Chapter 245: ရင်ကွဲပုံပြင်
ဒုတိယထပ်မှာ တံခါးပွင့်လာပြီး ပုလဲလိုက်ကာနောက်မှ ဖြူစင်၀င်းမွတ် ပြီး တင့်တယ်သော ပုံရိပ်ထွက်လာသည်။
မျက်နှာကို ပုဝါဖြင့်ကာထားသော်လည်း ဝိုးတဝါးမြင်နေရသော လှပမှုက မြင်သူတိုင်းကို စိတ်ကူးယဉ်မိစေသည်။ခန်းမအတွင်း ထူးဆန်းသော ငြိမ်သက်မှုတစ်ခု ကျရာက်လာသည်။
ဒီလို ပွဲမျိုးကို မကြာခဏ လည်ပတ်သူများသည် အလှမျိုးစုံကို တွေ့ဖူးပြီးသားဖြစ်သည်။ သို့သော် သူတို့ရှေ့က မိန်းကလေးကတော့ ကွာခြားလေသည်။ရိုးရှင်းပြီး တင့်တယ်သော မျက်ခုံးအောက်တွင် ကြည်လင်၍ ဆန်းကြယ်သော မျက်လုံးတစ်စုံ ရှိနေသည်။ မြင်သူတိုင်းကို မင်သက်စေပြီး ကာကွယ်လိုစိတ် အပြည့်ဖြစ်ပေါ်လာစေသည်။
နှုတ်ခမ်းနုနယ်တွင် နူးညံ့၍ လှပသော အပြုံးတစ်ခု ရှိသည်။ အရုဏ်ဦးနှင်းစက်လို တောက်ပနေပြီး မြင်သူတိုင်းကို အာခြောက်စေသည်။
သူမအကြည့်ကို လက်ခံလိုက်ရသူတိုင်း သူ့မျက်လုံးထဲတွင် တစ်ယောက်တည်းသာပိုင်စိုးနေသလို ထင်ယောင်ထင်မှားဖြစ်စေသည်။ဒီအတွေးများက အင်မော်တယ်ဗိမ္မာန်မှ သက်ကြီးရွယ်အိုအစ အရွယ်မရောက်သေးသူ အဆုံး အကုန်လုံးတွင် စိုးမိုးနေပြီး အသက်ရှူသံများ မြန်လာကြသည်။
"ဂွတ်"
“ဂွပ်”
အင်မော်တယ်ဗိမ္မာန်အတွင်း တံထွေးမြိုချသံများ ပြည့်နေပြီး ဘယ်သူစတင်လိုက်မှန်းတောင် မသိတော့ပေ။အဖိတ်ခံရသူတိုင်းက လပြည့်မြို့၏ ဂုဏ်သရေရှိလူများပင်။ ဒီလို အပြုအမူမျိုးက သူတို့ကို မျက်နှာပူစေသော်လည်း ဘယ်သူမှ မသင့်တော်ဘူးလို့ မတွေးမိကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဒီလိုမိန်းမလှတစ်ယောက်ကို တွေ့ချိန်တွင် လုံးဝပုံမှန်သော တုံ့ပြန်မှုဟု ထင်လိုက်သည်။
ဘယ်လိုတောင် အားကောင်းလိုက်တဲ့ ညှို့နိုင်စွမ်းလဲ။
အခန်းတံခါးပိတ်ထားသော ဒုတိယထပ်သီးသန့်ခန်းမှ စောင့်ကြည့်ကာ ဖေးမြန့်မုန် ကောက်ချက်ချလိုက်သည်။ ဒီနယ်ပယ်တွင် ကျွမ်းကျင်သော မိန်းမတစ်ယောက်အနေဖြင့် သူမကို သက်ရောက်မှု သိပ်မရှိပေ။