Chapter 397: တစ်ဖက်ခြမ်း
ဇူအန် အတွေးများရုတ်သိမ်း၍ အကုန်လုံးကို ထည့်လိုက်ပြီး လောင်မိုင်နှင့်ဝေတန်ကို မြေမြှပ်ရန် ဆက်လုပ်လိုက်သည်။ ဇူအန်က သားရဲများ မဖော်နိုင်ရန် တွင်းနက်နက်ပင် တူးလိုက်သေးသည်။ ထို့နောက် မြေဖို့လိုက်သည်။
ဝူတိကို အလားတူ လုပ်ပေရန်စေတနာမရှိသော်လည်း စာအုပ်နှစ်အုပ်မျက်နှာကြောင့် မြေမြှပ်ပေးလိုက်သည်။
ဒါပေါ့ သူ့ကို အကြီးအကဲနှစ်ယောက်ဘေးတွင် မြှပ်ရန် မဖြစ်နိုင်ပေ။ ငမွဲက အလောင်းဖြစ်လျှင်တောင် ငမွဲနှင့်တန်တာသာ ရပေလိမ့်မည်။ဒါတွေ အားလုံး ပြီးမြောက်ပြီးမှ ဇူအန် လပြည့်မြို့ပြန်ရန် ပြင်လိုက်သည်။
လောင်မိုင်အတွက် ဘယ်ဆီနေမှန်းမသိသော ဒီနေရာကိုရောက်ရန် အချိန်ဘယ်လောက်မှ မကြာသော်လည်း ဇူအန်အတွက်ကတော့ အပြန်ခရီးအတွက် အားကိုးရန် ခြေနှစ်ချောင်းသာ ရှိလေသည်။တောနက်အတွင်း ကျက်စားနေသော ရက်ရက်စက်စက် သားရိုင်းများအပြင် များပြားလှသော သစ်ပင်များကပင် လမ်းကြောင်းဖော်ရန် မလွယ်လှပေ။
ကံကောင်းစွာ ဇူအန်အဆင့် တက်ထားပြီး လက်ထဲတွင်လည်း ဝှက်ဖဲပေါင်းစုံရှိနေသည်။ နဂါးဝှက်တောင်တွင်းရှိ အန္တရာယ်များသော အနီရောင်နဂါးကလည်း သေပြီဖြစ်၍ ဇူအန် သတိထားပါက ပြဿနာကြီးကြီးမားမား မရှိနိုင်ပေ။နောက်တစ်ရက်နေသော် ဇူအန် ချူအိမ်ကို ပြန်ရောက်လာလေသည်။
"ဟမ် ဘယ်လိုလုပ် လူဒီလောက် နည်းနေတာလဲ" ဇူအန် အံ့သြသွားသည်။
အိမ်တော် အဝင်ဝကလည်း ပွင့်နေသည်။
တစ်ခုခု ဖြစ်လို့လား။အိမ်တော်ထဲသို့ အံ့သြစွာ ပြေးဝင်ကြည့်ရာ တစ်ယောက်ယောက်နှင့် ဝင်တိုက်မိလေသည်။ ထိုလူက ချန်ရှို့ပင်း ပင်။
"သ..သခင်..သခင်လေးလား"
ချန်ရှို့ပင်း မျက်လုံးပွတ်လိုက်ပြီး မယုံနိုင်စွာ ငိုကြွေးမိလိုက်သည်။"ဘာလဲ။ ငါဘယ်သူလဲဆိုတာ ဒီလောက်မြန်မြန် မေ့သွားတာလား" ရင်းနှီးသောမျက်နှာကိုမြင်လိုက်ရသော် ဇူအန် စိတ်ပေါ့သွားရသည်။