Chapter 333: ရှေ့တိုးလိုက်ခြင်း
"အခုထွက်သွားဖို့လည်း အတော်ခက်လိမ့်မယ်" ဖေးမြန့်မုန် စကားသံက ဇူအန်နားဘေးက ကပ်လျက် ထွက်လာသည်။
ဇူအန် လန့်၍ ထခုန်မိသည်။
"အဲ့လောက်မြန်မြန် အဝတ် ဝတ်ပြီးတာလား"ဖေးမြန့်မုန် အပြုံးက ဆွဲဆောင်မှု အပြည့်ပင်။
"ကျွန်မက အဝတ်ချွတ်တဲ့နေရာမှာ ပိုတောင်မြန်သေးတယ်။ ရှင်မတွေ့လိုက်ဘူးလား"ဇူအန် ဘာမှပြန်မပြောနိုင်တော့ပေ။
"မင်းငါ့ကို မြှူဆွယ်ဖို့ကြိုးစားနေတယ်လို့ အိမ်ရောက်ရင် ငါ့မိန်းမကို တိုင်ပြောမှာနော်"ဖေးမြန့်မုန် ဇူအန်ပုခုံးပေါ် လက်ထောက်ကာ အပြုံးဖြင့် ပြောလာသည်။
"သွားပြောလိုက်လေ။ ချူချူယန် ဘယ်သူ့ကိုပိုယုံလဲ ကြည့်ရအောင်။ ရှင့်ကိုလား ကျွန်မကိုလားလို့"ထိုစကားကြောင့် ဇူအန် အနည်းငယ် မနာလိုသွားသည်။
သူ့ဂုဏ်သတင်းကို သူကတော့ B အဆင့်ပေးထားသည်။ သို့သော် လူတိုင်းကတော့ ဖေးမြန့်မုန်ကိုပဲ ယုံကြလိမ့်မည်။
"မင်းချွတ်ချင်ရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် လုပ်လိုက်လေ" ဇူအန် အားနည်းမှုမပြချင်၍ ပြန်ပြောလိုက်သည်။ဖေးမြန့်မုန် နှုတ်ခေါင်းရှုံ၍ လက်ဖယ်သွားသည်။
"ကျွန်မက ရှင့်ကို ချူယန်အစား စမ်းသပ်ကြည့်ရုံပါ။ ဖီး..နောက်ထပ် ငပွေးတစ်ယောက်ပဲ"ဇူအန် သူမ၏ လှပချိုမြိန်သော မျက်နှာကိုကြည့်လိုက်သည်။
ဒါက တကယ့်ကို ပြဿနာရှာတတ်တဲ့ မိစ္ဆာပေါက်စလေးပဲ...မဟုတ်သေးပါဘူး... နေဦး.. ဒါက မိစ္ဆာအကြီးစားပဲ။သူတို့နှစ်ဦး အချိန်တစ်ခုကြာအောင် စနောက်နေပြီးမှ အဓိကကိစ္စကို ပြန်ရောက်သွားသည်။
အပြင်မှ ပြေးလွှားနေသော လူရိပ်များစွာကိုကြည့်ကာ ဖေးမြန့်မုန် စိုးရိမ်လာသည်။
"ကျွန်မ ဒဏ်ရာမရထားဖူးဆိုရင်တော့ ကျွန်မ လွတ်အောင် ပြေးနိုင်မှာ။ ဒါပေမဲ့ အခုတော့...."စကားကိုဆုံးအောင် မပြောလိုက်သော်လည်း အဓိပ္ပာယ်က သိသာလွန်းသည်။ သူတို့သာ ဟိုဆန်းကြယ်သောပညာရှင်၏ အာရုံစိုက်မှုကို ခံလိုက်ရလျှင် နှစ်ယောက်လုံး သေပေလိမ့်မည်။