Chapter 256: သစ္စာဖောက်ခြင်း
“မင်းတို့တွေက ဘယ်သူတွေလဲ။ ငါတို့ အနက်ရောင်လေခံတပ် ကိစ္စမှာ တကယ်လာစွက်ဖက်ရဲကြတယ်ပေါ့” ကုယွဲ့ယီ သည် ကြမ်းပြင်ပေါ်မှ ဖရိုဖရဲဖြင့် ထလာပြီး သူ့နှုတ်ခမ်းဖျားက သွေးများကို သုတ်လိုက်သည်။
ထိုတခဏရင်ဆိုင်မှုမှတစ်ဆင့် တဖက်လူ၏ ကျင့်ကြံခြင်းအဆင့်သည် သူ့ထက် အများကြီးပိုမြင့်နေကြောင်း သူ ကောင်းကောင်းသိလိုက်သည်။ သူ့တွင် ကျန်နေသည့် တစ်ခုတည်းသော အခွင့်အရေးသည် အနက်ရောင်လေခံတပ် နာမည်ကို ဖြီးဖြန်းထုတ်ပြောပြီး တဖက်အဖွဲ့ ကြောက်လန့်သွားအောင် မျှော်လင့်ဖို့ပင်ဖြစ်သည်။
“အနက်ရောင်လေခံတပ်” ဆံပင်နီယောကျာ်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့ပတ်ပတ်လည်ရှိ ရဲဘော်ရဲဘက် သူ့ညီအစ်ကိုများကို လိုက်ကြည့်ပြီး တဟားဟားရယ်ချလိုက်သည်။ “ဒီနေ့ ငါ နားကြားမှားတာမျိုးတော့ မဟုတ်ပါဘူးနော်။ ခုနတုန်းက သူ အနက်ရောင်လေခံတပ် လို့ ပြောလိုက်တာလား”
တခြားသူများကလည်း သူနှင့်အတူ လိုက်ဟားကြသည်။ သူတို့မျက်လုံးများသည် လှောင်ပြောင်မှု၊ သနားမှုများနှင့် ပြည့်နှက်နေသည်။ကုယွဲ့ယီ သူ့စိတ်ထဲမှ ဆဲရေးလိုက်သည်။ သို့သော် ပြဿနာက ဘာလဲဆိုသည်ကို သူ သဘောမပေါက်နိုင်သေးပါ။
ဇူအန် ခေါင်းတရမ်းရမ်း ခါလိုက်သည်။ လူလိမ်တွေ ဒီလောက်ဆိုးဆိုးရွားရွား အမှားလုပ်မိတာကို မျက်မြင်တွေ့ရတာ တကယ်ရှက်ဖို့ကောင်းတာပဲ။
ဆံပင်နီယောကျာ်းသည် အခြားသူမဟုတ်ဘဲ အင်မော်တယ်ဗိမ္မာန်တွင် သူတို့ တွေ့ခဲ့သည့် ချန်ရွှမ်း ပင်ဖြစ်သည်။
သူ့ဘေးက ရှို့ဟုန်လေ ကို သူ မသိမသာ ခိုးကြည့်လိုက်သည်။ သူမသည် စိုးရိမ်တုန်လှုပ်သွားသည့်ဟန် လုပ်နေသော်လည်း သူမ၏စိတ်သည် အလွန်အမင်း တည်ငြိမ်နေဆဲဖြစ်သည်။ချန်ရွှမ်း သူတို့ဘက်သို့ ပြန်ကြည့်လာပြီး အေးစက်စက်ပြောလာခဲ့သည်။ “အနက်ရောင်လေခံတပ်ရဲ့ ဂုဏ်သိက္ခာက အခုနောက်ပိုင်း ဘာလို့ကျဆင်းနေတာလဲဆိုပြီး ငါ အံ့သြနေခဲ့တာ။ လက်စသတ်တော့ မင်းတို့ကောင်တွေက ငါတို့လိုဟန်ဆောင်ပြီး ငါတို့ဂုဏ်သိက္ခာကို ဖျက်ဆီးနေကြတာကိုး”