Chapter 232: သိမ်မွေ့မှုအချို့
ဇူအန် သူမစကားများကို သံသယမဝင်ပါ။ မည်သို့ဆိုဆို မိန်လိ၏ အင်အားကြီးအော်ရာ နှင့် မြေအောက်နန်းဆောင်တုန်းက သူမ၏ ပြိုင်ဘက်ကင်းမှုက သူ့ကို နက်နက်ရှိုင်းရှိုင်း အထင်ကြီးသွားစေခဲ့သည်။ သူ့အမြင်၌ သူမ ပြောလိုက်သည့် အရာသည် ကျိုးကြောင်းဆီလျော်နေသည်။
"ကျုပ် ထပ်ကြိုးစားကြည့်မယ်"
သူ၏ ယှဉ်ပြိုင်လိုစိတ်ပြင်းထန်သော စရိုက်၏ လှုံ့ဆော်မှုကြောင့် ယင်းရွေ့လျားမှုပညာကို ထပ်ပြီး စတင်လေ့ကျင့်လိုက်သည်။အကြိမ်အများကြီးကြိုးစားလိုက်ပြီးနောက် သုံးခုမြောက် ကိုယ်ပွား ပေါ်လာရန် သူ လုပ်နိုင်လုနီးဖြစ်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူ အောင်မြင်တော့မယ့်ဆဲဆဲတွင် သူ့စွမ်းအားများသည် ကစဉ့်ကလျားဖြစ်သွားပြီး သူ့ကိုယ်သူ ခြေလိမ်သွားစေ၍ ဆိုးဆိုးရွားရွား လဲကျသွားစေသည်။
နောက်ဆုံးတစ်ခေါက် ကြိုးစားပြီး မအောင်မြင်သည့်နောက် သက်ပြင်းအရှည်ကြီးချရင်း မတ်တပ်ထရပ်လိုက်သည်။ "ကြည့်ရတာ ကျုပ် အစ်မတော်မိဖုရားကြီးကို လုံးဝ မယှဉ်နိုင်ဘူးထင်တယ်။ ကျုပ် အစ်မတော်လို ဖြစ်ချင်ပြီး ကိုယ်ပွားလေးခု ဖန်တီးချင်ရင် အပြင်းအထန် လေ့ကျင့်ရမှာပဲ"
"အမှန်အတိုင်းပြောရရင် မင်း လုပ်နိုင်တာက အတော်လေးကောင်းနေပါပြီ။ စိတ်ထက်သန်စွာနဲ့ လေ့ကျင့်နေလိုက်ရင် ဖြည်းဖြည်းချင်း မင်း တိုးတက်လာမှာပါ" မိန်လိသည် ပညာရှိအထက်လူကြီးတစ်ယောက်လိုမျိုး သူ့ကို နှစ်သိမ့်အားပေးလိုက်သည်။ သို့သော် စိတ်ထဲတွင်မူ သူမ အတော်လေး တုန်လှုပ်နေပြီဖြစ်သည်။
အကြည်ရောင်အဆင့်သည် ၎င်း၏ ဒဏ္ဍာရီလာ ဂုဏ်ကျော်ဇောမှုနှင့် တကယ်ထိုက်တန်ပါပေသည်။ သူ့သွေးကီမှာ သာမာန်ထက်ထူးခြားတဲ့ အကျိုးအာနိသင်ရှိရုံမက သာမာန်လူတွေထက် ပိုပြီး မြန်မြန် ထိုးထွင်းတတ်မြောက်နိုင်သည်။
သူမ၏ ကိုယ်ပိုင်အဆင့်ကပင် အခြားသူများထက် သာလွန်နေပြီဖြစ်သည်။ ထိုစဉ်တုန်းက တစ်လလောက် လေ့ကျင့်လိုက်ပြီးနောက် ကိုယ်ပွားနှစ်ခု ထုတ်လုပ်နိုင်မှုက လူအများအပြားကို ဆွံ့အမှင်သက်သွားစေခဲ့ပြီးဖြစ်သည်။ သို့သော်ငြားလည်း ဤလူထူးဆန်းကမူ သူမ၏ ရှင်းပြချက် တစ်ခါ နားထောင်လိုက်ရုံနှင့် တကယ်အောင်မြင်သွားနိုင်ခဲ့သည်။