Chapter 219: နတ်ဘုရားတောင် ကယ်ဖို့ ခက်လိမ့်မယ်
ဇူအန် အထီးကျန်စွာဖြင့် စာကြည့်ခန်းထဲမှ မှုန်သုန်သုန် ထွက်လာသည်။
ချူကျုန်းထန် နှင့် ချင်ဝမ်ယွီက ချူချူယန်ကို အသေးစိတ်ဆက်မေးနေသည်။ ချူဟွမ်ကျောက်က သူ့ဘက်က လိုက်ပြောပေးတတ်သော်လည်း အခုတော့ လက်ဆောင်မပါလို့ စိတ်ကောက်နေသေးသည်။ စနိုးတောင် အနားမှာ ရှိမနေဘူး မဟုတ်ရင် သူနဲ့ ငြင်းခုန်လို့ ရသေးတယ်။
ချန်ရှို့ပင်းကတော့ ပြောဖို့ကို မလိုတာ။ သူ့ကို ပြောလိုက်သမျှတိုင်းက တစ်လောကလုံးကို ကြေညာလိုက်တာနဲ့ တူတူပဲ။ကောင်းကင်က သာနေသော လကိုကြည့်၍ ဇူအန် အလွန်အမင်း တောင့်တလိုက်မိသည်။
ခေါင်းမော့ကြည့်ရင်း ‘သာနေတဲ့လကို ငေးမိပေမဲ့ အိမ်ကို လွမ်းတဲ့စိတ်ကြောင့် ခေါင်းပြန်ငုံ့မိတယ်’ ဆိုတဲ့ ကဗျာကို သတိရလိုက်မိသည်။ ဒီခံစားချက်ကို အရင်ဘဝက နားမလည်ခဲ့ပေ။ အိမ်ကို လွမ်းလျှင် ဖုန်းတစ်ချက်ဆက်ရုံဖြင့် အလွမ်းပြေသည်။ ကမ္ဘာ့တစ်ဖက်ခြမ်းမှာ ရှိနေရင်တောင် အိမ်ပြန်ဖို့ တစ်ရက်စာပဲ အချိန်ကြာ၏။အဆင်ပြေချောမွေ့သော ကူးသန်းသွားလာရေးများ ပေါများသည့် ခေတ်သစ်ကမ္ဘာတွင် အိမ်လွမ်းခြင်းကို နားလည်ရန် ခက်လေသည်။ ဒီနေရာစိမ်းကို ရုတ်တရက်ရောက်လာပြီး ချင်ဝမ်ယွီ အပြစ်မြင်တာ ခဏခဏခံရမှ နားလည်လာခြင်းပင်။ ချူအိမ်က သူ့အိမ်မဟုတ်ပေ။
ရုတ်တရက်ကြီး အိမ်ကို အရမ်းလွမ်းလာပြီး သက်ပြင်းချလိုက်မိသည်။
ကြည့်ရတာ ထွက်သွားဖို့ကိစ္စကို ငါစဉ်းစားရတော့မယ် ထင်တယ်။
သူ ဒီမေးခွန်းကို အရင်က တွေးဖူးသော်လည်း ဒီလောကကို ရောက်ခါစဖြစ်၍ စိမ်းနေသေးပြီး ပိုက်ဆံလည်းမရှိပေ။ စိတ်လိုက်မာန်ပါ ထွက်သွားခြင်းက ကောင်းသောဆုံးဖြတ်ချက် မဟုတ်ချေ။သို့သော် အခုတော့ အရာအားလုံး ကွာခြားသွားလေပြီ။ သူ့မှာ ငွေစ သိန်းချီရှိပြီး ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်လာပြီ။ သူ့အဆင့်က သိပ်မမြင့်သော်လည်း ကိုယ့်ကိုကိုယ် ကွာကွယ်နိုင်လောက်သေးသည်။ ပိုအရေးကြီးတာက သူ့တွင် လပြည့်ဝန်းအကယ်ဒမီ၏ ဆရာရာထူးရှိနေသည်။ သူ့ခြေထောက်ပေါ် သူရပ်နိုင်နေပြီ ဖြစ်သည်။