Chapter 221: သမီးဆိုး
ပေါင်းယွဲ့လု ပြုံးရင်း မေးလိုက်သည်။ “လက်စသတ်တော့ သခင်လေးကလည်း ဆေးပညာအကြောင်း အနည်းအကျဉ်း သိထားနေခဲ့တာကိုး။ ဘယ်နတ်ဆေးဆရာလက်အောက်မှာ သင်ယူခဲ့တာလဲဆိုတာ ကျွန်တော် သိခွင့်ရှိမလား”
ပြုံးနေသော်လည်း သူ့အသံနေအသံထားက ဇူအန်အပေါ် သူ အထင်သေးစက်ဆုပ်ရွံရှာကြောင်း ဖော်ပြနေသည်။ဇူအန် ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။ “ကျုပ်မှာ ဆရာအဖြစ် တင်စားပြီး သင်ပေးတဲ့ နတ်ဆေးဆရာ တစ်ယောက်မှ မရှိဘူး”
မိန်လိက ချက်ချင်းပင် သူ့စိတ်ထဲ၌ ချေပလိုက်သည်။ “ဒါဆို ငါကရော ဘာလဲ”
“ခင်ဗျားက ကျုပ်ရဲ့ လှပတင့်တယ်တဲ့ အစ်မတော် မိဘုရားကြီးလေ၊ ဆရာ မဟုတ်ဘူး” ဇူအန် ပြန်ပြောလိုက်သည်။
“အဲ့လိုလား” မိန်လိ နှာမှုတ်ပြီး ပြောလိုက်သည်။ ဇူအန် သူမမျက်နှာအမူအရာကို မမြင်နိုင်သော်လည်း အူမြူးစွာဖြင့် သူမနှုတ်ခမ်းများ ကွေးညွတ်သွားမယ်ဖြစ်ကြောင်း သူ အတပ်ပြောနိုင်သည်။
ထိုစဉ် ချင်ဝမ်ယွီသည် ဇူအန် ဝင်စွက်ဖက်လာသည့်အချိန်ကတည်းက မပျော်မရွှင် ဖြစ်နေခဲ့ပြီးဖြစ်သည်။ နောက်ထပ်သည်းမခံနိုင်တော့သဖြင့် ဒေါသတကြီးနှင့် ပြောလိုက်သည်။ “မင်း ဘာမှမသိဘူးဆိုလည်း ဘေးဖယ်နေပြီး ပါးစပ်ပိတ်ထားလိုက်စမ်းပါ။ ဒီမှာ ငါတို့အချိန်ကို လာဖြုန်းမနေနဲ့။ ကျုန်းထန် ရှင် အိမ်နီးချင်းမြို့ကို မြန်မြန်သွားပြီး ကျီတန်ထုကို သွားရှာသင့်တယ်။ ရှင် ဘာပဲလုပ်ရလုပ်ရ သူ့ကို ခေါ်လာခဲ့ရမယ်”
“စိတ်မပူပါနဲ့။ ဒီမှာ ကိုယ်တို့သမီးအသက်က အသည်းအသန်ဖြစ်နေတာ။ သူ့ကို အရှက်ကင်းမဲ့စွာနဲ့ တောင်းဆိုရမယ်ဆိုရင်တောင် သူ့ကို သေချာပေါက် ခေါ်လာခဲ့မယ်။ ဒါဆို ဒီက အိမ်တွင်းရေးကိစ္စတွေကို မင်းဆီ အပ်ထားလိုက်မယ်” ချူကျုန်းထန် စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။
ထို့နောက် တစ်စက်လေးမျှ မတုံ့ဆိုင်းတော့ဘဲ အခန်းထဲမှ လှစ်ခနဲ ထွက်သွားပြီး သိပ်မကြာခင်တွင် ညအမှောင်ထုထဲ ပျောက်ကွယ်သွားသည်။