Chapter 269: ကပ်စားတာ မကောင်းဘူးလို့ ဘယ်ကောင်ပြောလဲ
ကျောင်းရှန်းဟူနှင့်အခြားအစောင့်နှစ်ယောက်က ဇူအန်ကို ရထားလုံးဖြင့် သွားရန် အကြံပြုသည်။ ဇူအန်သာ အလုံပိတ်ရထားလုံးထဲတွင်ဆိုပါက ဘယ်သူမှ မှတ်မိမည်မဟုတ်ပေ။ ဒါက ကာကွယ်မှုနောက်တစ်လွှာဖြစ်ပေမည်။
ဇူအန် ဒီအကြံကို ငြင်းပယ်သည်။ ထိုသို့လုပ်လိုက်ပါက ဇူအန်မြင်ကွင်း ကွယ်သွားမည်ဖြစ်ပြီး အန္တရာယ်ကို ကြိုမြင်နိုင်မည် မဟုတ်တော့ပေ။
ဒါက အသက်ဘေးမို့လို့ ရန်သူ့လက်ထဲ ဆုံးဖြတ်ချက် မပေးခြင်းပင်။ဇူအန်လာနေပြီဟု တစ်လောကလုံးကိုကြေညာနေသလို မောက်မာစွာ မြင်းစီးနေသည်။ သူ့အစောင့် ၃ယောက်ကတော့ ဆွံ့အလို့ပင်။ သို့သော် ဒီအထိရောက်လာမှတော့ မတတ်နိုင်ဘဲ ဘာမှမကြုံပါစေနှင့်ဟု ဆုတောင်းရန်သာ ကျန်တော့သည်။
အဝေးမှ စျေးသည်တစ်ယောက်က ခိုတစ်ကောင်လွှတ်လိုက်သည်။
အချိန်ခဏကြာသော် ထိုခိုက အိမ်ဝန်းတစ်ခုထဲ နားလိုက်ပြီး ဆံပင်အနီရောင်လူတစ်ယောက်က ခိုခြေထောက်မှ စာကို ဖြုတ်ယူလိုက်သည်။ ဝှက်စာကိုဖတ်ရင်း မျက်မှောင်ကြုံ့ကာ
"သူက ဒီလောက်မြန်မြန် ထွက်လာတယ်ပေါ့။ ပြီးတော့ အစောင့် ၃ယောက်တည်းနဲ့"သူ့ဘေးက နောက်လိုက်တစ်ဦးက စိတ်လှုပ်ရှားစွာ ပြောလာသည်။
"ဒီကလေးက တကယ်သေချင်နေတာပဲ။ ဒါက အခွင့်ကောင်းပဲ။ အခုပဲ သူ့ကိုသတ်ပြီး ဒုတိယခေါင်းဆောင်အတွက် လက်စားချေကြစို့"ချန်ရွှမ်း ချက်ချင်းပြန်အော်လိုက်သည်။
"ငါဘာပြောထားလဲ သတိရစမ်း။ ရန်သူကို ဘယ်တော့မှ လျှော့မတွက်နဲ့။ ဒါမှ မင်းအသက်ကြာကြာရှင်နိုင်မှာ။ ဒီမျိုးမစစ်ဇူအန်က မက်မွန်ပွင့်ဂိုဏ်းကိုဖြိုပြီး မင်းတို့ ဒုတိယခေါင်းဆောင်ကိုတောင် သတ်နိုင်ခဲ့တာ။ သူ့ကို ငတုံးလို့ ထင်နေလား"ထိုနောက်လိုက်က ခေါင်းယမ်းလိုက်သည်။
"ကျွန်တော် မထင်ပါဘူး""အဲ့လိုမှ ဟုတ်သေး" ချန်ရွှမ်း နှာမှုတ်လိုက်သည်။
"ငါ့အမြင်တော့ ဒါက ငါ့ကိုဆွဲထုတ်ဖို့ ထောင်ချောက်ဖြစ်ရမယ်"