Chapter 350: အခွင့်အရေးဖြစ်လေမလား
"ဘယ်လို" ဇူအန် အံသြသွားသည်။ ချက်ချင်း ဝေဟုန်ဒီ လက်ကို ဆုပ်ကိုင်လိုက်မိသည်။ "ညီနောင်ဝေ က နည်းလမ်းတစ်ခု သိတယ်ဟုတ်လား"
ဝေဟုန်ဒီ ပြုံးလိုက်သည်။ "ဘယ်လိုလုပ်ရမလဲဆိုတာကို သိတဲ့သူက ငါမဟုတ်ဘူး။ အဖေ ခေါ်ခိုင်းလိုက်တာပဲ။ အဲ့ဒါ ဘာလဲဆိုတာ ငါလည်းမသိဘူး"
ဇူအန် ၏မျက်နှာ အုံ့ဆိုင်းသွားသည်။ "ငါ့ရဲ့ ခံစားချက်တွေနဲ့ လာကစားနေတာလား"
"ညီနောင်ဇူ က အထင်လွဲနေတာပါ" ဝေဟုန်ဒီ ပြောလိုက်သည်။ "ဝေဆောင် နဲ့ မင်းရဲ့ ရင်းနှီးမှုက ယုံကြည်လို့ရတယ်လို့ ဖော်ပြနေတာပဲ။ ဒါကြောင့် ဒီနေ့ လာရှာရတာပဲ။ ငါချည်းကပ်လို့ရတဲ့သူက မင်းလောက် သင့်တော်တာမရှိတော့ဘူး။ ဒါပေမယ့် ငါနဲ့ မင်းလို ဂျူနီယာတွေက ဆုံးဖြတ်ချက်တွေချဖို့ အခွင့်အာဏာ မရှိဘူး"
ဇူအန် ပြောလိုက်သည်။ "ဘာဖြစ်လို့ အထင်သေးခံရသလို ခံစားနေရတာလဲ"
ဝေဟုန်ဒီ ၏ ဆိုလိုရင်းမှာ ချူကလန်၏ အရေးပါသူတစ်ယောက်က ဤကိစ္စကိုဆွေးနွေးရန် ဝေတပေါင်း နှင့် သွားရောက် တွေ့ဆုံစေလိုခြင်းဖြစ်သည်။ဝေဟုန်ဒီ ပြုံးလိုက်သည်။ "ဝေဆောင်နဲ့ ရင်းနှီးတဲ့အတွက်ကြောင့် ငါလည်း ရင်းရင်းနှီးနှီးပြောလိုက်တာပါ။ ညီနောင်ဇူ ကို တစ်နည်းနည်းနဲ့ အပြစ်လုပ်မိတာရှိရင် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
ဇူအန် ပြောလိုက်သည်။ "ငါ့ကို နည်းနည်းလေး ပိုပြောပြလို့ရမလား။ မဟုတ်ရင် ချူကလန်ကို ပြန်သွားတဲ့အခါ ကျန်တဲ့သူတွေကို ဘယ်လိုပြောပြလို့ရမလဲ"
အနည်းငယ်တွန့်ဆုတ်ပြီးနောက် ဝေဟုန်ဒီ ပြောလိုက်သည်။ "ချူကလန်က ငွေကြေးအထောက်အပံ လိုအပ်တယ်လို့ ငါတို့ကြားမိတယ်။ ငါတို့တွေက အဲ့ဒီအပိုင်းမှာ အကူအညီတစ်ချို့ပေးနိုင်တယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ငါလည်းမသိဘူး"
ဇူအန် တုန်လှုပ်သွားသည်။ ဒီလူတွေက ပွဲတော်တည်ဖို့ ကြိုးစားနေတာလား။
ဝေကလန်မှာ လပြည့်မြို့တွင် သိုသိုသိပ်သိပ် အမြဲနေခဲ့သည်။ သူတို့၏ ကလန်ရင်းမှာ နန်းမြို့တော်တွင်ရှိသည်ဟု လူတိုင်းသိကြပြီး တော်ဝင်နန်းတော် နှင့်တောင် ဆက်သွယ်နိုင်သည်ကို သိကြသော်လည်း ထိုမျှသာဖြစ်သည်။