Chapter 263: ကျိန်ဆဲရနံ့
ဇူအန် သူမခြေတံရှည်ကို သေချာပေါက် ဖက်လို့ မဝသေးပေမယ့် သေလည်း မသေချင်သေးပါ။
သူ ချက်ချင်းလွှတ်ပေးလိုက်သည်။ သူ့မျက်နှာအမူအရာကို အတတ်နိုင်ဆုံး ဖြူစင်ရိုးသားစစ်မှန်သည့် အမူအရာအဖြစ် လုပ်လိုက်သည်။ထိုကျမှ ကျန်းလော့ဖူ ကျေနပ်သွားပြီး ခေါင်းညိတ်လိုက်သည်။ သူမ ဆက်ပြောလိုက်သည်။ “ရှီအိမ်တော်က နန်းမြို့တော်မှာတောင် အာဏာကြီးတဲ့ အိမ်တော်တွေထဲက တစ်ခုပဲ။ ပြီးတော့ သူတို့မိသားစုဝင်တွေကလည်း နန်းတွင်းထဲမှာ ရာထူးအာဏာအမျိုးမျိုးနဲ့ ပြန့်ကျဲနေကြတာ။ ငါတို့ ပြောတာကို အတည်ပြုပေးမယ့် သက်သေ အတိအကျ ငါတို့မှာ မရှိဘူး။ ငါတို့မှာ တစ်ခုခုရှိခဲ့ရင်တောင် သူတို့က လူတစ်ယောက်ယောက်ကို ကိုယ်စားခံခိုင်းလိုက်ကြမှာပဲ။ အဲ့ဒါက သူတို့အုတ်မြစ်မှာ ဘာပွန်းပဲ့ထိခိုက်မှုမှ ဖြစ်စေမှာမဟုတ်ဘူး”
“ဒါဆို အဲ့လိုအိမ်တော်မျိုးကို ကျုပ်ဘယ်လိုဆွဲချရမလဲ” ဇူအန် ထပ်မေးလိုက်သည်။ သူ့စိတ်ထဲ အနည်းငယ် မခံမရပ်နိုင်ဖြစ်သွားသည်။ ရှီအိမ်တော်သည်သာ သူ့ကို ဒုက္ခပေးလာမွှေနှောက်နိုင်သည့်သူဖြစ်ပြီး သူကျတော့ လက်တုံ့ပြန်ဖို့ပင် အင်အားမရှိသည့် သူ လိုမျိုး ဖြစ်နေသည်။
၎င်းကို သူ ဘယ်လိုလုပ်လက်ခံနိုင်မည်နည်း။
“တစ်ခုတည်းသော နည်းလမ်းက မင်းမှာလည်း အဲ့လိုကြီးမားတဲ့ အိမ်တော်တစ်ခုခု နောက်ခံအနေနဲ့ ရှိဖို့ပဲ။ ဒါပေမဲ့ အားပြိုင်မှုအကြီးအကျယ်ဖြစ်ကြရင်တောင် အိမ်တော်တွေက အချင်းချင်းပျက်စီးသွားသည်အထိ လုပ်လေ့မရှိကြဘူး” ကျန်းလော့ဖူ မျက်မှောင်ကြုတ်ရင်း ပြန်ပြောလိုက်သည်။ “တစ်နေ့နေ့ မင်းဘာသာ လုံလုံလောက်လောက် အင်အားကြီးလာမယ်ဆိုရင် အဲ့အရာတွေအားလုံးကို မျက်ကွယ်ပြုလိုက်လို့ရတာပေါ့။ ဒါပေမယ့် အဲ့လိုဖြစ်ဖို့က ဖြတ်လမ်းမရှိဘူး။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ရှင်ဘုရင်ထက် မြင့်သွားရင်တောင် ထောက်ထားရမယ့် အရာတွေ အများကြီးရှိအုံးမှာပဲ”
ဇူအန် တိတ်ဆိတ်သွားသည်။ ဧကရာဇ်နှင့် ချီဘုရင်တို့ သဘောထားကွဲလွဲပြီး ပဋိပက္ခဖြစ်နေကြသည့်အကြောင်းကို သူ ကြားခဲ့ဖူးပြီဖြစ်သည်။ ဧကရာဇ်သည် အင်အားအကြီးဆုံးသိုင်းပညာရှင်အဖြစ် လူသိရှင်ကြား အသိမှတ်ပြုခံရပြီးဖြစ်သော်လည်း သူလုပ်ချင်တာကို ဖြစ်မြောက်အောင် မလုပ်နိုင်သေးပါ။ ထိုအတွေးက သူ့ကို ချက်ချင်းစိတ်ဓာတ်ကျသွားစေသည်။