Chapter 235: သံသယဖြစ်လာခြင်း
"မဖြစ်နိုင်ဘူး" ရှီခွန်း ခေါင်းယမ်းလိုက်သည်။
"မနေ့ညတုန်းကပဲ ချူကျုန်းထန် မြို့ပြင်ထွက်သွားတဲ့ သတင်းရတယ်။ ချူအိမ်မှာ သူကလွဲရင် အကြီးအကဲရှီရဲ့ ပြိုင်ဘက်မရှိဘူး"
"အကြီးအကဲရှီက အဆင့် ၈ကျင့်ကြံသူ တစ်ယောက်။ ချူကျုန်းထန် နဲ့ ရင်ဆိုင်ရရင်တောင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တယ်။ ဘယ်လိုလုပ် ချူအိမ်က တစ်စုံတစ်ယောက် လက်ချက်ကြောင့် တိတ်တိတ်လေး သေသွားနိုင်မလဲ"ပြန်းထိုင် မှတ်ချက်ချလိုက်သည်။
"ဒါပေမဲ့ သိပ်ပြီး တိုက်ဆိုင်လွန်းနေတယ်။ အကြီးအကဲရှိ မနေ့က ပျောက်သွားပြီး ချူအိမ်မှာလည်း ကျူးကျော်သူတစ်ယောက် ဝင်တယ်။ အဲ့တာအပြင် ချူအိမ်အပြင်ဘက်က ကင်းထောက်အားလုံးနဲ့ အဆက်အသွယ်ပြတ်သွားတယ်လေ"ဒီတစ်ကြိမ် ရှီခွန်းကိုကာကွယ်ရန် ရှီလဲ့ဇီ အပြင် အသေးစိတ်လှသော ပြန်းထိုင် ကိုပါ ရှီအိမ်က လွှတ်လိုက်သည်။ ရှီခွန်းနဘေးတွင် သူတို့နှစ်ယောက်ရှိမှ ရှီအိမ်က စိတ်ချလေသည်။
ပြန်းထိုင် ကျင့်ကြံမှုက ရှီလဲ့ဇီထက် နိမ့်ကျသော်လည်း သူက အတော်လေး အကွက်ချနိုင်သောသူတစ်ယောက်ဖြစ်သည်။ မြေအောက်ဂူထဲက လုပ်ကြံသတ်ဖြတ်ခြင်းက သူကြံစည်ခြင်းဖြစ်ပြီး မုချ အောင်မြင်သင့်သည်။ သို့သော် ဇူအန်လို ဝှက်ဖဲပေါင်းစုံနေသောသူကို မမျှော်လင့်ထားကြပေ။
ရှီခွန်း တစ်ချက် ကြောက်စိတ်ဝင်လာသည်။
"ချူအိမ်ကို စောင့်ကြည့်နေတဲ့ လူတွေလည်း ပျောက်သွားတာလား""အမှန်ပဲ" ပြန်းထိုင် အတည်ပြုပေးပြီး ဆက်ပြောသည်။
"ကျုပ်တို့မှာ ရှိနေတဲ့ သတင်းတွေအရ ဒါက ဖြစ်နိုင်ချေအများဆုံးပဲ။"အမဲလိုက်ခံရခြင်းကနေလွတ်ဖို့ ရှောင်းရွှယ်ယင် သူနဲ့ ရင်းနှီးတဲ့ ချူအိမ်ကို အလိုလို ခိုလှုံလိုက်လိမ့်မယ်။ အကြီးအကဲရှီကလည်း သူ့နောက် လိုက်သွားမှာပဲ။ ဒါပေမဲ့ ချူကျုန်းထန် နဲ့ တိုက်ရိုက်တွေ့မှာစိုးလို့ တန်းမဝင်ရဲလောက်ဘူး"
"သူက ချူအိမ်နားက ကျုပ်တို့လူတွေနဲ့ ဆက်သွယ်ပြီး ချူကျုန်းထန် မရှိတာ သိသွားလိမ့်မယ်။ အဲ့တာကြောင့် အကြောက်တရားမရှိတော့ဘဲ အထဲကို ဆက်ဝင်ဖို့ ဆုံးဖြတ်မှာ သေချာတယ်။ စနိုးက သခင်လေးအတွက် ဘယ်လောက်အရေးပါလဲ သူသိလို့လေ"