Chapter 275: ဒီလိုသူငယ်ချင်းမျိုး
၀မ်ယွမ်လုံ နှင့် ချူယွဲ့ရှန် တို့ အေးတိအေးစက်ဖြင့် အကြည့်ဖလှယ်လိုက်ကြသည်။ သူတို့အတွေး တူညီကြသည်မှာ သိသာနေသည်။
ငါ အမြဲတမ်း ဘာလို့ ဒီကောင့်မျက်ခွက်ကြီးကို ပိတ်ထိုးချင်နေရတာလဲ။နှစ်ယောက်သား ဗျတ်စောင်းတီးနေသည့် ရှို့ဟုန်လေကို တပြိုင်နက်လိုလို လှမ်းကြည့်လိုက်ကြသည်။ ချက်ချင်းစိတ်ပျက်လက်ပျက်ဖြစ်သွားကြပြီး ဘယ်လိုတုံ့ပြန်ရမလဲဆိုသည်ကိုပင် မသိကြတော့ပါ။
သင်သည် ၀မ်ယွမ်လုံ ထံမှ အမျက်ပွိုင့် ၆၆၆ ရရှိပါသည်။
သင်သည် ချူယွဲ့ရှန်ထံမှ အမျက်ပွိုင့် ၆၆၆ ရရှိပါသည်။
ရောက်လာသည့် အမျက်ပွိုင့်များကို တွေ့သည့်အခါ ဇူအန် နားလည်သဘောပေါက်သည့်ဟန် သက်ပြင်းချလိုက်သည်။ မျှော်လင့်ထားတဲ့အတိုင်းပဲ။ ငါတို့က သူငယ်ချင်းကောင်းတွေလေဟာ။ မင်းတို့တွေ ဒီလောက် ရက်ရောနေဖို့ မလိုပါဘူး.....
ပုတီးစေ့ခြယ်ထားသော ခန်းဆီးနောက်၌ ရှို့ဟုန်လေတစ်ယောက် ဖြစ်ပျက်နေသည့် အရာအားလုံးကို သေချာအာရုံစိုက်ကြည့်နေခဲ့သည်။ သူမမျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ဒီအားဇူက တကယ်ထူးခြားတဲ့သူပဲ။
သူ့ကိုယ်သူ ယုံကြည်မှုအား ပြန်မကောင်းနိုင်တော့မယ့် ရိုက်နှက်ချက်ခံစားရမယ့်အဖြစ်မှ တားဆီးကာကွယ်ရန် ၀မ်ယွမ်လုံ အလျှင်အမြန် စကားလမ်းကြောင်းလွှဲလိုက်သည်။ "ညီအစ်ကိုဇူ ငါ့ကိုဘာလို့ ရုတ်တရက်ကြီး တွေ့ဖို့ချိန်းလိုက်ရတာလဲ။ အိမ်က လူတွေသိကြရဲ့လား"
ဟင့်မ် ချူချူယန်က မာနကြီးပြီး မောက်မာတယ်ဆိုတာ လပြည့်မြို့က လူတိုင်း သိကြတယ်။ မင်း ဆောင်ကြာမြိုင်ကို ဒီလိုမျိုး ဆက်သွားနေမယ်ဆိုရင် မင်းဇနီးက ဒီည မင်းကို အပြင်မှာ အိပ်ခိုင်းလောက်တယ်။
သူ့စကားနောက်ကွယ်၌ အခြားမကောင်းသည့် အကြံ ဘာမှမရှိပါ။ သူတို့သည် ထိုကိစ္စမျိုး၌ ယောကျာ်းသဘာ၀ ပင်ကိုမာန၏ လွှမ်းမိုးခြင်းခံကြရပြီး ၎င်းက သူတို့ကိုယ်သူတို့အား အခြားသူများနှင့် တိတ်တဆိတ် နှိုင်းယှဉ်မိသွားအောင် ဖြစ်စေသည်။