးသနည်း။ ထိုသူတို့က မည်သို့သေူ အဖွဲ့အစည်းမျိုးဖြစ်လိမ့်မည်နည်း။
“ဟုန်လေ ငါ့ကို အရိပ်အမြွတ်တစ်ချို့ ပေးလို့ရမလား။ ဒီအဖွဲ့အစည်းက ဘယ်လောက်တောင် သန်မာလို့လဲ” ဇူအန် စကားနှိုက်လိုက်သည်။
ရှို့ဟုန်လေ သက်ပြင်းချလိုက်သည်။ “ကျန်တာကိုတော့ မပြောနိုင်ဘူး။ ဒီလောက်ပဲ ကျွန်မ ပြောပြလို့ရမယ်။ ကျန်တာကတော့ ရှင့်အပေါ်မူတည်တယ်”
ဇူအန်စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ “အဲ့ဒီ အဖွဲ့အစည်းက မင်းကို ပံ့ပိုးပေးထားတာလား”
ရှို့ဟုန်လေ ၏ နောက်ခံဇာတ်ကြောင်းမှာ အမြဲ ပဟေဠိတစ်ခုဖြစ်နေခဲ့သည်။ ဤလောက်လှပသောမိန်းကလေးတစ်ဦးက အင်မော်တယ် ဗိမ္မာန်လိုနေမျိုးတွင် မတို့မထိခံရဘဲ နှစ်ပေါင်းများစွာ ကျန်ရစ်နေနိုင်စရာ အကြောင်းမရှိပေ။ သူမ၏ အနောက်တွင် အင်အားကြီးသော တစ်စုံတစ်ရာရှိရမည်ဖြစ်သည်။
သူမသည် ချူကလန် ပင် မရနိုင်ခဲ့သော သတင်းအချက်အလက်ကိုဆောင် ပေးနိုင်ခဲ့သည်။ ထိုအချိန်က ဇူအန်၏ စိတ်ထဲတွင် အချက်ပေးခေါင်းလောင်းကို မြည်စေခဲ့သည်။ရှို့ဟုန်လေ ၏ မျက်နှာတိမ်ဖုံးသွားသည်။ “ဆက်မမေးနဲ့တော့။ ထပ်သိရတာက ရှင့်ကို အကူအညီဖြစ်စေမှာမဟုတ်ဘူး”