Chapter 238: မြင်ရင်နားလည်လိမ့်မယ်
"အထက်တန်းစား ပြည့်တန်ဆာ စုဝေးပွဲလား" ဇူအန် မျက်လုံးလက်သွားသည်။ ဒီလို အနုပညာပဲ ရောင်းပြီး ခန္ဓာကိုယ်မရောင်းတဲ့ သူမျိုး ရှေးခေတ်ဇာတ်လမ်းများနှင့် ဝတ္ထုများတွင် ပါနေကျမဟုတ်လော။ သူချက်ချင်း စိတ်ဝင်စားသွားသည်။
ဒီလိုကိစ္စတွေ ကိုယ်တိုင်ကြုံရလိမ့်မည်ဟု မထင်ထားပေ။ သူချက်ချင်း သဘောတူလိုက်ချင်သော်လည်း အတွေးတစ်ခု ချက်ချင်းဝင်လာသည်။ ခေါင်းယမ်းကာ ပြောလိုက်သည်။
"ငါ့ရဲ့ ဖြူစင်ပြီး ဖြောင့်မတ်တဲ့ရုပ်ကို တစ်ချက်ကြည့်ဦး။ ငါက အပျော်မယ်ဂေဟာကို သွားမယ့်ရုပ်လား"ချူယွဲ့ရှန် ပြောစရာ မရှိတော့ပေ။
အပြုံးလွန်၍ အစင်းလိုက်ဖြစ်နေသော မျက်လုံးများ ပြူးကျယ်သွားသည်။ ဒီကောင်တော့...မင်းက အဲ့လို လူစားပဲလေ။ဘေးတွင် အသာရပ်နေသော မျက်နှာထားတည်သည့် ချူဟုန်ခိုင် တောင် အံ့သြတကြီး လှည့်ကြည့်လာသည်။ သူ့ရှေ့က လူက အင်မတန်မှ မျက်နှာပြောင်လေသည်။
ဇူအန် စိတ်ထဲမှ လှောင်လိုက်သည်။ သူ ချူအိမ်ကိုရောက်တာ မကြာသေးသော်လည်း သူစိမ်းတစ်ယောက်လည်း မဟုတ်တော့ပေ။ဒီတစ်ချိန်လုံး ဘယ်အိမ်တော်ခွဲမှ သူနှင့် ပတ်သက်ရန် မကြံကြပေ။ အခုတော့ ရုတ်တရက်ကြီး ပွဲသွားဖို့ လာခေါ်တယ်လား။ ဒါက ဘယ်လိုလုပ် သံသယဖြစ်စရာ ကောင်းလိုက်လဲ။ သူတို့နဲ့ သွားလိုက်လို့ ပြီးမှ ချင်ဝမ်ယွီနှင့် ချူချူယန်ဆီ ပြန်ချောက်တွန်းရင် သူတို့ဒေါသကြောင့် ဇူအန် သေပေလိမ့်မည်။
ချူယွဲ့ရှန် မျက်လုံးများ တွန့်လာသည်။ ဇူအန်အတွေးများကို ခန့်မှန်းမိသလို ဆက်ပြောသည်။
"အားဇူ မင်းကအတွေးလွန်နေတာပါ။ အပျော်မယ်ဂဟာသွားတာက ငါတို့ ကျိုးပြည်မှာ အမျိုးမြတ်ပြီး အဆင့်အတန်းရှိတယ်။ မင်းဘယ်မိန်းမကိုမှ အိမ်ကိုပြန်မခေါ်လာသရွေ့ ဘယ်သူကမှ ရေးကြီးခွင်ကျယ်လုပ်မှာမဟုတ်ဘူး။ ဝမ်းကွဲအစ်မလည်း အဲ့လိုပဲ""အဲ့တာ ဟုတ်တယ်" ချူဟုန်ခိုင်လည်း အသာဝင်၍ အတည်ပြုလိုက်သည်။