Chapter 375: ဂယောက်ဂယက်
ဇူအန် ပျော်သွားသည်။ သူမ၏ လက်ကို လှမ်းကိုင်ကာ မေးလိုက်သည်။ “အဲ့ဒါဘာများလဲ”
ကျီရှောင်ချီ လည်း သိချင်သွားသည်။ အမှန်တကယ်တွင် သူမ၏ အဒေါ်က ဆေးပညာအသိ သိပ်မရှိပေ။ ချင်ဝမ်ယွီ၏အခြေအနေကို သူမ နှင့် သူမအဖေ တောင် ဘာမှမတတ်နိုင်ပေ။ သူမ က မည်သည့်နည်းလမ်းကို အကြံပေးလိမ့်မည်နည်း။
ကျန်းလော့ဖူက ဇူအန်၏ လက်ကို အေးစက်စွာ ကြည့်လိုက်သည်။
ဇူအန် က လက်လွှတ်လိုက်သည်။ “ခွင့်လွှတ်…ခွင့်လွှတ်…စိတ်ဖိစီးနေလို့”
ကျန်းလော့ဖူ ဆက်ပြောလိုက်သည်။ “ကံမကောင်းတာက ဒီနည်းကို ငါ ပြောပြရင်တောင် သုံးလို့မရဘူး”
“ဘယ်လို သုံးလို့မရတာလဲ။ ကျေးဇူးပြုပြီးတော့ ပြောပြပါလား။ ကျွန်မတို့ အတူတူပူးပေါင်းရင် အဖြေတစ်ခုတော့ ထွက်လာမှာပါ” ကျီရှောင်ချီ ပျာပျာယာယာပြောလိုက်သည်။ ဆေးပညာကို အလွန်စိတ်ဝင်စားသူ ပီပီ ကုသနည်းအသစ်အဆန်းများ ကို အမြဲတစေ လေ့လာချင်ခဲ့သည်။ သူမသည် ကြင်နာတတ်သူဖြစ်ရုံသာမက ချင်ဝမ်ယွီ ပြန်ကောင်းရန်အတွက် မျှော်လင့်ချင်နေသည်။
ကျန်းလော့ဖူ တွန့်ဆုတ်နေသည်။ အဆုံးတွင် သူမ ပြောလိုက်သည်။ “ရှေးဟောင်းမှတ်တမ်းတစ်ခု မှာ ဖတ်ဖူးထားတာရှိတယ်။ အကြည်ရောင်အရည်အသွေး ရှိတဲ့သူတွေက ကမ္ဘာဦးမူလသိုင်းကျမ်း ကို ကျင့်ကြံထားရင် အခြားသူတွေကို အသက်ပြန်ရှင်အောင်လုပ်ပေးနိုင်တဲ့ စွမ်းရည်ရှိတယ်တဲ့”
“အကြည်ရောင်အရည်အသွေးလား” ကျီရှောင်ချီ တွေဝေသွားသည်။ နှစ်ရာချီသည့်တိုင်အောင် အကြည်ရောင်သွေးရှိသူ ဟူ၍မရှိခဲ့ပေ။ ၎င်းသည် အလွန်ရှားပါးလှသဖြင့် ထို အကြည်ရောင်အရည်အသွေး မှာ ဒဏ္ဍာရီတစ်ခု သာဖြစ်သည်ဟု လူတိုင်း စတင်ယုံကြည်လာကြသည်။
ထို ကမ္ဘာဦးမူလသိုင်းကျမ်း ဆိုလျှင် တစ်ခါမျှ မကြားဖူးပေ။ ထို့ကြောင့် သူမ၏ အဒေါ်ဖြစ်သူက ပြောပြလည်း မထူးဟု ပြောခဲ့ခြင်းဖြစ်သည်။ကျန်းလော့ဖူက ဇူအန်ကို တစ်ချက်ကြည့်လိုက်သည်။ ဇူအန်က အကြည်ရောင်အရည်အသွေးကို ပိုင်ဆိုင်ထားသည်ကို သူမသိသည်။ သို့သော် ကမ္ဘာဦးမူလသိုင်းကျမ်းအကြောင်း ဘယ်တုန်းကမှ သတင်းမရဖူးချေ။ ထို့ကြောင့် ထိုသတင်းအချက်အလက်မှာ အသုံးမဝင်ဟုပြောခြင်းဖြစ်သည်။