Chapter 284: သူဌေးတစ်ယောက်ရဲ့ မယားဖြစ်ရမှာထက် သူရဲကောင်းတစ်ယောက်ရဲ့ ကိုယ်လုပ်တော်ပဲ ဖြစ်ချင်ပါတယ်
ချင်ဝမ်ယွီ စိတ်ထဲတွင် လှောင်ရယ်လိုက်သည်။ ဒီမိန်းကလေးက နောက်ဆုံးတော့ သူမရဲ့ သရုပ်မှန်ကို ပြလိုက်ပြီပဲ။ အစေခံတစ်ယောက် ၊ ကျွန်တစ်ယောက် ဆိုတဲ့ အရာက ဆင်ခြေသက်သက်တစ်ခုပဲ။ ရှို့ဟုန်လေ ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒါဟာ မဖြစ်နိုင်စရာပဲ။
ဒါက သူမရဲ့ အကြံအစည်အစစ်အမှန်ပဲ။
ချူအိမ်တော် အထိရောက်လာရတာက တစ်ခြားသူရဲ့ ယောက်ျားကို ခိုးယူဖို့အတွက် သက်သက်ပဲ။ လုံးဝ သိက္ခာမရှိတဲ့ လုပ်ရပ်ပဲ။ချင်ဝမ်ယွီက သူမ၏ ဒေါသကို ဖိနှိမ်ထားလိုက်သည်။ သူမ ချက်ချင်း အရေးမယူသေးပေ။ ထို့အစား ဇူအန်ကို ခပ်ကြီးကြီး ပြုံးပြလိုက်သည်။ “ငါတို့ရဲ့ ချူကလန်က အကျိုးအကြောင်းဆီလျော်တဲ့ ကလန်တစ်ခု အမြဲတစ်စေဖြစ်ခဲ့တာပဲ။ သာမန်လူတွေကို ဘယ်တော့မှ ငါတို့ရဲ့ အခွင့်အာဏာနဲ့ တွန်းအားမပေးဘူး။ ဒါကြောင့် ဒီဆုံးဖြတ်ချက်က အားဇူ ကိုယ်တိုင်နဲ့ပဲသက်ဆိုင်တယ်။ နင့်ကို လက်ခံချင်စိတ် ရှိမရှိက သူပဲ ဆုံးဖြတ်လိမ့်မယ်”
ချူကလန်၏ ပုံရိပ်ကို သူမ မညှိုးနွမ်းစေချင်ပေ။ ဒီကိစ္စက သူလုပ်ခဲ့တဲ့ အရှုပ်ထုပ်ပဲ။ ဒါကြောင့် သူပဲ ဖြေရှင်းသင့်တယ်။“သေချာတာပေါ့။ လက်ခံချင်တာပေါ့။ ဘာကြောင့် လက်မခံဘဲနေရမှာလဲ” ဇူအန် လွှတ်ခနဲ ပြောလိုက်သည်။ ဒီလောက်လှတဲ့ ဆောင်ကြာမြိုင်ဘုရင်မ တစ်ယောက်က ငါ့ရဲ့ ကိုယ်လုပ်တော် လုပ်ဖို့ သူ့ဆန္ဒအလျောက် ကမ်းလှမ်းလာတာကို ငါ ဘယ်လို ငြင်းနိုင်မှာလဲ။ အနာဂတ်မှာ ငါ့ကို ကပ်စားဘုရင် လို့သာ ခေါ်ကြတော့။
ခဏနေပါဦး။ ဒီအသံက ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ဆဲနေသလိုမျိုး ခံစားနေရတာလဲ။မိန်းမများကို ကပ်စားရခြင်းကို စိတ်ထဲမထားသော်လည်း ချင်ဝမ်ယွီ နှင့် စကားများခဲ့သော နောက်ဆုံးအကြိမ်က သူ့ကို အပယ်ခံသားမက်တစ်ယောက်၏ အဆင့်အတန်းမှာ မည်မျှ နိမ့်ကျမှုရှိကြောင်းကို သတိပေးနေခဲ့သည်။ ဤကလန် နှင့် လုံးဝ ကပ်တွယ်နေရပြီး သူ့ကို ကာကွယ်ပေးမည့် ဥပဒေမရှိပေ။
ဒီဂုဏ်ပုဒ်ကို အတတ်နိုင်ဆုံး ဖယ်ပစ်ရမယ်။
ပြီးတော့ ငါက အရမ်းချောတာပဲ။ အပယ်ခံ သားမက် တစ်ယောက်ဖြစ်နေတာထက်စာရင် အခြားတစ်ခုခုဖြစ်ရင်တောင်မှ မိန်းမလုပ်စာ ထိုင်နိုင်နေသေးတယ်။... အာ…ဖီ..ငါ့ကိုယ်ငါ နောက်ထပ်မနှိမ့်ချတော့ဘူး။
ငါက အရမ်းချောပြီးတော့ စကားရည်လည်တော့ ပိုက်ဆံ နဲ့ အလှအပဆိုက ငါ့ဆီရောက်လာကြတာ သဘာဝအတိုင်းပဲမဟုတ်လား။